တရားမဝင် မြန်မာစစ်ကောင်စီ၏ ကိုယ်စားလှယ်ကို ယခုအပတ်တွင် ကျင်းပနေသည့် အာဆီယံပါလီမန်များညီလာခံ (AIPA) သို့ တက်ရောက်ခွင့်ပြုခဲ့သည့်အတွက် အာဆီယံအဖွဲ့သည် ဝေဖန်ပြစ်တင်ခံနေရသည်။
၄၂ ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံကို အွန်လိုင်းရုပ်သံပုံစံဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံက ဩဂုတ်လ ၂၃ ရက်မှ ၂၅ ရက်အထိ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ်များနှင့် ကျင်းပနေခြင်း ဖြစ်သည်။
ညီလာခံဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အစည်းအဝေး တက်ရောက်ခွင့်မပြုဘဲ ရွေးကောက်ခံ အစိုးရမဟုတ်သော စစ်ကောင်စီ၏ ကိုယ်စားလှယ်အား လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုလိုက်သည့်အပေါ် CRPH က ပြစ်တင်ရှုတ်ချထားသည်။
“AIPA ဥက္ကဋ္ဌရဲ့ လုပ်ရပ်ဟာ အာဆီယံလွှတ်တော်အသိုက်အဝန်းအား ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ကိုယ်စားပြုနိုင်မှုမရှိတဲ့ လမ်းစဉ်တခုကို ဦးတည်စေခဲ့တာဖြစ်တယ်လို့ မှတ်ယူပါတယ်” ဟု CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ဩဂုတ်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောသည်။
CRPH ကိုယ်စားလှယ်များအား မရွေးချယ်ဖြစ်လိုက်ခြင်းသည် နားလည်မှု တစုံတရာလွဲချော်ခြင်းဖြစ်ပါက အလျင်အမြန် ရှင်းလင်းရန်လိုပြီး မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖွဲ့အား ဖိတ်ခေါ်ရန်ဆုံးဖြတ်ပါက CRPH ကိုယ်စားလှယ်များသည် အစည်းအဝေးတက်ရန် အသင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အကယ်၍ AIPA သည် အာဆီယံဒေသအတွင်း၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး ၊ လုံခြုံရေးနှင့် သာယာဝပြောမှု မြှင့်တင်ရန်ဆိုသည့် ၎င်းတို့၏ ပြဌာန်းချက်များကို ချိုးဖောက်ရန်ရွေးချယ်လိုက်ပါက ၄၂ ကြိမ်မြောက်ညီလာခံသည် ရှက်ဖွယ်တခုအဖြစ် မှတ်တမ်းဝင်သွားလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။
ဂျာမန်နိုင်ငံရေးသမားနှင့် ဥရောပပါလီမန်အဖွဲ့ဝင်ဖြစ်သူ Daniel Caspary က ဦးအောင်ကြည်ညွန့်သည် မြန်မာနိုင်ငံမှ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခံရသော CRPH အား အစည်းအဝေးတွင်ပါဝင်ရန် ဖိတ်ကြားမခံရသည့်အပေါ် တုန်လှုပ်ရကြောင်း ပြောသည်။
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ကလည်း စစ်ကောင်စီကိုယ်စားလှယ်အား ငြင်းပယ်ပြီး CRPH ကိုယ်စားလှယ်များကိုသာ မြန်မာနိုင်ငံ၏ တဦးတည်းသော တရားဝင်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြု ကြိုဆိုရန် AIPA သို့ တိုက်တွန်းထားသည်။
“ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ချမှတ်ထားတဲ့ အာဆီယံသဘောတူညီချက် ၅ ချက်အတိုင်း AIPA က အပြည့်အဝ ချက်ချင်းအကောင်အထည်ဖော်ရန် တိုက်တွန်းလိုက်ပါတယ်”ဟု APHR ၏ ဩဂုတ်လ ၁၈ ရက်ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။
CRPH ကိုယ်စားလှယ်ကို ချန်ထားပြီး စစ်ကောင်စီကိုယ်စားလှယ်ကို အစည်းအဝေးတက်ခွင့်ပြုကြောင်း သတင်းများထွက်လာပြီးနောက် တွင် မြန်မာပြည်သူ ၂၀၀၀ ကျော်ကလည်း Facebook လူမှုကွန်ရက်၌ အဆိုပါလုပ်ရပ်ကို သဘောမတူကြောင်း ၊ AIPA ဥက္ကဌ Pehin Dato Abdul Rahman Taib ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း စာရေးသား ဖော်ပြနေခြင်းများရှိသည်။
ပြီးခဲ့သည့် ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေး တရပ်ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ခန့်အပ်ရေးအပါအဝင် အချက် ၅ ချက်ကို သဘောတူညီခဲ့သည်။
သဘောတူညီချက် ၅ ချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ရေး သက်ဆိုင်ရာ အစုဖွဲ့ အားလုံး အတတ်နိုင်ဆုံး ထိန်းချုပ်ရန်၊ သက်ဆိုင်ရာ အစုအဖွဲ့များကြား အပြုသဘော ညှိနှိုင်းဆွေးနွေးမှုများ စတင်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးရန် စသည့် အချက်များပါဝင်သည်။
လေ့လာသုံးသပ်သူများကမူ သဘောတူညီချက်များတွင် တိုင်းပြည်အခြေအနေတည်ငြိမ်မှ သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် စဉ်းစားမည်ဟု ပြောထားသော မကြာသေးမီကမှ သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ကြေညာထားသည့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အတွက် တိကျသည့် အချိန်ကာလသတ်မှတ်ချက်နှင့် နောက်ဆက်တွဲအစီအစဉ်များ ရှိမနေကြောင်း ထောက်ပြထားသည်။
ကိုးကား။ ။ UCA News
You may also like these stories:
အမေရိကန်ဒုသမ္မတနှင့် စင်ကာပူ ဝန်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး
မြန်မာစစ်ကောင်စီ သံတမန်များ ပြည်ဝင်ခွင့် ဂျပန်ငြင်းဆန်
ကိုဗစ်နိုင်တင်း ပျံ့နှံ့မည် စိုးပြီး စစ်ကောင်စီနှင့် ဆက်ဆံလာနေရ
မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း