အစ္စမေးလ် ဆက်ဗရီ ယာကော့သည် မလေးရှားနိုင်ငံ၏ နဝမမြောက်ဝန်ကြီးချုပ်အဖြစ် စနေနေ့နေ့လယ်ပိုင်းက ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ကိုဗစ်နိုင်တင်းအကျပ်အတည်း ပြင်းထန်နေစဉ်အတွင်း မလေးရှားမှ အရှုပ်တော်ပုံထူပြောသော ရှေးရိုးစဉ်လာဝါဒီများ ပြန်လည်ခေါင်းထောင်လာသည်။
အသက် ၆၁ နှစ်ရှိပြီဖြစ်သော အစ္စမေးလ်သည် ၂၀၁၈ ခုနှစ်က ဖက်ဒရယ်ရွေးကောက်ပွဲအပြီး တက်လာသော တတိယမြောက် ဝန်ကြီးချုပ်ဖြစ်သည်။ ဘဂျူမီလာယုခေါ် မလေးရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး ဇနီး၊ သားသမီးများနှင့်အတူ အစ္စမေးလ်သည် ဘုရင် ဆူလတန် အဗ္ဗဒူလာ ရီယာယက်တတ်ဒင်၏ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုသည်။
အစ္စမေးလ်သည် ညီညွတ်သော မလေးအမျိုးသား အဖွဲ့ချုပ် (UMNO) မှဖြစ်ပြီး UMNO သည် အဂတိလိုက်စားမှုများ အထူးသဖြင့် ယခု ရပ်ဆိုင်းလိုက်ပြီဖြစ်သော1Malaysia Development Berhad (1MDB) ရန်ပုံငွေအလွဲသုံးစားမှု ကြောင့် ၂၀၁၈ ခုနှစ်တွင် ရွေးကောက်ပွဲမရှုံးနိမ့်မီက နိုင်ငံကို ဆယ်စုနှစ် ၆ ခုကြာဦးဆောင်ခဲ့သော ပါတီဖြစ်သည်။ ထိုပါတီမှ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်အပါအဝင် အဓိက ခေါင်းဆောင်များသည် တရားရုံးတွင် အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုများ ရင်ဆိုင်နေရသည်။
ရှေ့နေတဦးဖြစ်သော အစ္စမေးလ်သည် မည်သည့်အတွက်မျှ စွဲချက်တင်ခံရခြင်း မရှိသော်လည်း သူ ဝန်ကြီးချုပ်ဖြစ်လာသောကြောင့် UMNO ၏ ရွေးကောက်ပွဲအရှုံးသည် အနိုင်ပြန်ဖြစ်သွားကာ မလေးနိုင်ငံသားအများအပြားက လူမှုကွန်ရက်တွင် ဒေါသထွက်နေကြသည်။ “အစ္စမေးလ် ဆက်ဗရီ ယာကော့ကို ဝန်ကြီးချုပ်အဖြစ် အလိုမရှိ” ဆိုသည့် အွန်လိုင်းလှုပ်ရှားမှုသည် ၃ ရက်အတွင်း လက်မှတ်ပေါင်း ၃ သိန်း ၆ သောင်းရရှိသည်။ သူ့ကို ဝန်ကြီးချုပ်အဖြစ် နန်းတော်က သောကြာနေ့တွင် အတည်ပြုပြီးနောက် ကျွန်ုပ်တို့ ဝန်ကြီးချုပ် မဟုတ် #NotMyPM လှုပ်ရှားမှုသည်လည်း တွစ်တာတွင် ရေပမ်းစားနေသည်။
မကြာသေးမီကအထိ သူ့ကို ဝန်ကြီးချုပ်အဖြစ်စဉ်းစားသူ မလေးနိုင်ငံသား မရှိသလောက်ပင်ဖြစ်သည်။
