VOA မြန်မာပိုင်း အပါအဝင် သတင်းဌာနများတွင် စစ်ကောင်စီကို ဝေဖန်သုံးသပ်သော ဆောင်းပါးများ ရေးသားနေသူ သတင်းစာဆရာ ဦးစည်သူ အောင်မြင့် သည် အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တဦးနှင့်အတူ ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ရှိ တိုက်ခန်း တခုတွင် အဖမ်းခံခဲ့ရကြောင်း သိရသည်။
ဦးစည်သူအောင်မြင့်သည် ပြည်တွင်းပြည်ပ သတင်းဌာနများတွင် သတင်းသုံးသပ်ချက် ရုပ်သံများ ထုတ်လွှင့်ခြင်း၊ အာ ဘော်ဆောင်းပါးများ ရေးသားခြင်းတို့ကို အဓိက ပြုလုပ်သူတဦး ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီနှင့် ပတ်သက်၍ ပွင့်ပွင့် လင်းလင်း ဝေဖန်ရေးသားနေသူတဦး ဖြစ်သည်။
ရန်ကုန်မြို့ရှိ ရှေ့နေတဦး က “ဗဟန်းက ရဲအရာရှိပြောတာကတော့ စစ်တပ်က ဖမ်းတာ ဟုတ်တယ်။ စစ်ကြောရေးကို တန်းခေါ်သွားတယ်။ အမှုတည်ဆောက်ပြီးရင် ဗဟန်းရဲစခန်းမှာ အမှုလာဖွင့်မယ်ဆိုတာ အတည်ပြုပေးလိုက်တယ်” ဟု ပြောသည်။
ဦးစည်သူအောင်မြင့် ကို အာဏာသိမ်း စစ်ကောင်စီမ ယခင်ကတည်းက ထင်ရှားသည့် အနုပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းစာဆရာများနှင့် အတူ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်။
ဦးစည်သူအောင်မြင့်နှင့်အတူ အဖမ်းခံရသည့် အမျိုးသမီး မထက်ထက်ခိုင်ဆိုသူမှာ BBC Media Action တွင် သတင်း ထောက်အဖြစ် တာဝန် ထမ်းဆောင်နေသူတဦး ဖြစ်ပြီး ယခုအခါ သူ၏ Facebook အကောင့်မှာလည်း ပိတ်သွားပြီ ဖြစ် ကြောင်း မထက်ထက်ခိုင်နှင့် နီးစပ်သူများက ပြောသည်။
ရန်ကုန်မြို့မှ အမည်မဖော်လိုသော မီဒီယာသမား တဦးက “အခုကိစ္စမှာ ဖမ်းတာကတော့ ဦးစည်သူအောင်မြင့်ကိုပဲ ဦးတည်ပုံရတယ်။ သူ့မိတ်ဆွေ အမျိုးသမီးကတော့ အတူတူ ရှိ နေတဲ့ အချိန်မို့လို ပါသွားတာမျိုး။ ဖမ်းတော့လည်း ဧည့်စာရင်း စစ်တယ်ဆိုပြီး ဖမ်းတာလို့ သိရတယ်။ ဒါပေမယ့် တခြား အခန်းတွေကို မဝင်ဘဲ သူတို့အခန်းကိုပဲ တိုက်ရိုက်ဝင်ရှာသွားတာ”ဟု ပြောသည်။
ဦးစည်သူအောင်မြင့်ကို စစ်ကောင်စီက ဖမ်းဆီးထားသည်မှာ ဟုတ်မှန်ကြောင်း တပ်မတော် သတင်းရင်းမြစ်တဦးက အ တည်ပြုသည်။
၎င်းက “သူ့ (ဦးစည်သူအောင်မြင့်) ကို ဖမ်းထားတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အသေးစိတ်ကတော့ ကျနော် တို့လည်း မသိပါဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်လပ်စွာ ဝေဖန်ပြောဆို ရေးသားလျက်ရှိသည့် သတင်းစာဆရာ များမှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းကို ဆက်လက် လုပ်ကိုင်ရန် အခက်အခဲများ ရှိလာပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း သတင်းစာလုပ်ငန်း၊ မီဒီယာလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းသူ ၁၀၀ နီးပါး အဖမ်းခံခဲ့ရသည်။
ယခုအခါ ဦးစည်သူအောင်မြင့် အပါအဝင် ထောင်ထဲတွင် အထိန်းသိမ်းခံထားရသူ သတင်းသမား ၄၀ ခန့် ရှိပြီး တချို့ မှာ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးခံထားရသည်။
စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီး နောက်ပိုင်း မီဒီယာများကို ပစ်မှတ်ထား အရေးယူ လျက်ရှိပြီး သတင်းဌာနများကို ထုတ်ဝေခွင့် ရုပ်သိမ်းခြင်း၊ သတင်းသမားများကို ဖမ်းဆီးအရေးယူ ထောင်ချခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းနှင့် လွတ်လပ်စွာ သတင်းရယူခွင့် မရအောင် နည်းလမ်းမျိုးစုံသုံး၍ သတင်းသမားများကို ဖိနှိပ်ရန် ကြိုးစားလျက် ရှိသည်။
You may also like these stories:
မြန်မာသံအမတ်ကို လုပ်ကြံရန် ကြိုးစားမှုတွင် ပါဝင်မရှိကြောင်း ထိုင်းလက်နက်ကုမ္ပဏီ ငြင်း
ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်
မြန်မာဘက်မှ ကျည်ကျသောကြောင့် တရုတ်ကန့်ကွက်