စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ရပ်ကျေး ဥက္ကဋ္ဌကို နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးရာ မတွေ့သဖြင့် ၎င်း၏ဇနီးအား ဖမ်းဆီးသွားကြောင်း ကလေးမြို့ ဒေသခံ များထံမှ သိရသည်။
ဩဂုတ် ၁၈ ရက်၊ နေ့လယ် ၁၁ နာရီတွင် ကလေးမြို့၊ အောင်သစ္စာရပ်ကွက်ရှိ NLD ရပ်ကျေးဥက္ကဋ္ဌဖြစ်သူ ဦးသာထွန်း လင်း၏ နေအိမ်ကို စစ်ကောင်စီတပ်များက ဝင်ရောက် ရှာဖွေခဲ့ခြင်းဖြစ်ပြီး ဦးသာထွန်းလင်းကို ရှာမတွေ့သဖြင့် ဇနီး ဒေါ်တင်တင်ပိုကို ဖမ်းသွားကြောင်း၊ နေအိမ်ကို ရှာဖွေကာ ငွေကျပ် ၇၈ သိန်းကိုလည်း ယူသွားကြောင်း မြို့ခံတဦးက ပြောသည်။
ယင်းဖြစ်ရပ်နှင့် တပြိုင်တည်းတွင် အဆိုပါ ရပ်ကွက်ရှိ ကိုထွားပို၏ နေအိမ်ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက်ခဲ့ပြီး ကိုထွားပိုကို မတွေ့၍ နေအိမ်ရှိ ငွေကျပ် ၄၈ သိန်းကို ယူသွားပြန်ကြောင်း၊ ထို့နောက် တရပ်ကွက်ထဲ နေထိုင်သည့် ဦးမြင့်သန်းဆိုသူကိုပါ ဆက်လက်ဖမ်းဆီးကြောင်း သိရသည်။
ဒေသခံတဦးက “အသက် ၅၀ အရွယ် ဦးမြင့်သန်းဆိုတဲ့သူကို မေးစရာရှိလို့ဆိုပြီး ဖမ်းသွားတယ်။ ညနေပိုင်း ကျတော့ ဦးမြင့်သန်းကိုတော့ ပြန်လွှတ်လိုက်တယ်။ အသက် ၂၀ အရွယ် ကောင်လေး ၁ ယောက်ကိုလည်း ဖမ်းသွားတယ်။ သူ့ကိုတော့ မြို့အရှေ့ ရဲစခန်းကို ခေါ်သွားတယ်” ဟု ပြောသည်။
ထိုနေ့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်ကား ၅ စီးဖြင့် ရောက်လာကာ နေအိမ်အချို့အတွင်း ဝင်ရောက်၍ ရှာဖွေမှုများ ပြုလုပ်ပြီးနောက် ဒေါ်တင်တင်ပိုနှင့် အဆိုပါ အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီး သည့် အကြောင်းအရင်းကိုမူ မသိရကြောင်း ဒေသခံများက ပြောသည်။
ကလေးမြို့ ဝန်းကျင်တွင် ဩဂုတ်လ ဒုတိယပတ်အတွင်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်အချို့ မိုင်းဆွဲ တိုက် ခိုက်ခံရပြီးနောက် ဩဂုတ် ၁၄ ရက်မှ စတင်ကာ စစ်ကောင်စီဘက်က ဒေသခံ အရပ်သားများကို သံသယဖြင့် ဆက် တိုက် ဖမ်းဆီးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်နေ့က ကလေးမြို့ရှိ ပေါ်စမ်းမြို့ရပ်ကွက်တွင် လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှု၌ ပါဝင်သော ကျောင်းဆရာမ ၃ ဦးကို စစ်ကောင်စီက လာရောက် ဖမ်းဆီးခဲ့ပြီး ဩဂုတ် ၁၅ ရက်တွင်လည်း ကလေး − ဂန့်ဂေါ လမ်းအနီးရှိ စည်သရွာနှင့် ကလေးမြို့ မြောက်ဘက် မိုင် ၂၀ အကွာရှိ ရာဇဂြိုဟ်ရွာများမှ အမျိုးသား ၆ ဦးကို ရှာဖွေ ဖမ်းဆီးခဲ့သေးသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဩဂုတ် လဆန်းပိုင်းမှ ယနေ့အထိ ဒေသခံ အရပ်သား ၁၂ ဦးကို သံသယဖြင့် ဖမ်းဆီး ထားသလို ဆက်လက် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် ဒေသခံများမှာ နေ့စဉ် စိုးရိမ်မကင်း ဖြစ်နေရကြောင်း ကလေးမြို့ ဒေသခံအချို့က ပြောဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (R.K.D.F) ကလည်း ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ် လှုပ်ရှားမှုများ ရှိနေပြီး မည်သည့်နေရာတွင် မည်သည့်ကိစ္စဖြစ်မည်ကို မခန့်မှန်းနိုင်သဖြင့် လူထုအနေနှင့် စစ်ကောင်စီတပ် စခန်းချရာနေရာ များအား ရှောင်ရှားသွားလာကြရန် ကြေညာချက်ထုတ်ပြန်ထားသည်။
You may also like these stories:
ကလေးမြို့တွင် စစ်ကောင်စီက သံသယဖြင့် ဒေသခံများကို ဖမ်းဆီးနေ
ကနီတွင် ညှင်းပန်းနှိပ်စက်၍ အစုအပြုံလိုက် သတ်ခံရသူ ၄၀ ဦး ထိရှိလာ