ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့တွင်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက် စက်ရုံအလုပ်ရုံရှိ အလုပ်သမား များအား ဦးစားပေးအဆင့် အနေဖြင့် ထိုင်းအစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးပေးခြင်း အစီအစဉ်ကို သြဂုတ် ၁၇ ရက်နေ့က မဲဆောက်မြို့ရှိ Robinson ကုန်တိုက်ဝင်းအတွင်း စတင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ဆေးထိုးခွင့် ရနေသူများမှာ လက်မှတ်အထောက်အထား ရှိသူများဖြစ်ကြောင်း၊ အလုပ်ရှင်က ၎င်း၏ အလုပ်ရုံထဲရှိ လက်မှတ်အထောက်အထား ရှိသူ၊ မရှိသူဟူ၍ ခွဲထုတ်လိုက်ပြီးနောက် အထောက်အထား ရှိသူများကို ဆေးထိုးရန် ဦး စားပေး ခေါ်သွားခြင်း ဖြစ်ကြောင်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ မသူဇာက ရှင်းပြသည်။
“ဦးစားပေးခေါ်သွားတာကတော့ လက်မှတ်အထောက်အထားရှိတဲ့သူတွေ။ တချို့ကလည်း ပန်းရောင်ကတ် ကိုင်ဆောင် ထားတာတို့၊ တချို့ကလည်း ပတ်စ်ပို့ ကိုင်ဆောင်ထားတာတို့ ရှိတယ်။ သူတို့တွေကတော့ ပကန်ဆန်ခွန်း (လူမှုဖူလုံရေး ကတ်) ဝယ်ထားတာတွေ ရှိတယ်။ အဲဒါကြောင့် အခကြေးငွေ မပေးရတာလို့ ထင်တယ်။ ကုန်ကျစရိတ် ကောက်ခံမယ် ဆိုတာတော့ ဘာအထောက်အထားမှ မရှိတဲ့သူတွေကို ကောက်ခံမယ့် သဘောရှိနေတယ်” ဟု ၎င်းက ဆိုသည်။
ကိုဗစ်ကာကွယ်ဆေးထိုးရန် စာရင်းကြိုတင်ပေးရပြီး အလုပ်လုပ်နေကြောင်း အလုပ်ရှင်၏ ထောက်ခံချက် အထောက် အထားများ လိုအပ်ကြောင်း၊ လတ်တလောတွင် စာရင်းပေးထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၀၀၀ ခန့် ရှိ ကြောင်း သိရသည်။
မသူဇာက “အလုပ်ရှင်တွေ ဘက်ကတော့ လက်ရှိမှာ အကုန်လုံးနီးပါးအတွက် ကာကွယ်ဆေးထိုးပေးဖို့ လုပ်ပေးနေတာ မရှိသေးဘူး။ စက်ရုံအချို့လောက်ပဲ ကြားတယ်။ အလုပ်သမားတွေကို ကာကွယ်ဆေး ထိုးပေးချင်တယ်။ ကာကွယ်ဆေး ထိုးပေးပြီးမှပဲ လုပ်ငန်းကို ပြန်လည်ပတ်ဖို့ အဆင်ပြေနိုင်မယ်ဆိုပြီး ထိုးပေးနေတာရှိတယ်” ဟု ပြောသည်။
အထောက်အထား မရှိသည့် ရွှေ့ပြောင်းလုပ်သားများ ကာကွယ်ဆေးထိုးရန်အတွက် လုပ်ငန်းရှင်များဘက်က တဦးလျှင် တကြိမ်ကို ဘတ် ၁၀၀၀ နှင့် အရစ်ကျ ထိုးပေးမည့် သတင်းစကားများလည်း ကြားနေရပြီး လတ်တလော ဆေးထိုးခြင်းမှာ အခမဲ့ ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများထံမှ သိရသည်။
ယမန်နေ့က ပထမဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသည့် မဲဆောက်မြို့မှ မြန်မာအလုပ်သမားတဦး ဖြစ်သူ မစန္ဒာကျော်က ဆေးမထိုးပါက အလုပ်ဆက်လုပ်နိုင်မည် မဟုတ်သည့်အတွက် ဆေးထိုးခဲ့ရခြင်း ဖြစ်သည်ဟု ပြောသည်။
၎င်းက “ဆေးထိုးတဲ့ကတ်မရှိရင် အလုပ်လုပ်လို့ မရဘူး။ ဆေးထိုးပြီးမှ အလုပ်ဆက်လုပ်လို့ရမယ်တဲ့။ ကာကွယ်ဆေး မထိုး ထားတဲ့သူက အလုပ်ဆက်လုပ်လို့ မရဘူးတဲ့။ မထိုးရင် ထွက်ဆိုတဲ့ သဘောပေါ့။ ကြောက်ကြောက်လန့်လန့်နဲ့ ထိုးရ တာပေါ့။ ထိုးလည်းထိုးပြီးရော ဘာမှ မဖြစ်ပါဘူး။ ဒါ ကာကွယ်ဆေးလေ ကိုယ့်ကို မဖြစ်အောင် ကာကွယ်ပေးတာ” ဟု ဆို သည်။
