မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက် ၆ လကျော်အကြာ လူထုအာဏာဖီ ဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်လာသည့် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ခန့် ရှိလာကြောင်း CDM လုံခြုံရေး တပ်ဖွဲ့ဝင်များကို ကူညီ ပေး နေသည့် ပြည်သူ့ရင်ခွင်အဖွဲ့မှ သိရသည်။
ပြည်သူ့ရင်ခွင်အဖွဲ့ဆိုသည်မှာ CDM ဝင်ရောက်လာသည့် တပ်မတော်သားများ ဦးစီးတည်ထောင်ထားသည့် အဖွဲ့ဖြစ်ပြီး ကြား ကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းကာ CDM ဝင်ရောက်သည့် တပ်မတော်သားများအား ကူညီ ပံ့ပိုးပေးနေသလို နောက်ထပ် CDM ဝင်လိုသည့် စစ်သည်များကိုလည်း စည်းရုံးနေသည့် အဖွဲ့လည်း ဖြစ်သည်။
ပြည်သူ့ရင်ခွင်အဖွဲ့မှ ဗိုလ်ကြီးလင်းထက်အောင်က “တပ်မတော်သား သီးသန့်က ၁၅၀၀ လောက်တော့ ရှိတယ်။ ပြည်သူ့ ဘက် ခိုလှုံလာတဲ့ ရဲတွေ အရေအတွက်ပါ ထည့်တွက်မယ်ဆိုရင် ၂၀၀၀ ကျော်လောက် ရှိမယ်လို့ မှန်းလို့ရတယ်” ဟု ဧရာဝတီကို ပြောသည်။
ဗိုလ်ကြီးလင်းထက်အောင်သည် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၅၄ ကျောင်းဆင်းဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ခြေ မြန်တပ်ရင်း ၅၂၈ တွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဧပြီလဆန်းပိုင်း၌ CDM ပြုလုပ်ခဲ့သူ ဖြစ်သည်။
ထိုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များထဲမှ CDM ဝင်လာသူ ၂၀၀၀ ခန့် ရှိလာခြင်းသည် တနည်းအားဖြင့် ဖွဲ့စည်းပုံပြည့် တပ်ရင်း ကြီး ၄ ရင်းစာပမာဏ ပြည်သူ့ဘက်သို့ ဘက်ပြောင်းလာသည့် သဘောဖြစ်ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က သုံးသပ်ပြောဆို သည်။
CDM ဝင်လာသူ အများစုမှာ တပ်သားအဆင့်နှင့် တပ်ကြပ်ကြီးအဆင့်ဖြစ်ပြီး ဒုဗိုလ်မှ ဗိုလ်မှူးအဆင့်ထိ အရာရှိများလည်း ရာဂဏန်းမျှ ပါဝင်ကြောင်း သိရသည်။
အဆိုပါ အရေအတွက်သည် ၎င်းတို့အဖွဲ့ထံ ဆက်သွယ်လာသူများ အပါအဝင် သက်ဆိုင်ရာ တိုင်းရင်းသား ဒေသများရှိ လွတ်မြောက်နယ်မြေများသို့ ရောက်ရှိနေသူများနှင့် စစ်ကောင်စီတပ်အတွင်းမှ ပေးပို့ရရှိလာသည့် အချက်အလက်များကို အခြေခံကာ တွက်ချက်ထားသည့် ကိန်းဂဏန်းဖြစ်ကြောင်း ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
ပြည်သူလူထုအပေါ် အင်အားသုံးကာ အကြမ်းဖက် ဖိနှိပ်နေသည့် စစ်ကောင်စီ၏ သရုပ်သကန်အမှန်ကို ပိုမို သိရှိနားလည် လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်တပ်ကို စွန့်ခွာကာ ပြည်သူနှင့် ပူးပေါင်းလာခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆို သည်။
