ထိုင်းအစိုးရက လုပ်ငန်းလိုအပ်ချက်အရ အိမ်နီးချင်း ၃ နိုင်ငံမှ အလုပ်သမား ၄ သိန်းကျော်အား MOU စနစ်ဖြင့် ခေါ်ယူမည်ဖြစ်ရာ ထိုထဲတွင် မြန်မာလုပ်သား ၂ သိန်းကျော်ခေါ်မည်ဖြစ်ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမား တာဝန်ခံ ဦးမင်းဦး ကပြောသည်။
မြန်မာအပါအဝင် ကမ္ဘောဒီယား၊ လာအို တို့မှ အလုပ်သမား ၄ သိန်းကျော်တို့ကို MOU စနစ်ဖြင့် ခေါ်ယူသွားမှာဖြစ်ပြီး မြန်မာမှ အလုပ်သမား ၂၅၀၀၀၀၊ ကမ္ဘောဒီးယားနိုင်ငံမှ တသိန်းကျော်နှင့် လာအိုနိုင်ငံမှ ၃၈၀၀၀ တို့ကို ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရသည်။
ဦးမင်းဦး က “လောလောဆယ် လုပ်သားအင်အား လိုအပ်ချက်ဖြစ်နေတယ်။ အထူးသဖြင့်တော့ အလုပ်ကြမ်း လုပ်တဲ့ လေုပ်ငန်းတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့အတွက် သူတို့တွေရဲ့ လိုအပ်တဲ့လုပ်ငန်းရဲ့ လုပ်သားဦးရေ ဘယ်လောက်လဲဆိုတာကို သုတေသနလုပ်ပြီးတော့ လိုအပ်တဲ့ ဌာနအလိုက် အလုပ်သမားဝန်ကြီးဌာနကနေတဆင့် ခေါ်တဲ့သဘောပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်မှုများ စတင်ဖြစ်ပွားသည့် အချိန်ကာလမှစတင်၍ အလုပ်အကိုင်များ မရှိတော့သဖြင့် အလုပ်သမားများနေရပ်သို့ သိန်းနှင့်ချီ နေရပ်ပြန်သွားကြခြင်းကြောင့် ယခုအခါတွင် လုပ်ငန်းလိုအပ်ချက်များ ရှိနေပြီး တတိယလှိုင်းတွင် ပိုမိုဆိုးရွားလာသည့်အတွက် ယခုကဲ့သို့ အလုပ်သမားများကို ပြန်လည်ခေါ်ယူရခြင်းဖြစ်ကြောင်း သိရသည်။
“အမှန်တော့ မနှစ်ကထဲကခေါ်တာ ဘာဖြစ်လို့လဲဆိုတော့ တချို့အလုပ်သမားတွေ တော်တော်များများက ကိုဗစ်စဖြစ်တဲ့အချိန်မှာ အလုပ်အကိုင်တွေမရှိတော့တဲ့အခါမှာ ပြန်ကြတာ အဲဒီလိုပြန်တဲ့အုပ်စုတွေအများကြီး သိန်းနဲ့ချီပြီးပြန်ကြတာဆိုတော့ အလုပ်နဲ့ပတ်သက်ပြီး လိုအပ်ချက်တွေရှိနေတယ်။ အခုဒီဘက်နှစ်ပိုင်းမှာဖြစ်တဲ့ ဒုတိယလှိုင်းနဲ့ တတိယလှိုင်းမှာ ပိုဆိုးတာပေါ့။ အဲဒီအခါမှာ အလုပ်ကြမ်းနဲ့ပတ်သက်ပြီးတော့က ရွှေ့ပြောင်း လုပ်သားတွေကို အားကိုးရတာဆိုတော့ အလုပ်တွေရဲ့လိုအပ်ချက်တွေဖြစ်လာပြီ။ ဒါကြောင့်မို့လို့ လိုအပ်တဲ့ဦးရေနဲ့ အလုပ်ဌာနတွေပေါ်မူတည်ပြီး စာရင်းလုပ်ပြီးတော့မှ ပြန်ခေါ်တဲ့သဘောပေါ့ “ ဟု ဦးမင်းဦး က ဆက်၍ ရှင်းပြသည်။
ထိုသို့ MOU (Memorandum of Understanding) ဖြင့် ခေါ်ယူမည့် အလုပ်သမားများအနေဖြင့် မွေးမြူရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ MOU စနစ်ဖြင့် ရွှေ့ပြောင်းအလုပ်သမား ၄ သိန်းကျော်ခေါ်ယူမည့် အကြောင်းကို ပြီးခဲ့သည့် ၂ ရက်ခန့်က ထိုင်းဝန်ကြီးချုပ်နှင့် ဒုဝန်ကြီးချုပ်တို့က အလုပ်သမား ဝန်ကြီးဌာနနှင့် တိုင်ပင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အချိန် စတင်ခေါ်ယူမည်ဆိုသည်ကို ကြေညာခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သား ၁.၁၅ သန်း ရှိပြီး တရားမဝင် ဝင်ရောက် နေထိုင်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အရေ အတွက်မှာလည်း တသန်းကျော် ရှိနေကြောင်းသိရသည်။
ကိုဗစ်ကာလများအတွင်းမှာလည်း မြန်မာနိုင်ငံမှ အလုပ်အကိုင်ရှာဖွေရန် နယ်စပ်မှ တရားမဝင် ဖြတ်ကျော်လာသူ ၄ သောင်းကျော်ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
You may also like these stories:
မဲဆောက်တွင် ကိုဗစ်ကူးစက်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ ကျော်ရှိလာ
ထိုင်းမှာ ကိုဗစ်ပိုးကူးစက်မှုသစ် မြန်မာအလုပ်သမား ၆၀၀ ခန့် ပါဝင်
ထိုင်း ကိုဗစ်-၁၉ ကူးစက်မှုသစ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ဓားစာခံ မဖြစ်သင့်