ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် ရွေ့ပြောင်း မြန်မာအလုပ်သမားများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံကြရန် ဆရာမကြီး ဒေါက်တာ စင်သီယာမောင် နှင့် ရွှေ့ပြောင်း လုပ်သား အရေးဆောင်ရွက်သူများက တိုက်တွန်းကြသည်။
ကိုဗစ်ရောဂါ ဖြစ်ပွားမှု အရှိန်မြင့်တက်နေသည့် ထိုင်းနိုင်ငံတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ ရွှေ့ပြောင်း လုပ်သား တချို့က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရန် ပြုလုပ်ရာတွင် ငြင်းဆန်မှုများ ရှိနေသဖြင့် ယခုကဲ့သို့ တိုက်တွန်းကြခြင်း ဖြစ်သည်။
ဒေါက်တာ စင်သီယာမောင် က “ရောဂါဖြစ်ပြီဆိုလည်း ရောဂါပြင်းထန်မှုကို လျော့စေနိုင်တယ်။ ကူးစက်မှုတွေ မဖြစ်အောင် လည်း လျှော့ချပေးနိုင်တယ်။ အသေအပျောက်တွေကိုလည်း လျှော့ချနိုင်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ အလုပ်အကိုင်တွေ လည်း အမြန်ပြန်ပြီးတော့ လည်ပတ်နိုင်တာတို့၊ ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်တဲ့အတွက် အသွားအလာ ကန့်သတ်မှုတွေ အမြန်ပုံမှန်အတိုင်း လည်ပတ်နိုင်အောင် ကာကွယ်ဆေးထိုးခြင်းက အရေးကြီးတယ်” ဟု ပြောသည်။
ဒေါက်တာစင်သီယာမောင် သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အခြေစိုက်ပြီး မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ကျန်းမာရေး၊ ပညာရေးသာမက ကရင်ပြည်နယ်နှင့် တိုင်းရင်းသားဒေသများမှ ငွေကြေးချို့တဲ့သူများအတွက် အခမဲ့ ကျန်းမာရေး စောင့်လျှောက်မှုပေးနေသူဖြစ်သည်။
ကာကွယ်ဆေးထိုးရန် ငြင်းဆန်နေသည့် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များကိုလည်း နားထောင်ကြရန် လိုအပ်ကြောင်း ဆရာမကြီးက တိုက်တွန်းသည်။
မဲဆောက်အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ကလည်း “ထိုးပြီးတဲ့သူတွေ ဆီက သတင်းအချက် အလက်တွေယူပါ။ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အလယ်ပိုင်း ပတ်ဝန်းကျင်က လူတွေဆို ဒုတိယအ ကြိမ်တောင် ထိုးပြီးနေပြီ။ လက်ကလေး နည်းနည်းလောက် ၁/၂ ရက် နာကျင်ကိုက်ခဲတာ ပြီးသွားရင် ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားပြီးတော့ ကိုဗစ်နဲ့ပတ်သက်ပြီး လုံလုံခြုံခြုံ ကာကွယ်ပြီးသွားပြီ။ တစုတစည်းထဲ ခိုင်ခိုင်မာမာရှိတဲ့ ပင်စည်ကို ရှာပါ။ အကိုင်းအခက်တွေကို ယုံကြည်မနေပါနဲ့။ တရုတ်ဆေးမို့လို့ ဆိုပြီးတော့လည်း လုပ်မနေကြပါနဲ့။ ကိုဗစ်ကာ ကွယ်ဆေးကို ထိုးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဆိုသည်။
ထိုင်းနိုင်ငံ၏ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ၎င်းတို့နိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်လျက်ရှိ သည့် မည်သည့် နိုင်ငံသားမဆို ဥပဒေပုဒ်မ ၃၃ အရ ကာကွယ်ဆေး ထိုးနှံခြင်းကိစ္စအား ထိုင်းနိုင်ငံသားများနှင့် တန်းတူ အကျိုးတူခံစားခွင့် ရှိမည်ဟု ပြဋ္ဌာန်းထားသည်။
