ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင် ပြည်နယ်အတွင်းရှိ မယ်လအူး ဒုက္ခသည်စခန်းနှင့် မယ်ရာမိုစခန်းတို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၈ ဦး တွေ့ရှိကြောင်း ကရင်ဒုက္ခသည်ကော်မတီ (KRC) ဥက္ကဋ္ဌ ဦးစောရောဘတ်ထွေးက ပြောသည်။
မယ်လအူး ဒုက္ခသည်စခန်းမှ ၆ ဦးနှင့် မယ်ရာမိုစခန်းမှ ၂ ဦးတို့ ဖြစ်သည်။
ဦးစောရောဘတ်ထွေးက “မိသားစုတွေပဲ။ အထဲမှာ ဖြစ်နေတာ။ စခန်းထဲမှာက ရှင်းတော့ရှင်းတယ်။ အပြင်က သွားလာနေ တဲ့လူတွေက ပြန်လာတော့ သူတို့ဆီကနေ ကူးလာနိုင်တယ်။ မယ်လအူးစခန်းနဲ့ မယ်ရာမိုစခန်းက နီးတာကိုး” ဟု ပြော သည်။
မယ်လအူးစခန်းမှ ကိုဗစ်ကူးစက်ခံရသူမှာ ဖွေးဘောလူရပ်ကွက် (၂) မှ စောတာဟေဘလုမှ ဖြစ်ပြီး ၆ ဦးလုံး မိသားစုဝင် ဖြစ်ကြောင်း၊ ကူးစက်ခံရသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးအနက် ၈ နှစ်အရွယ် ကလေး ၁ ဦး ပါဝင်ကြောင်း၊ အဆိုပါ ကူးစက်မှုမှာ မယ်လအူးစခန်းတွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကူးစက်ခံရသူများသည် လွန်ခဲ့သည့် တပတ်ကျော်က ကိုယ်ပူ၊ ဖျားနာခြင်းများ ရှိသည့်အတွက် စခန်းတွင်း ဆေး ခန်းသို့ လာရောက်ပြသကြရာ ကျန်းမာရေးဝန်ထမ်းများက ဆေးစစ်ပြီးပေးခဲ့ရာ သြဂုတ်လ ၁၇ ရက်နေ့တွင် Positive အဖြေ ထွက်ခဲ့ခြင်း ဖြစ်ကြောင်း မယ်လအူးစခန်းမှ တာဝန်ရှိသူများက ပြောသည်။
စောရောဘတ်ထွေးက “စခန်းထဲမှာပဲ ပိတ်ထားတယ်။ စခန်းထဲမှာလည်း လူများတော့ ခြံတွေဘာတွေလည်း မရှိတော့ တော်တော်ခက်တယ်။ စခန်းသားတွေ အပြင်သွားလို့ မရတာ။ အရင်က အပြင်ထွက်ပြီး အလုပ်လုပ်တာတွေ ရှိတယ်။ အခု သွားလို့မရတော့ အခက်အခဲတွေနဲ့ ကြုံရတယ်။ ရိက္ခာအခက်အခဲ ရှိတယ်။ အရင်ကလို မလောက်တော့ဘူး။ အရင်က အပြင်မှာ အလုပ်လုပ်ကြတော့ ရတာလေးတွေနဲ့ ဝယ်စားလို့ရတယ်။ အခုက ဝင်ငွေမရှိတော့ တော်တော်ခက်တယ်” ဟု ပြောဆိုသည်။
မယ်လအူး ဒုက္ခသည်စခန်းတွင် လူဦးရေ ၉၀၀၀ ကျော် ရှိပြီး အများစုမှာ ကရင်နှင့် ကယားလူမျိုးများ ဖြစ်ကြောင်း၊ ယခု ကဲ့သို့ ကိုဗစ်ကူးစက်မှု ရှိလာခြင်းကြောင့် စခန်းတွင်း သွားလာမှုများကိုလည်း တင်းကျပ်ထားကြောင်း သိရသည်။
လူဦးရေ ၁ သောင်းကျော် ရှိသည့် မယ်ရာမူစခန်းတွင်မူ လွန်ခဲ့သည့် နှစ်ပတ်ခန့်က ကျောင်းဆရာ ၁ ဦး ကိုဗစ်ကူးစက်ခံရ ပြီးနောက် ၎င်း၏ကလေး၌ပါ ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ စခန်းကို Lockdown လုပ်ထားကြောင်း ဦးစောရော ဘတ်ထွေးက ပြောသည်။
အဆိုပါ ဒုက္ခသည်စခန်းများမှ ကိုဗစ်ကူးစက်လူနာများကို စခန်းတွင်းရှိ သီးသန့်နေရာများတွင် ထားရှိရန် စီစဉ်ထားပြီး ၎င်းတို့နှင့် ထိတွေ့ထားသူများကိုလည်း ကိုဗစ်စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် လများကလည်း ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများဖြစ်သော မယ်လ၊ အုန်းဖျန်၊ ထမ်းဟင် စခန်းများတွင် လည်း ကိုဗစ်ကူးစက်မှုများရှိခဲ့ပြီး သေဆုံးသည့် အခြေအနေအထိ မရောက်ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသား ဒေသများအတွင်း လက်နက်ပဋိပက္ခများကြောင့် ထွက်ပြေး တိမ်းရှောင်လာရသူများကို နှစ်ပေါင်း ၃၀ ကျော်ကြာ ထိုင်းအစိုးရက ခိုလှုံခွင့်ပေးထားသည့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် လူပေါင်း ၉ သောင်းကျော် နေထိုင်လျက်ရှိသည်။
You may also like these stories:
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကယားတွင် အရပ်သား နှစ်ဦး ဒဏ်ရာရ
ပန်ဆိုင်းနှင့်မုံးကိုး တိုက်ပွဲများကြောင့် အရပ်သားရာချီ ထွက်ပြေးနေရ
စစ်ရေးတင်းမာနိုင်သဖြင့် ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးများ စုဆောင်းရန် KNDF ပြော