ကိုဗစ်ကာကွယ်ဆေးထိုးရန် ရန်ကုန်တိုင်း ဒေသကြီးရှိ စက်မှုဇုန်လုပ်သားများကို ဖိအားပေး စာရင်းကောက်ယူမှု များရှိနေ ပြီး လက်ရှိတွင် အလုပ်သမား ထောင် နှင့်ချီ ရှိသည့် စက်ရုံများတွင်ပင် စာရင်းပေးသူမှာ ၁၀ ရာခိုင်နှုန်း ဝန်းကျင် သာ ရှိနေကြောင်း စက်ရုံလုပ်သားများနှင့် အလုပ်သမား အဖွဲ့များထံက သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) က အဖွဲ့ဝင်တဦးက “ကိုဗစ်ကာကွယ်ဆေးကို မထိုးဘူး ဆိုရင် ဖျားတာနဲ့ အလုပ်ချက်ချင်း ထုတ်ပစ်မယ်ဆိုတဲ့ ဖိအားတွေ ရှိတယ်။ နောက်တခုက ကိုဗစ်ကာကွယ်ဆေးကို မိမိ သဘောဆန္ဒအရ မထိုးဘူးဆိုတာကို လက်မှတ်ထိုးခိုင်းတဲ့ စက်ရုံတွေလည်း ရှိတဲ့ အခြေအနေကို ကျမတို့ ကြားရပါတယ်” ဟု ပြောသည်။
ကာကွယ်ဆေး မထိုးလိုသည့် အလုပ်သမားများနှင့် အလုပ်ရှင်များကြား ပဋိပက္ခများလည်း ရှိနေကြောင်း သိရသည်။
“အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြားမှာ ပဋိပက္ခတွေ ဖြစ်ကြတယ်ပေါ့။ တချို့ အလုပ်သမားတွေက သူတို့ မထိုးချင်လို့ မထိုးတာပေါ့။ ကြောက်လို့ မထိုးဘူးပေါ့။ အလုပ်ရှင်ကလည်း မဖြစ်မနေ ကောက်ခိုင်းထားတာ ဖြစ်တဲ့အတွက် ထိုးကိုထိုး ရမယ် ဆိုတဲ့ အခြေအနေတွေ ဖြစ်တယ်ပေါ့” ဟု CTUM အဖွဲ့ဝင်က ပြောသည်။
တရုတ်နိုင်ငံမှ လာရောက်သည့် ကာကွယ်ဆေးများကို အယုံအကြည် မရှိခြင်းနှင့် ကာကွယ်ဆေးနှင့် ပတ်သက်သည့် အချက်အလက်များ သေချာစွာ မသိရှိရခြင်းအပြင် စစ်ကောင်စီအပေါ် မယုံကြည်ကြသည့် အခြေအနေများကြောင့် အလုပ်သမားများက ကိုဗစ်ကာကွယ်ဆေးထိုးရန် ငြင်းဆန်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
ကာကွယ် ဆေးထိုးရန်အတွက် ဖိအားပေး စာရင်းကောက်ယူနေသော်လည်း ကာကွယ်ဆေးထိုးပြီး နောက်ဖြစ်လာမည့် အကျိုးဆက်များကို ကာကွယ်ဆေးထိုးမည့် အဖွဲ့အစည်းရော စက်ရုံကပါ တာဝန်မယူကြောင်း စာရင်းကောက်ယူခံရသည့် စက်ရုံတခုမှ အလုပ်သမားတဦးက ပြောသည်။
“ထိုးလိုက်လို့ ဖျားတာတွေ ဖြစ်လာရင် တာဝန်ယူမှုရှိမှာလား တကယ်လို့ ဆေးထိုးလို့ သေသွားရင်ရော တာဝန်ယူမှု တာဝန်ခံမှု ရှိလားဆိုတော့ တာဝန်ယူမှု မရှိဘူးတဲ့။ ထိုးခိုင်းတဲ့လူက တာဝန်ယူမှု မရှိဘူးဆိုရင် စက်ရုံကရော တာဝန် ယူပေးမှာလား ဆိုတော့ တာဝန်မယူပေးဘူးတဲ့” ဟု ၎င်းက ပြောသည်။
၎င်းက ဆက်လက်ပြီး “လူမှုဖူလုံရေးကြေး သွင်းနေပြီး ကိုဗစ်ကာကွယ်ဆေး မထိုးပေးရ ကောင်းလားဆိုပြီး ပြောမှာစိုးလို့ မထိုးတဲ့လူကို သက်သေယူထားတဲ့ အနေအထားတဲ့။ ထိုးမယ်ဆိုရင်တော့ သူတို့ကို အမှုမပတ်အောင်လို့ စက်ရုံကတောင်း တာ အုပ်ထိန်းသူ ထောက်ခံချက်ပေါ့။ သေသွားရင် ဒီထောက်ခံချက်ကြောင့် ဆိုပြီး ထိုးချမယ့် ပုံစံနဲ့ ယူထားတယ်” ဟု ဆို သည်။
