ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ညအချိန် ရှာဖွေဖမ်းဆီးမှု၌ လူငယ် ၁၀ ဦးကျော် ဖမ်းဆီးခံခဲ့ရ သည့်အပြင် ရပ်ကွက်နေ ပြည်သူတချို့ ပိုင်ဆိုင်သော ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ဒေသခံ သတင်း ရင်းမြစ်များထံက သိရသည်။
ယမန်နေ့ ညက စမ်းချောင်းမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် ရန်ကင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် စမ်းချောင်းမှ လူငယ် ၄ ဦး၊ ကမာရွတ်တွင် ၈ ဦးနှင့် ရန်ကင်းတွင် ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
စမ်းချောင်းမြို့နယ် ကံ့ကော်လမ်း အတွင်းသို့ ည ၁၁ နာရီဝန်းကျင်၌် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးထားသူ ၂ ဦး နှင့် အတူ ရောက်ရှိလာပြီး လမ်းမပေါ်တွင်ပင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် အဆိုပါ လမ်းအတွင်းရှိ ကွန်ဒို တခု သို့ တက်ရောက် ဖမ်းဆီးရာတွင် လူငယ် ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
ထိုနောက် ယင်းကွန်ဒိုရှေ့တွင်ပင် ဖမ်းမိသူများကို ရိုက်နှက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကွန်ဒိုကနေ ၃ ယောက် ဖမ်းလာတာကို တွေ့တယ်။ စမ်းချောင်းထဲက နောက်ထပ် ဖမ်းလာတဲ့ ၅ ယောက် ရှိတယ်။ သူတို့ ကို မြေမှာ ဝမ်းလျား မှောက်ခိုင်းပြီးတော့ စစ်ဆေး မေးမြန်းမှုတွေ လုပ်တယ်။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော သူတို့ လိုချင်တာတွေ မေးပြီး နှိပ်စက်တာတွေ လုပ်တာပေါ့။ စမ်းချောင်းထဲက ဖမ်းလာတဲ့ ၅ ယောက်ကိုတော့ ပြန်လွှတ် ပေးလိုက်တယ်” ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။
အဆိုပါ ကွန်ဒိုတွင် ဖွင့်လှစ်ထားသော ရုံးခန်းနှင့် အရောင်းဆိုင်တချို့မှ ပစ္စည်းများ ဖြစ်သည့် လူသုံးကုန်ပစ္စည်းများကို ယူဆောင်သွားခဲ့ပြီးနောက် မနက် ၁ နာရီဝန်းကျင်တွင် ထပ်မံရောက်ရှိလာကာ ကွန်ဒို မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် ဆိုင်မှ Oxygen Concentrator များနှင့် ဆေးရုံသုံး လူနာ ခုတင်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယူသွားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
“ဈေးကြီးခုံတွေ TV တွေ ဆိုဖာတွေ နောက်ဆုံး မွေ့ယာ၊ ဂစ်တာမျိုးကအစ လူတွေကို ဖမ်းပြီးတဲ့အခါမှာ စစ်သားတွေ အရပ် ဝတ်တွေက တင်ပြီးတော့ ခိုးသွားတယ်။ ရုံးခန်းတွေ များတော့ ရိုက်ဖွင့်ပြီး ပစ္စည်းတွေ ယူသွားတယ်။ ည ၁ နာရီလောက် ကျတော့ ထပ်လာတယ်။ မြေညီထပ်မှာ oxygen concentrator လှူလည်းလှူ၊ ရောင်းလည်း ရောင်းတဲ့လူ ရှိတယ်။ စစ်ကား ၂ စီးနဲ့ လာပြီး အဲဒီစက်တွေကိုရော ဆေးရုံသုံး ခုတင်တွေကိုရော အဲဒါတွေလည်း ခိုးသွားတယ်ပေါ့” ဟု ဒေသခံ တဦးက ဆိုသည်။