အလုပ်သမား အဖွဲ့အစည်းများ အနေဖြင့် ရွှေ့ပြောင်းလုပ်သားများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန်အတွက် နေ့စဉ် ဆော် သြနေကြရပြီး အများစုမှာ ဆေးမြီးတိုများနှင့် တိုင်းရင်းဆေးများကိုသာ ယုံကြည်နေကြကြောင်း အလုပ်သမားရေး ဆောင် ရွက်နေသူများက ပြောဆိုသည်။
ဦးမိုးကြိုးက “ဆေးမထိုးဘဲနေရင်တော့ ဆေးမြီးတိုတွေနဲ့ ကုစားနေတဲ့ အနေအထားပဲ ဖြစ်နေမယ်။ ရောဂါအတွက် လုံလောက်တဲ့၊ ယုံကြည်စိတ်ချရတဲ့ အကာအကွယ် အစီအမံ မရှိနိုင်သေးဘူး။ ဒီကာကွယ်ဆေးထိုးလိုက်မှ ကာကွယ်ပြီးသား ဖြစ်သွားမယ်။ ဆေးမြီးတိုလေးတွေက ကောက်သင်းကောက်သလို ကာကွယ်နေရတယ်။ ဟိုဟာက တစုတစည်းထဲ လုံလုံလောက်လောက် ခိုင်ခိုင်မာမာ ကာကွယ်ပြီးသားပဲ” ဟု ပြောသည်။
ထိုင်းအစိုးရက ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်းမာရေးရှုထောင့်အရ ပညာပေးမှုများ ပြုလုပ်နေသော်လည်း ၎င်းတို့ အချင်းချင်း မျှဝေသည့် သတင်းများကိုသာ ပိုမိုယုံကြည်နေကြကြောင်း၊ မှန်မှန်ကန်ကန် ပညာပေးမှုများကို လေ့လာ လိုက်စားမှု အားနည်းကြသဖြင့် ယခုလို ငြင်းဆန်မှုများ ရှိနေခြင်းဖြစ်ကြောင်း ဘန်ကောက် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောသည်။
ဦးအောင်ကျော် က “ရွှေ့ပြောင်းအလုပ်သမား ဆိုတာက တက္ကသိုလ်က ဘွဲ့တွေဒီဂရီတွေ ရယူပြီးမှ လာလုပ်ကြတဲ့သူတွေ မဟုတ်ပါဘူး။ ကျေးလက်တောရွာတွေ ကနေ ပြီးတော့ နယ်စွန်နယ်ဖျားတွေကနေ ရောက်လာကြတာ ဖြစ်တယ်။ တကယ်တမ်း မှန်မှန်ကန်ကန် ပညာပေးတာကိုလည်း လေ့လာလိုက်စားစရာ မလိုဘူး။ သူတို့အချင်းချင်း ပြန်လှန်မျှဝေတဲ့ သတင်းအချက်အလက်ကိုမှ အဓိကအားထားပြီး အဲဒီ သတင်းက အမှန်လို့ သုံးသပ်တာ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အချိန်တွင် ထိုင်းနိုင်ငံအလယ်ပိုင်း ဘန်ကောက်အနီးတဝိုက် ခရိုင် ၇ ခုအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း၊ မည်သည့် ဘေးထွက်ဆိုးကျိုးမျှ မရှိခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ငြင်းဆန်နေ သည့် ရွှေ့ပြောင်းလုပ်သား အများစုမှာ ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်းမှ ဖြစ်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ အရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှုများအား မေးမြန်းရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အလုပ်သမား သံအရာရှိများထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခြင်း မရှိပါ။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်းရှိ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံထားပြီးဖြစ်ပြီး ၎င်းတို့အနက် မြန်မာရွှေ့ပြောင်းလုပ်သား ၂၇၀၀၀ ကျော်ကို ပထမသုတ်အနေဖြင့် ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သား ၁.၁၅ သန်း ရှိပြီး တရားမဝင် ဝင်ရောက် နေထိုင်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အရေ အတွက်မှာလည်း တသန်းကျော် ရှိနေကြောင်းသိရသည်။
ထိုင်းအစိုးရ၏ ယနေ့ (သြဂုတ် ၁၇ ရက်) ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်လူနာသစ် ၂ သောင်းကျော် ရှိပြီး သေဆုံးသူ ၂၃၉ ဦး ရှိကြောင်း သိရသည်။