ဩစတေးလျ အခြေစိုက် Myanmar Metals Limited က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ ဘော်တွင်းသတ္တုတွင်း စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသော ၎င်း၏ ရှယ်ယာများကို ပြန်လည်ရောင်းချပြီး စီမံကိန်းမှ နုတ်ထွက်ကြောင်း အဆိုပါ ကုမ္ပဏီက ဩဂုတ် ၁၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ဘော်တွင်း သတ္တုတွင်းစီမံကိန်းတွင် ၎င်းရင်းနှီးမြှုပ်နှံထားသော ရှယ်ယာအားလုံးကို ဖက်စပ် လုပ်ကိုင်နေသည့် ပြည်တွင်း ကုမ္ပဏီ တခုဖြစ်သော ဝင်းမြင့်မိုရ်ကုမ္ပဏီထံ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် ရောင်းချသွားရန် သဘောတူညီမှု ရရှိသွား ပြီ ဖြစ်သည်ဟု ဩစတေးလျကုမ္ပဏီက ဆိုသည်။
အဆိုပါ ဘော်တွင်း သတ္တုတွင်းစီမံကိန်းကို ဩစတေးလျ ကုမ္ပဏီ Myanmar Metals Limited (MYL) က ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ပြည်တွင်းကုမ္ပဏီများဖြစ်သော EAP Global Mining ကုမ္ပဏီနှင့် ဝင်းမြင့်မိုရ်ကုမ္ပဏီတို့က ရှယ်ယာ ၂၄ ဒသမ ၅ ရာခိုင်နှုန်းစီ ပါဝင်ပြီး ဘော်တွင်း ဖက်စပ်ကုမ္ပဏီ (BJV) အဖြစ် ပူးပေါင်းလုပ်ကိုင်ခြင်း ဖြစ်သည်။
MYL ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ John Lamb က “မြန်မာမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းလောက်က ကုမ္ပဏီဆီက ပြန်ဝင်လာမှာပါ။ ဒီအခြေအနေက မြန်မာက ထွက်သွားတဲ့ တခြားကုမ္ပဏီတွေနဲ့ယှဉ် ရင် ရလဒ်ကောင်းတခုလို့ ဆိုနိုင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံးနှင့် ဒုတိယကမ္ဘာ့အကြီးဆုံးလည်းဖြစ် တန်ဖိုးနည်း သတ္တုများဖြစ်သည့် သွပ်၊ ခဲ၊ ငွေနှင့် ကြေးနီ သတ္တုများ ထွက်ရှိ ရာ ဘော်တွင်း သတ္တုတွင်းစီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် ဩစတေးလျကုမ္ပဏီက စတင်ဝင် ရောက်ခဲ့ခြင်းဖြစ်ပြီး ထို အချိန်က ယင်းသတ္တုတွင်းကို ဝင်းမြင့်မိုရ်ကုမ္ပဏီက ၁၅ နှစ် လုပ်ကိုင်ခွင့် ရရှိထားသည်။
ထို့သို့ ဩစတေးလျကုမ္ပဏီ ဝင်ရောက်လာပြီးနောက် ဘော်တွင်းသတ္တုတွင်းကို အကြီးစား သတ္တုတူးဖော်ရန် ပြင်ဆင်ခဲ့ ကြပြီး ၂၀၁၈-၂၀၂၁ အတွင်း အစိုးရ၏ ခွင့်ပြုမိန့် ရရှိနိုင်ရန်ဆောင်ရွက်ခြင်းနှင့် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း၊ ၂၀၂၁-၂၀၂၂ တွင် လုပ်ငန်းအတွက် အသေးစိတ်ဒီဇိုင်း၊ အကြိုပြင်ဆင်ရမည့် လုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်း များအတွက် တင်ဒါခေါ်ယူခြင်း၊ ၂၀၂၂-၂၀၂၃ တွင် ဒေသခံများကို ပြန်လည်နေရာချထားပေးရေး လုပ်ဆောင်ခြင်းနှင့် စီမံ ကိန်း၏ အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း ပြုလုပ်ကာ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပထမအဆင့် သန့်စင်ပြီး သတ္တုထုတ်ကုန် ထွက်ရှိစေရန် မျှော်မှန်းထားခဲ့ကြသည်။
သို့သော် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်သည့်အတွက် နိုင်ငံရေး အခြေအနေ အပြောင်း အလဲ ဖြစ်သွား၍ ဩစတေးလျကုမ္ပဏီက စီမံကိန်းမှ ရှယ်ယာများ ပြန်လည်ရောင်းချပြီး နုတ်ထွက်သွားခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် နမ္မတူမြို့နှင့် ၁၄ မိုင် ကွာဝေးသော ဘော်တွင်းသတ္တုတွင်းသည် ယခင်က ကမ္ဘာ့ဒုတိယအကြီးဆုံး သတ္တုမိုင်း အဖြစ် တည်ရှိခဲ့ပြီး ထွက်ရှိသည့် သတ္တုရိုင်းများကို နမ္မတူစက်ရုံသို့ ရထားတွဲများဖြင့် ပို့ဆောင်ကာ ဘော်(ငွေစင်) ချက်လုပ် ခဲ့သည်။
ဘော်တွင်းသတ္တုမိုင်းကို ၁၄၁၂ မှ ၁၈၅၀ ခုနှစ်ခန့်အထိ တရုတ်တို့ ဝင်ရောက်၍ လိုဏ်ခေါင်းများ တူးဖော်ပြီး ငွေစင် သီးသန့် ချက်လုပ်ခဲ့ကာ ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရ လက်ထက်တွင်မူ ဘားမားမိုင်းလီမိတက် (Burma Mine Co.ltd) ကို တည်ထောင်ကာ ဘော်တွင်းတွင် မာမီယံရှပ်ခေါ် မြေစိုက်တွင်းစနစ်ဖြင့် မြေအောက်အနက် ပေပေါင်း ၁၂၀၀ ကျော် အထိ အခန်းများဖွဲ့ပြီး တူးဖော်ရာ အထပ် ၁၂ ထပ်ရှိသည့် သတ္တုမိုင်းကြီး ဖြစ်လာသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း အခြားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတခု ဖြစ်သည့် နော်ဝေးအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သော တယ်လီနောကလည်း မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော ၎င်း၏ လုပ်ငန်းများ အားလုံးကို တခြား ကုမ္ပဏီတခုသို့ လက်လွှဲရောင်းချပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်။
You may also like these stories:
ဘော်တွင်းသတ္တုစီမံကိန်းအတွက် နေရာပြောင်းရန် ပြောဆိုမှု ဒေသခံများ လက်မခံ
အမေရိကန် ဒေါ်လာသန်း ၅၀ ကျော်တန်ဖိုးရှိ သတ္တုပစ္စည်းများ စစ်ကောင်စီထုတ်ရောင်း