မူဟစ်ဒင်က အစ္စမေးလ်ကို လွန်ခဲ့သော ၆ လခန့်က ဒုတိယဝန်ကြီးချုပ် ခန့်အပ်ခဲ့သည်။ လွန်ခဲ့သော တနင်္လာနေ့က မူဟစ်ဒင်အစိုးရ ပြိုကွဲပြီးနောက် အစ္စမေးလ်သည် အချိန်မှန်တွင် နေရာမှန်သို့ ရောက်လာသည့် သဘောဖြစ်နေသည်။
UMNO အာဏာပြန်ရလာသောကြောင့် မကျေနပ်ကြသော်လည်း အစ္စမေးလ်သည် ဝန်ကြီးချုပ်ရာထူးကို ကာလကြာမြင့်စွာ မျှော်လင့်နေသည့် အန်ဝါ အီဗရာဟင်ထက် ပါလီမန်အတွင်း လိုအပ်သော ထောက်ခံမှုရကြောင်း အတိုက်အခံများက ဝန်ခံကြရသည်။
သောကြာနေ့က ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် အန်ဝါက ထိုခန့်အပ်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မလေးရှားပါလီမန်ဒီမိုကရေစီစနစ်အပေါ် အခြေခံသည့် ခန့်အပ်မှုဖြစ်ကြောင်း အတိုက်အခံများက ဝန်ခံ အသိအမှတ်ပြုသည်ဟု အန်ဝါ ပြောကြားသည်။ ” အတ်ိုက်အခံတွေအနေနဲ့ ၁၅ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲအတွက် ပိုမိုကြိုးစားဖို့ စိန်ခေါ်မှုဖြစ်ပါတယ်” ဟု အန်ဝါပြောသည်။
“အစ္စမေးလ် ဆက်ဗရီဟာ မူဝါဒရေးရာ ထူးချွန်ထက်မြက်မှုနဲ့ နိုင်ငံရေးဦးဆောင်မှုအတွက် ဘယ်တုန်းကမျှ နာမည် မကျော်ကြားခဲ့ဘူး။ ဒါပေမယ့် သူ့ကိုယ်သူဝန်ကြီးချုပ်ဖြစ်အောင် လုပ်သွားနိုင်တဲ့ ပါးနပ်တဲ့ နိုင်ငံရေး ပရိယာယ်အတွက် သူ့ကို သုတေသီတွေက အသိအမှတ်ပြုကြတယ်”ဟု စင်္ကာပူမှ နိုင်ငံတကာရေးရာ အင်စတီကျုမှ အဆင့်မြင့်သုတေသီ အိုအိဆန်က ပြောသည်။
ပါလီမန်နေရာ ၄ နေရာခန့်မျှဖြင့် အများစု အနေအထားရနေခြင်းနှင့် တိုင်းပြည်၏ ကျန်းမာရေးစနစ်နှင့် စီးပွားရေးကို အကျပ်အတည်းဖြစ်စေသည့် စံချိန်တင် ကိုဗစ်နိုင်တင်းကူးစက်မှုဖြစ်ပွားနေချိန်တွင် နိုင်ငံကို ဦးဆောင်ရခြင်းသည် ပိုမိုစိန်ခေါ်မှုကြီးမားဖွယ် ရှိသည်။
မလေးရှားတွင် တနေ့တာ ကိုဗစ်နိုင်တင်းကူးစက်မှုသည် သောကြာနေ့က ပထမဆုံးအကြိမ်အဖြစ် လူပေါင်း ၂၃၀၀၀ ကျော်သွားခဲ့သည်။ ယခုလအစောပိုင်းက ဗဟိုဘဏ်သည် တနှစ်တာ ပြည်တွင်းထုတ်လုပ်မှုတိုးတက်မှုကို ၃ သို့မဟုတ် ၄ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ရသည်။ ယခင်က ခန့်မှန်းထားသည့် တိုးတက်မှုနှုန်းမှာ ၆ မှ ၇.၅ ရာခိုင်နှုန်းဖြစ်သည်။
