ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အကျဉ်းထောင်တွင်း ဖမ်းဆီးခံထားရသည့် ရွေးကောက်ခံ NLD အစိုးရ၏ ကချင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် ပြည်နယ်ဝန်ကြီး ၆ ဦးကို အဂတိလိုက်စားမှုများ ပြုလုပ်ထားသည်ဟု စွပ်စွဲကာ စစ်ကောင်စီ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။
အမှုဖွင့်ခံရသူများသည် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန၏ ပြည်နယ်ဝန်ကြီး ဦးဝေလင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၏ ပြည်နယ်ဝန်ကြီး ဦးဝင်းညွန့်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ပြည်နယ် ဝန်ကြီး ဦးဒါရှီလဆိုင်း၊ စည်ပင်သာ ယာရေး ဝန်ကြီးဌာန၏ ပြည်နယ် ဝန်ကြီး ဦးနော်လီ၊ လူမှုရေး ဝန်ကြီးဌာန၏ ပြည်နယ်ဝန်ကြီး ဦးနေဝင်း၊ လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန၏ ပြည်နယ် ဝန်ကြီး ဦးဇော်ဝင်းတို့ ဖြစ်သည်။
စစ်ကောင်စီသည် သြဂုတ် ၂၃ ရက်တွင် ကချင်ပြည်နယ်၊ စည်ပင်သာယာရေး အဖွဲ့၏ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ကို လည်း သီးခြား ပုဒ်မ တခုဖြင့် အမှုဖွင့် တိုင်ကြားထားသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ပြီး ဦးစိုးနိုင်ကို ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။
ကချင်ပြည်နယ်ကြီးချုပ်နှင့် ဝန်ကြီးများသည် စစ်တပ်က အာဏာစသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်၊ မနက်အစောပိုင်း ကတည်းက ဖမ်းဆီးချုပ်နှောင်ခံလိုက်ရပြီး စစ်ကြောရေးသို့ ပို့ဆောင်စစ်ဆေးကာ ပုဒ်မ အမျိုးမျိုးဖြင့် တရားစွဲဆိုခံထား ရသူများဖြစ်ကာ လက်ရှိတွင် မြစ်ကြီးနားမြို့ အကျဉ်းထောင်ထဲ၌ ချုပ်နှောင်ခံထားရသည်။
အဆိုပါ ဝန်ကြီးများ၏ အမှုတွဲများကို ရှေ့နေ လိုက်ပါ ဆောင်ရွက်ပေးနေသူများထဲမှ ရှေ့နေတဦးက “အဂတိမှုက မနေ့ကမှ အမှုဖွင့်ထားတာ ဆိုတော့ တရားတောင် မစွဲတင်သေးဘူး။ ရုံးဖွင့်ရက်မှ တင်လာမှာပါ။ ကြားမှာတော့ ရမန် ယူ ထားမလားပေါ့။ ဒါပေမယ့် ရမန်ကလည်း နဂိုတည်းက ယူထားပြီးသားဆိုတော့ ဥပဒေကြောင်းအရတော့ ရမာန်ပဲ ဆက်ယူရင် ယူမှာပေါ့။ လောလောဆယ်ကတော့ ဘာမှ မသိရသေးပါဘူး။ အမှုတောင် မတင်သေးဘူး။ ဘာ သက် သေတွနဲ့ တင်ထားလဲ မသိသေးပါဘူး” ဟု ပြောသည်။
စစ်ကောင်စီသည် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် အတွက်ဟုဆိုကာ ရုံးပိတ်ရက်များကို သြဂုတ် ၃၁ ရက်အထိ သတ်မှတ်ထားရာ ရုံးပြန်ဖွင့်သည့် ရက်ရောက်မှသာ အမှုဖွင့်ထားသည့် အခြေအနေများကို သိနိုင်မည်ဟု အဆိုပါ ရှေ့နေက ပြောသည်။
ပုဒ်မ ၅၅ သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေထဲတွင် ပြဋ္ဌာန်းထား သည်။
ပုဒ်မ ၅၆ သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှ အပ အခြား လုပ်ပိုင်ခွင့်အာဏာရှိသူ သို့မဟုတ် လုပ်ပိုင်ခွင့် အာဏာရှိ စဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပို သော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် ပြည်နယ် ဝန်ကြီးများကို အဂတိ လိုက်စားသည်ဟူ၍ စွပ်စွဲထား ချက်များမှာ တာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်း၌ နိုင်ငံတော်ရန်ပုံငွေများကို အလွဲသုံးစားလုပ်၍ အသုံးပြုခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရုံးများ တည်ဆောက်ရန် စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေကြေး တောင်းခံ မှုများ ပြုလုပ်ထားခြင်း ဖြစ်သည်ဟူ၍ စစ်ကောင်စီ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထား သည်။
