အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းပြီးနောက် ၅ လခန့် အကြာတွင် စစ်ဘက်မြေနေအရာအဖြစ် အသုံးပြု ရန်အတွက် ကော့သောင်းမြို့နယ်မှ မြေ ၃၁ ဧကကျော်အား သိမ်းယူရန် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက မြေသိမ်းမိန့် ထုတ်ပြန်ခဲ့သည်။
ပြည်ထဲရေးဝန်ကြီး လက်မှတ်ရေးထားသည့် ဇွန် ၂၈ ရက်စွဲပါ အမိန့်စာအရ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် (အကွက်အမှတ် ၆၁၊ ၆၃)နှင့် ရွှေပြည်သာရပ်ကွက် (အကွက်အမှတ် ၆၆၊ ၆၇) တို့ရှိ ဦးပိုင်အမှတ် ၈ ခုမှ စုစုပေါင်း ၃၁ ဒသမ ၄၈၀ ဧကအား သိမ်းယူကာ အမှတ် (၂) စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (ရေ) မြေနေရာအဖြစ် အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရခေတ်တလျှောက် မြေသိမ်းခဲ့မှုများအား ပြီးခဲ့သည့် အစိုးရနှစ်ဆက်လုံး ကော်မတီများ ဖွဲ့စည်း ပြီး စစ်ဆေးဖြေရှင်းခဲ့သည့်တိုင် မပြေလည်ခဲ့သည့် မြေယာအမှုများစွာ ရှိနေချိန် အာဏာသိမ်း စစ်ကောင်စီ လက်ထက် ၅ လ မပြည့်မီပင် မြေသိမ်းမှုများ ပြန်လည် မြင်တွေ့လာရခြင်းမှာ ပြည်သူများအတွက် မကောင်းသည့် နိမိတ်တခုပင် ဖြစ်ကြောင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်မှ ဦးဇော်ရမ်းက ပြောသည်။
၎င်းက “နိမိတ်ဆိုးတခု စတင်လိုက်တာပဲ။ သူတို့ပြောစကားအရ ၂ နှစ်လောက် ထပ်နေဦးမှာဆိုတော့ ထပ်ပြီးတော့ တောက်လျှောက်သိမ်းလာအုံးမှာ။ သိမ်းပြီးရင် နောက်ပိုင်းကျ ဇနီးတွေ၊ ဆွေမျိုးတွေ နာမည်ပေါက်သွားရော။ လူထုအတွက် တော်တော်နိမိတ်မကောင်းတဲ့ ဟာတခုပဲ။ ဦးပိုင်အမှတ် ထွက်ပြီးသားတွေကို သိမ်းတာနော်။ တော်တော် အခြေအနေ မကောင်းဘူး” ဟု ပြောသည်။
စစ်ကောင်စီ အနေဖြင့် ယခုကဲ့သို့ မြေသိမ်းရာတွင် ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေအား အသုံးချခဲ့ပြီး ပုဒ်မ ၁၇-၁ အရ အမိန့်ကြော်ငြာစာ ထုတ်ဆင့်ပြီးနောက် ၁၅ ရက် ကုန်ဆုံးသည့်နေ့တွင် မြေအားသိမ်းယူကာ ကာကွယ်ရေးဝန်ကြီး ဌာနထံ လွှဲပြောင်းပေးရမည် ဖြစ်ကြောင်း မြေသိမ်းကော်လိတ္တော်အရာရှိ ဖြစ်သည့် ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး အား ညွှန်ကြားခဲ့သည်ဟု ဆိုသည်။
၁၈၉၄ မြေသိမ်းအက်ဥပဒေပုဒ်မ ၁၇-၁ တွင် အရေးပေါ်ကိစ္စများအတွက် အစိုးရက ညွှန်ကြားသည့်အခါ ကော်လိတ္တော် အရာရှိသည် ယင်းသို့သော လျော်ကြေးငွေကို သတ်မှတ်ပေးရခြင်း မရှိသည့်တိုင်အောင် အများပြည်သူ အကျိုးစီးပွား ကြံရွယ်ချက်အတွက် (သို့) ကုမ္ပဏီတခုအတွက် မြေလွတ်မြေလပ် (သို့) စိုက်ပျိုးထွန်ယက်နိုင်သော မြေတစုံတရာကို ပုဒ်မ ၉၊ ပုဒ်မခွဲ ၁ တွင် ဖော်ပြထားသည့်အတိုင်း နို့တစ်ကြော်ငြာစာကို ထုတ်ပြန်ပြီးနောက် ၁၅ ရက်မြောက်သောနေ့ တွင် လက်ရောက် ရယူနိုင်ကြောင်း၊ ယင်းမြေသည် အစိုးရအတွက် နှောင့်ယှက်ခြင်း၊ ဝန်တင်ခြင်းကင်းစွာ ရရှိရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
ကော့သောင်းမြို့နယ်အတွင်း စစ်ကောင်စီက မြေသိမ်းခြင်းနှင့် ပတ်သက်၍ သေချာမသိရှိရသေးသော်လည်း စစ်တပ် အနေဖြင့် ကော့သောင်းမြို့၊ အေးရိမ်ငြိမ်းရပ်ကွက် အပါအဝင် တမြို့လုံးနီးပါး လမ်းဘေးဝဲယာ ချဲ့ထွင်မှုများ ပြုလုပ်နေ သည်ကို တွေ့ရကြောင်း ကော့သောင်းဒေသခံ တဦးက ပြောသည်။