၂၀၀၈ ခုနှစ်ရွေးကောက်ပွဲမှ ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ဘက် ဖြစ်သွားခြင်းကြောင့် ပြည်သူလူထုနှင့် အဆင်ပြေမည် မဟုတ်ကြောင်းလည်း အို ပြောသည်။ ထိုအချက်သည် အစ္စမေးလ်အစိုးရကို ဆက်လက် ခြောက်လှန့်နေမည်ဖြစ်ကြောင်း သူပြောသည်။
အလုပ်ဖြစ်ရေးအတွက် အစ္စမေးလ်သည် သူ၏ပါတီတွင်း ဆက်ဆံရေးခိုင်မာအောင် လုပ်ဆောင်ရေးကို အာရုံစိုက်ပြီး သူ၏ညွန့်ပေါင်း မဟာမိတ်များနှင့် အတူလုပ်ကိုင်ကာ အတိုက်အခံများနှင့်လည်း ပြေငြိမ်းအောင် လုပ်ဆောင်နေကြောင်း မလေးရှားသိပ္ပံတက္ကသိုလ်မှ နိုင်ငံရေးသုတေသီ ဆီဗာမာရူဂန် ပန်ဒီယန် ပြောသည်။
“ကပ်ရောဂါက နာလန်ထရေးအတွက်သာမက နောင် အောက်လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းလာရင် ထောက်ခံမှု မလျှော့သွားအောင် အစ္စမေးလ်အနေနဲ့ အန်ဝါ အီဗရာဟင်နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ကျနော် ထင်တယ်” ဟု သူပြောသည်။
၂၀၂၀ ခုနှစ် မတ်လက အနည်းငယ်မျှသော အသာဖြင့် လူများစု အနေအထားရခဲ့သော မူဟစ်ဒင်သည် မလေးရှား သမိုင်းတွင် သက်တမ်းအတိုဆုံး ဝန်ကြီးချုပ်ဖြစ်သွားခဲ့သည်။
အစိုးရသစ်သည် ၂၀၂၂ ခုအလယ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအထိသာ သက်တမ်းရှိမည်ဖြစ်ကြောင်း ယူရေးရှားအုပ်စုမှ ပီတာ မမ်းဖို့ဒ်က ခန့်မှန်းသည်။
လတ်တလောတွင် မူဝါဒသည် ယခင်အတိုင်း ဆက်ရှိနေမည်ဟု မမ်းဖို့ဒ်ပြောသည်။ “မူဝါဒပြောင်းပြောင်း မပြောင်းပြောင်း လတ်တလော မူဝါဒ ရိုက်ခတ်မှုက အသင့်အတင့်ပဲရှိပြီး ပါလီမန်ကလည်း စတုတ္ထ ၃ လပတ်မှာ ၂၀၂၂ ခုနှစ် အသုံးစရိတ်ခွဲဝေမှုကို အတည်ပြုပေးဖို့ ဖြစ်နိုင်ခြေများတယ်။ အခုပေးနေတဲ့ စီးပွားရေးအကူအညီတွေကို ထိခိုက်မှာမဟုတ်ဘဲ အစ္စမေးလ်က မူဟစ်ဒင်ချမှတ်ခဲ့တဲ့ ဘဏ္ဍာရေး ခိုင်မာမှုကို ဖြည်းဖြည်းနဲ့ ဆက်လုပ်လိမ့်မယ်” ဟုလည်း သူပြောသည်။
ကိုးကား။ ။ Nikkei Asia
You may also like these stories:
တာလီဘန်သိမ်းပြီး အာဖဂန်အနာဂတ် ဘယ်လဲဘာလဲ
အကြမ်းနည်း တိုက်ခိုက်မှုတွေ ပြင်းထန်လာတဲ့ ရန်ကုန်
ကိုဗစ်နိုင်တင်း ပျံ့နှံ့မည် စိုးပြီး စစ်ကောင်စီနှင့် ဆက်ဆံလာနေရ
မြန်မာစစ်ကောင်စီ သံတမန်များ ပြည်ဝင်ခွင့် ဂျပန်ငြင်းဆန်