ကိုဗစ်တတိယလှိုင်းတွင် မဲဆောက်မြို့၌ ဇူလိုင်လအတွင်း ကူးစက်ခံရသူ မြင့်မားလာခဲ့ပြီး အသက်ဆုံးရှုံးမှုများလည်း ရှိလာ ရာ ထိုင်းအစိုးရနှင့် ကျန်းမာရေးအဖွဲ့အစည်းများက စုပေါင်း၍ ကာကွယ်ဆေးထိုးရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
မဲဆောက်မြို့အတွက် ဘန်ကောက်ဆေးရုံကြီးမှ ကာကွယ်ဆေး အလုံးရေ ၂ သိန်း ရရှိခဲ့သည့်အနက် ဆေးအလုံးရေ ၃ သောင်းကျော်ကို ရွှေ့ပြောင်းလုပ်သားများအား ထိုးပေးရန် လျာထားကြောင်း၊ စတင်ထိုးနှံပေးခဲ့သည့် ပထမဆုံးနေ့တွင် စက်ရုံအလုပ်ရုံများမှ မြန်မာရွှေ့ပြောင်းလုပ်သား ၅ ရာခိုင်နှုန်းဝန်းကျင် ကာကွယ်ဆေး လာရောက် ထိုးနှံကြကြောင်း သိရ သည်။
မဲဆောက်မြို့တွင် မယ်တော်ဆေးခန်းဟု လူသိများသည့် ကျောင်းသား ဆေးခန်း ကိုတည်ထောင်သူ ဒေါက်တာ စင်သီယာမောင် ကလည်း ကပ်ရောဂါ ကူးစက်မှုနှင့် အသေအပျောက် လျှော့ချနိုင်ရန် အတွက် ကိုဗစ် ကာကွယ်ဆေး ထိုးနှံသင့်ကြောင်း ရွှေ့ပြောင်းလုပ်သားများကို ဧရာဝတီက တဆင့် အကြံပြု တိုက်တွန်းထားသည်။
ဒေါက်တာ စင်သီယာမောင် က “ရောဂါဖြစ်ပြီဆိုလည်း ရောဂါပြင်းထန်မှုကို လျော့စေနိုင်တယ်။ ကူးစက်မှုတွေ မဖြစ်အောင် လည်း လျှော့ချပေးနိုင်တယ်။ အသေအပျောက်တွေကိုလည်း လျှော့ချနိုင်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ အလုပ်အကိုင်တွေ လည်း အမြန်ပြန်ပြီးတော့ လည်ပတ်နိုင်တာတို့၊ ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်တဲ့အတွက် အသွားအလာ ကန့်သတ်မှုတွေ အမြန်ပုံမှန်အတိုင်း လည်ပတ်နိုင်အောင် ကာကွယ်ဆေးထိုးခြင်းက အရေးကြီးတယ်” ဟု ပြောသည်။
ဒေါက်တာစင်သီယာမောင်၏ မယ်တော် ဆေးခန်း သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အခြေစိုက်ပြီး မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ကျန်းမာရေး၊ ပညာရေးသာမက ကရင်ပြည်နယ်နှင့် တိုင်းရင်းသားဒေသများမှ ငွေကြေးချို့တဲ့ သူများ အတွက် အခမဲ့ ကျန်းမာရေး စောင့်လျှောက်မှုပေးနေသည့် ဆေးခန်းဖြစ်သည်။
မြန်မာရွှေ့ပြောင်းလုပ်သား အများစု နေထိုင်သည့် မဲဆောက်မြို့တွင် ယခင်က ရွှေ့ပြောင်းလုပ်သား ၁ သိန်းဝန်းကျင် ရှိသော်လည်း လက်ရှိတွင် နေရပ်ပြန်သွားသူများ၊ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြသူများ ရှိသည့်အတွက် ၈ သောင်းဝန်းကျင်သာ ရှိကြောင်း သိရသည်။
ကိုဗစ်ကူးစက်မှု မြင့်တက်လာသည့်အတွက် တာ့ခ်ခရိုင်အတွင်း မဲဆောက်မြို့ကို ဇူလိုင်လကတည်းက ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး အနီရင့်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည်။
ထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေဆဲဖြစ်ပြီး ယနေ့ (သြဂုတ်လ ၁၈ရက်) ထုတ်ပြန်ချက်အရ ကိုဗစ်ကူးစက် လူနာသစ် ၂ သောင်းကျော်ရှိပြီး သေဆုံးသူ ၃၁၂ ဦး ရှိကြောင်း သိရသည်။
You may also like these stories:
မြန်မာနိုင်ငံသားများကို ကန့်သတ်ထားသည့် မဲဆောက်က ညမထွက်ရအမိန့်
ထိုင်းရောက်လုပ်သားများ ကိုဗစ်ကာကွယ်ဆေးထိုးရန် ဒေါက်တာ စင်သီယာမောင် တိုက်တွန်း