ကော့သောင်းမြို့မှ မြေသိမ်းမှုအပြင် စစ်ကောင်စီသည် မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကွမ်းလောင်းကျေးရွာအုပ်စု၊ ကွင်း/အကွက် အမှတ်နှင့်အမည် – ၉၆၆/မြောင်ကွင်း၊ ဦးပိုင်အမှတ်(-)ရှိ မြေ ၂၃ ဒသမ ၂၇ ဧကကိုလည်း ကာ ကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၆) သကြားစက်ရုံ (ဒုရင်္ဂဗိုလ်) မြေနေရာအဖြစ် အသုံးပြုရန် မြေနှင့်အခွန်အမိန့်ဆင့်ဆို ချက် ၃၃၃ အရ ကာကွယ်ရေးဝန်ကြီးဌာနသို့ အခမဲ့ လွှဲပြောင်းပေးလိုက်ကြောင်းလည်း ဇွန် ၂၈ ရက်နေ့၌ပင် ကြေညာ ခဲ့သည်။
စစ်တပ်ပိုင် အမှတ် ၆ သကြားစက်ရုံ (ဒုရင်္ဂဗိုလ်) စတင် တည်ချိန်ကပင် မြေယာသိမ်းဆည်းမှုများကြောင့် အမှု များစွာဖြစ်ပွားခဲ့ပြီး လယ်ယာမြေ သိမ်းဆည်းခံရမှုအား ပြန်လည်ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည့် တောင်သူများ ထောင်ဒဏ် ချမှတ်ခံရသည်အထိ ဖြစ်ပွားခဲ့သည်။
နိုင်ငံအနှံ့ ဖြစ်ပွားခဲ့သည့် မြေယာသိမ်းဆည်းခံရမှုများနှင့် ပတ်သက်ပြီး NLD အစိုးရ လက်ထက်တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်ကာ ပြန်လည် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ၂၀၁၉ တွင် ပြည်ထောင်စု လွှတ်တော်ကလည်း “မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်း၊ ပြန်လည်ထူထောင်ခြင်းဆိုင်ရာဥပဒေ” ကို ပြဋ္ဌာန်းခဲ့သည်။
သို့သော် ယင်းဥပဒေနှင့် မဆန့်ကျင်သ၍ “၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေ” အား ဆက်လက် ကျင့်သုံးနိုင်သည်ဟု ဆိုထားသည်။
၂၀၁၉ မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်း၊ ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေအရ မြေသိမ်းမည်ဆိုပါ က ကော်မတီများဖွဲ့ကာ စိစစ်ရမည်ဖြစ်ပြီး အရေးပေါ်အခြေအနေအရ အဆောတလျင် သိမ်းဆည်းရပါကလည်း နောက်ပိုင်းတွင် နစ်နာသူက တင်ပြလာသည့်အခါ ကာလဒေသ ပေါက်ဈေးထက် ၁၀ ဆ ပို၍ ပေးဆောင်ရမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်ကို တွေ့ရသည်။
NLD အစိုးရ လက်ထက်အတွင်း မြေယာသိမ်းဆည်းမှုများနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ချက်များအရ မူလ ပိုင်ရှင်တောင်သူများထံ ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည့် အမှုများ ရှိသော်လည်း တောင်သူများ အနေ ဖြင့် အောက်ခြေတွင် အမှန်တကယ် လက်ဝယ် မရရှိသည့် ဖြစ်ရပ်များလည်း ရှိကြောင်း ဦးဇော်ရမ်းက ပြောသည်။
အဆိုပါ ဖြစ်ရပ်များအနက် တောင်သူများထံ ပြန်ပေးရန် ဆုံးဖြတ်ထားသည့် ကျွန်စုမြို့နယ်မှ အမှုတခုနှင့် မိုးညှင်းမြို့ နယ်မှ အမှုတခုတို့အတွက် အာဏာသိမ်း စစ်ကောင်စီ၏ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံ ပြော ဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဦးဇော်ရမ်း၏ ပြောဆိုချက်အရ သိရသည်။
You may also like these stories:
ယုဇနကုမ္ပဏီ သိမ်းယူထားသည့် မြေများအား ဒေသခံတောင်သူများ ပြန်လည်ခွဲဝေ
Mizzama အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်အမှု တရားလိုဘက် စတင် စစ်ဆေး
ဟားခါးတွင် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားနေ၊ စစ်သား ၁၀ ဦး ထပ်မံ ကျဆုံးဟု ဆို
ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