သို့သော် စက်ရုံ အလုပ်သမားများအား ကာကွယ်ဆေးနှင့် ပတ်သက်သည့် အချက်အလက်များကို ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လမ်းညွှန်ချက်များအတိုင်း ရှင်းပြပြီး ဆေးထိုးချင်သည့် ဆန္ဒရှိသူများကိုသာ စာရင်းကောက်ခံမှု ရှိနေကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ အဖွဲ့ဝင် တဦးက ပြောသည်။
“ကျနော်တို့ကတော့ ရှင်းပြတာပေါ့ ဒါပေမယ့် သူတို့ရဲ့ဆန္ဒကတော့ အရေးကြီးဆုံးပေါ့။ ကျနော်တို့က အတင်းကြီး တိုက်တွန်းတာတော့ မရှိဘူး။ ဆန္ဒအရ ထိုးမယ်ဆို လာထိုးပေးမယ့် အနေအထားကိုး။ ထိုးချင်တဲ့လူထိုး မထိုးလည်း ပြဿနာ မရှိဘူးဆိုတဲ့ ပုံစံနဲ့ သွားနေတာပေါ့။ complaint ကြီးကြီးမားမားတော့ အခုထိ မရှိသေးဘူး” ဟု ၎င်းက ပြော သည်။
ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ကိုဗစ်စည်းကမ်းများ လိုက်နာရေးအတွက် အလုပ်သမားသမဂ္ဂများနှင့် အစိုးရ၊ အလုပ်ရှင် ပူးပေါင်း ဆောင်ရွက်ခဲ့သော်လည်း တတိယလှိုင်းတွင် စက်ရုံအများစုသည် ကိုဗစ်စည်းကမ်းများကို လိုက်နာခြင်း မရှိကြောင်း အလုပ်သမား အဖွဲ့အစည်းများက ဆိုသည်။
ကိုဗစ်ရောဂါ မကူးစက်ရန်အတွက် စက်ရုံများတွင် စက်တန်းများ ခြားထားခြင်း မရှိသကဲ့သို့ အချို့စက်ရုံများတွင် Mask ကို ပင် လုံလောက်အောင်ထုတ်ပေးခြင်း မရှိကြောင်း သိရသည်။
ထို့ပြင် လူဦးရေ ထောင်ချီ အလုပ်လုပ်နေသော်လည်း ကာကွယ်ဆေးထိုးရန် သတ်မှတ်လူဦးရေ မပြည့်သဖြင့် တကျော့ပြန် စာရင်းကောက်ခိုင်းသည့် စက်ရုံများလည်း ရှိကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးများကို စစ်ကောင်စီက တိုင်းနှင့် ပြည်နယ်များတွင် ထိုးနှံလျက်ရှိပြီး အသက် ၆၅ နှစ်အထက် ပြည်သူ များ၊ ကာကွယ်ဆေး မထိုးရသေးသော ကျန်းမာရေး ဝန်ထမ်းများ၊ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ အစရှိသဖြင့် အုပ်စု ၁၂ စု ခွဲကာ ဆေးရရှိမှုအပေါ် မူတည်ပြီး အဆင့်လိုက် ဦးစားပေးထိုးမည် ဟု ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စစ်ကောင်စီက ထိုးပေးနေသော ကာကွယ်ဆေးများသည် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ဖြစ်သည့် Sinopharm ၊ Sinovac တို့ ဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးများကို အရေးပေါ် အသုံးပြုနိုင်သည့် ဆေးများအဖြစ် ပြီးခဲ့သည့် မေနှင့်ဇွန်လတွင် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) က ခွင့်ပြုပေးထားသည်။
You may also like these stories:
နိုင်ငံသားမဟုတ်သည့် မွတ်စလင်များ ကိုဗစ်ကာကွယ်ဆေးထိုးမှု ဦးစားပေးစာရင်း၌ မပါဝင်
တရုတ်ကုန်သည်များ အသင်းက ကိုဗစ်ကာကွယ်ဆေးကို ကျပ် ၅ သောင်းဖြင့် ထိုးပေးမည် ဟုဆို
ထိုင်းရောက် မြန်မာလုပ်သားတချို့ ကိုဗစ်ကာကွယ်ဆေးထိုးရန် ငြင်းဆန်မှုများရှိနေ