CDM ဝင်လာသူ အများစုသည် လွတ်မြောက်နယ်မြေများတွင်လည်းကောင်း၊ အချို့မှာ ပြည်သူလူထု ကြားတွင်လည်း ကောင်း ခိုလှုံနေကြလျက် ၎င်းတို့ တတ်နိုင်သည်များကို ပါဝင်လုပ်ဆောင်ပေးနေကြောင်း သိရသည်။
ဗိုလ်ကြီး လင်းထက်အောင်က “တော်လှန်ရေး ရဲဘော်တွေကို စစ်ပညာ သင်ကြားပေးနေကြတဲ့ သူတွေလည်း ရှိတယ်။ ကိုယ်တိုင် လက်နက်ဆွဲကိုင် တိုက်ပွဲဝင်နေတဲ့ သူတွေလည်း ရှိတယ်။ တချို့လည်း လုံခြုံရေး အခြေအနေအရ ဘာမှမလုပ် နိုင်တဲ့ အနေအထားမှာ သူတို့သိတဲ့ အချက်အလက်တွေ မျှပေးနေတာလည်း ရှိတယ်” ဟု ပြောသည်။
လတ်တလောတွင် ပြည်သူ့ရင်ခွင်အဖွဲ့နှင့် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး CDM ဝင်လာသည့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀၀ အတွက် CDM ဝင်လာသူများအဖြစ် အသိအမှတ်ပြုသည့် CDM Code နံပါတ်များ ပေးထားပြီးဖြစ်ကာ နောက်ထပ် ၂၀၀ အတွက်လည်း Code နံပါတ်များပေးရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။
စစ်တပ်က ပြည်သူအပေါ် အကြမ်းဖက်ဖိနှိပ်မှုများ ပိုများလာသည်နှင့်အမျှ ပြည်သူနှင့် ပူးပေါင်းမည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိုမို များပြားလာနိုင်ပြီး သြဂုတ်လ တတိယပတ် အတွင်းမှာပင် CDM ဝင်လာသည့် တပ်ဖွဲ့ဝင်များ ဆက်တိုက် ရှိနေခြင်းဖြစ် ကြောင်း CDM စစ်တပ်အရာရှိ အချို့က ဆိုသည်။
ယနေ့ (ဩဂုတ် ၂၀ ရက်) တွင် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဝင်းမင်းသန်းသည် ၎င်းကိုင်ဆောင် သည့် လက်နက်နှင့်အတူ ထွက်ပြေးကာ CDM ဝင်ရောက်လာကြောင်း ယင်းမာပင်ဒေသခံများထံမှ သိရသည်။
ထို့အတူ ဩဂုတ် ၁၉ ရက် နံနက်ပိုင်းကလည်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် အမှတ် ၂၅ ခြေမြန်တပ်ရင်းမှ စစ် သည်အချို့လည်း ၎င်းတို့ကိုင်ဆောင်သည့် လက်နက်နှင့်အတူ အခြေစိုက်တပ်မှ ထွက်ပြေးကာ CDM ဝင်လာမှုများလည်း ရှိနေသည်။
NUG က လုံခြုံရေး ကူညီပေးနိုင်ခဲ့မည်ဆိုလျှင် တလအတွင်း၌ နောက်ထပ် စစ်သား ၅၀၀ ထွက်လာရန် ရှိကြောင်း၊ NUG ဘက်မှ ဌာနတခုဖွင့်ကာ စိစစ်ကူညီပေးစေချင်ကြောင်း CDM ဝင်လာသည့် စစ်သည်များနှင့် ပတ်သက်၍ သတင်းများ ထုတ်ပြန်ပေးနေသည့် ပြည်သူ့စစ်သားများအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
You may also like these stories:
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကယားတွင် အရပ်သား နှစ်ဦး ဒဏ်ရာရ
ပန်ဆိုင်းနှင့်မုံးကိုး တိုက်ပွဲများကြောင့် အရပ်သားရာချီ ထွက်ပြေးနေရ
စစ်ရေးတင်းမာနိုင်သဖြင့် ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးများ စုဆောင်းရန် KNDF ပြော
ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