သတင်း

အမေရိကန်ဒုသမ္မတနှင့် စင်ကာပူ ဝန်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး

စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်ဒုသမ္မတ ကာမလာဟဲရစ်သည် ယနေ့တွင် ဝန်ကြီးချုပ် လီရှန်လွန်းနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန် ဒုသမ္မတ ကာမလာဟဲရစ်သည် သြဂုတ် ၂၂ ရက်က စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး၊ ဂျိုးဘိုင်ဒင် အစိုးရလက်ထက် ထိပ်တန်းခေါင်းဆောင်တဦး အရှေ့တောင်အာရှ ဒေသသို့ ပထမဆုံး လာရောက်ခြင်း ဖြစ်သည်။

“ဒီနေ့ ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်နဲ့ ကျမတို့ မြန်မာပြည်တွင်းက အကျပ်အတည်းအရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေကို ကူညီ ရမှာ ဖြစ်ပါတယ်” ဟု အမေရိကန် ဒုသမ္မတ ကာမလာဟဲရစ်က ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခြင်း ဖြစ် သည်။

အမေရိကန် ဒုသမ္မတ ခရီးစဉ်မတိုင်မီက စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘလာကရစ်ရှ်နန်က မြန်မာအရေးမှာ နိုင်ငံရေး အကျပ်အတည်းသာမက ကိုဗစ်နှင့်ပါ ရင်ဆိုင်နေရကြောင်း၊ အာဆီယံ အဖွဲ့ ကြီး၏ မြန်မာ့အရေးကိုင်တွယ်မှု မှာလည်း ထိရောက်မှု မရှိကြောင်း ပြောဆိုထားသည်။

ယနေ့ အမေရိကန် ဒုသမ္မတ ပြောဆိုသည့် နိုင်ငံတကာက မြန်မာပြည်သူများကို ကူညီရမည်ဆိုသည့် အချက်မှာ မြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ သဘောထားနှင့် ဆန့်ကျင်ကွဲလွဲနေကြောင်း လေ့လာသူအချို့က သုံးသပ်သည်။

တရုတ်နိုင်ငံဘက်ကမူ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်စပ်နေသဖြင့် မြန်မာ့အရေး တွင် တရုတ်က အပြုသဘော ဝင်ပါမည်ဟု ဆိုထားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် မြန်မာ့အရေးတွင် မသင့် လျော်သည့် ကြားဝင်မှုများ ရှောင်ရှားရန် ပြောထားသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် မြန်မာ့အရေးတွင် သဘောထားကွဲလွဲမှု ရင်ကြားစေ့ရေးကို အထောက်အကူပြုသည့် ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ပြီး တဖက်သတ် အရေးယူ ဒဏ်ခတ်မှုနှင့် မသင့်လျော်သည့် ကြားဝင်မှုကို ရှောင်ကြဉ်သင့်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လဆန်းတွင် ပြောထားသည်။

အမေရိကန်ဒုသမ္မတသည် ဩဂုတ်လ ၂၂ ရက်တွင် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံသို့ ဆက် လက် ခရီးဆက်ရန် ရှိနေကြောင်း စင်္ကာပူမှ လာသည့် သတင်းများအရ သိရသည်။

ထိုင်းအခြေစိုက် သတင်းစာဆရာ Kavi Chongkittavorn ကမူ အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်တို့ လက်ထဲ ကျ ရောက်ပြီးနောက်တွင် ထွက်ပေါ်လာသော အမေရိကန် ဒုသမ္မတ၏ ခရီးစဉ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးက စောင့်ကြည့်နေကြရသည့် ခရီးစဉ်တခု ဖြစ်ကြောင်း သုံးသပ်ထားသည်။

ဆက်လက်၍ ၎င်းက ဒုသမ္မတ ခရီးစဉ်တွင် ပါဝင်သည့် စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့သည် ၎င်းတို့၏ မဟာဗျူဟာ တန်ဖိုးကို မြှင့်တင်၍ ၎င်းတို့၏ ဆန္ဒအပေါ်အခြေခံကာ ဝါရှင်တန်၏ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်မူဝါဒ အတွက် အရေးပါသည့် နိုင်ငံများဖြစ်ကြောင်း မှတ်ချက်ပေးသည်။

You may also like these stories:

မြန်မာစစ်ကောင်စီ သံတမန်များ ပြည်ဝင်ခွင့် ဂျပန်ငြင်းဆန်

သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် တွေ့ ဆုံခွင့် ရရှိရေး ရှေ့နေအဖွဲ့ ကြိုးပမ်းနေ

တရုတ်က မြန်မာစစ်ကောင်စီကို အစိုးရဟု ခေါ်

ဘရူနိုင်းနှင့် စစ်ကောင်စီ စီးပွားရေးပတ်သက်နေသောကြောင့် ASEAN အထူးသံတမန်ကို မေးခွန်းထုတ်နေ

Loading