အဆိုပါကွန်ဒိုမှ ၃ ဦးအပြင် မြေနီကုန်း ရှမ်းကုန်းလမ်းထဲတွင် ပြည်သူ ၁ ဦး ဖမ်းဆီခံခဲ့ရသည့် အပြင် ရန်ကင်းမြို့နယ် ရန်ရှင်းလမ်းတွင်လည်း လူငယ် ၃ ဦး ထပ်မံ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
အလားတူပင် ယမန်နေ့ ည ၁၂ နာရီဝန်းကျင်ခန့်က ကမာရွတ်မြို့နယ်တွင် ရပ်ကွက် ၃ ခုတွင်း ဝင်ရောက်ရှာဖွေ ဖမ်းဆီး မှုများ ပြုလုပ်ခဲ့ပြီး ရပ်ကွက်တွင်း ပစ္စည်းများကိုလည်း ယူဆောင်မှု ရှိကြောင်း သိရသည်။
ကမာရွတ်မြို့နယ် ၁ ရပ်ကွက်မှ ၁ ဦး၊ ၅ ရပ်ကွက် မှ ၃ ဦး နှင့် ၆ ရပ်ကွက်မှ ၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးပြီးနောက် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။
“သူတို့က စမ်းချောင်းဘက်ကို အရင်မွှေတာပေါ့နော်။ သိပ်မကြာဘူး။ စမ်းချောင်းဘက်ကနေ အင်းစိန်လမ်းမ အတိုင်းကို ကားတန်း စုစုပေါင်း ၁၂ စီး ဝန်းကျင် ရောက်ချလာတာပါပဲ။ စမ်းချောင်းဘက်က ကိစ္စနဲ့ ဆက်စပ်မယ်လို့တော့ ယူဆတယ်။ Gym ဆိုင် တဆိုင်ကို ရိုက်ဖွင့်ပြီး အဲဒီကနေ စစ်ကားအကြီးနဲ့ ပစ္စည်းတွေ သယ်သွားပါတယ်။ သယ်နေတုန်း တိုက်တွေကို ဓာတ်မီးထိုး ဘာညာဆိုတော့ ဘာတွေ သယ်လဲဆိုတာ မသိလိုက်ရပါဘူး” ဟု ကမာရွတ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လူငယ်များအား ဖမ်းဆီးမှု ခပ်စိတ်စိတ် ပြုလုပ်လျက်ရှိပြီး ဖမ်းဆီးမှုတွင် သေဆုံမှုများ လည်း ဖြစ်ပေါ်ခဲ့သည်။
သြဂုတ်လ ၁၀ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ အခန်းတခုကို စစ်ကောင်စီ ဝင်ရောက်စီးနင်းရာတွင် တိုက်ပေါ်မှ ပြုတ်ကျ၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသူ ၂ ဦး ရှိခဲ့ပြီး ၃ ဦးမှာ ဆေးရုံတွင် ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း မိသားစုဝင်များ တွေ့ခွင့် မရရှိသေးပေ။
စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၁၇ ရက်အထိ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရသူ ၁,၀၀၆ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။
ထို့ပြင် အာဏာသိမ်း ကာလအတွင်း ဖမ်းဆီးခံထားရသူ ၅,၇၃၀ ဦး ရှိပြီး ဖမ်းဝရမ်း ထုတ်ခံထားရသောကြောင့် တိမ်း ရှောင်နေရသူ ၁,၉၈၄ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
You may also like these stories:
သတင်းစာဆရာ ဦးစည်သူအောင်မြင့် ရန်ကုန်မြို့တွင် အဖမ်းခံရ
တိုက်ပေါ်က ခုန်ချပြီး အသက်ရှင်နေသေးသည်ဆိုသည့် လူငယ် ၃ ဦး မိသားစုနှင့် တွေ့ခွင့်မရ
အာဏာသိမ်း စစ်တပ်ကြောင့် ဝိုင်းမော်တွင် ဒေသခံ ရာနှင့်ချီ ထွက်ပြေးနေရ