နိုင်ငံတော်ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်သည်ဟူသည့် ခေါင်းစဉ်အောက်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း ဖမ်းမိ သည့် တရားမဝင် သလင်းကျောက်များကို လေ့လံဖြင့် ပြန်ရောင်းချရာ၌ ကာလပေါက်ဈေးအတိုင်း မရောင်းချဘဲ ဈေး လျှော့ရောင်းခြင်း၊ ရောင်းချရသည့် ငွေများထဲမှ ၂၀ ရာခိုင်နှုန်းကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေထဲသို့ မပေးသွင်းခြင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဧည့်ဂေဟာရုံး တည်ဆောက်ရန် ၁၄၉ ၂.၄ သန်းကို အသုံးပြုခြင်း၊ မြစ်ကြီးနားမြို့တွင်း ရပ်ကွက်များကို ကတ္တရာလမ်းခင်းရန်အတွက် လုပ်ဆောင်ရာတွင် တင်ဒါ မခေါ်ဘဲ ပုဂ္ဂလိက ကုမ္ပဏီတခုတည်းကို လုပ်ပိုင်ခွင့်ပေးခြင်း တို့ ပါဝင်သည်။
နယ်စပ်စီးပွားရေး ကုန်သွယ်ရေးကဏ္ဍမှ သစ်သီးဂျပ်ဖာများ၊ ငွေများ စုစုပေါင်း ၂၁ သိန်းကို လာဘ်အဖြစ် လက်ခံခြင်း၊ ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည်လမ်းတွင် ဖမ်းမိသည့် တရားမဝင် မြေသြဇာများကို လေလံတင် ရောင်းချရာ၌ ရရှိသည့် ၅၂၅ သန်းထဲမှ ဆုကြေးငွေ ၁၅၇ သန်း ရရှိရာ ထိုထဲမှ ၅၇ သန်းကို ရယူခြင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ် ၂၃ စီးအ တွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်၊ အကြီးစားပြင်ဆင်စရိတ်များအတွက် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ၂၁၉ သန်းကျော် သုံးစွဲခြင်းတို့ ပါဝင်သည်။
ထို့ပြင် ပြည်နယ်စီးပွားရေး ဝန်ကြီး ဦးဝေလင်းသည် မိုးကောင်းမြို့နယ်၊ NLD ပါတီရုံး တည်ဆောက်ရန် စီးပွားရေး လုပ် ငန်းရှင်များထံမှ သိန်း ၃၀၀ တောင်းယူခြင်း၊ ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းသည် ကချင်ပြည်နယ် NLD ရုံး ချုပ်နှင့် ဖားကန့်မြို့နယ် NLD ပါတီရုံး တည်ဆောက်ရန် ကျောက်မျက်လုပ်ငန်းရှင်များထံမှ သိန်း ၉၆၀ တောင်းယူ ခြင်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းညွန့်သည်လည်း ဝိုင်းမော်မြို့နယ် NLD ရုံး တည်ဆောက်ရန် စီးပွားရေး လုပ်ငန်းရှင်များထံမှ သိန်း ၂၀၀ တောင်းခံခြင်းနှင့် နေပြည်တော်ရှိ NLD ပါတီ သုတေသန ရုံးအတွက် ပစ္စည်းများ ဝယ်ရန် သိန်း ၂၅၀ တောင်းယူခြင်းများ ပြုလုပ်ထားသည် ဟူ၍လည်း စွပ်စွဲထားသည်။
ဧရာဝတီမှ ကချင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် NLD ပါတီ ထိပ်ပိုင်း တာဝန်ယူထားသူများ၊ ပါတီဝင်များကို ဆက်သွယ်မေးမြန်းရာ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ အတွင်း ပါတီရုံးများကို အသစ်ပြန်လည်ပြင်ဆင် ဆောက်လုပ်ခဲ့သည်များ ရှိသော်လည်း စီးပွားရေးလုပ်ငန်းရှင်များကို ငွေတောင်းခံခြင်း၊ အစိုးရ တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်များထံမှ တဆင့် တောင်းယူ သုံးစွဲခဲ့ခြင်း မရှိခဲ့ပါဟု ငြင်းဆိုသည်။
NLD ပါတီဝင် တဦးက “ဒါတွေက မဟုတ်မမှန် ချဲ့ကား ပြောတာပါ။ ပြည်သူလူထုကို အကြည်ညို ပျက်အောင် ပြော တယ်လို့ ထင်ပါတယ်။ ပါတီရုံးတွေကို သူတို့ (ဝန်ကြီးတွေက) ဘာတခုမှ ထောက်ပံ့ခဲ့တာ မရှိဘူး။ အခမ်းအနားတွေ မှာ ထည့်ရင်လည်း အလွန်ဆုံးထည့် ၅ သောင်း၊ ၁သိန်းပဲ ထည့်တာပါ” ဟု ပြောသည်။
မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ် NLD ရုံးချုပ်ကို တည်ဆောက်စဉ်ကလည်း ဝန်ကြီးများမှ တဆင့် စီးပွားရေး လုပ်ငန်းရှင်များကို ငွေကြေး တောင်းခံခဲ့ခြင်းများ မရှိပါဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး ၎င်းက “ပြည်နယ်ရုံး ဆောက်တုန်းက ရုံးချုပ်ကနေ သိန်း ၆၀၀ ပံ့ပိုးတယ်။ ကျန်တဲ့ အလှူရှင်တွေ ဝိုင်း ထည့်ပြီး မြေကွက်ကို ဝယ်ပြီး ဆောက်လိုက်ကြတာပါ။ ဘေးကနေ ဘယ်သူမှ လာလှူတာ မရှိပါဘူး။ တချို့ လုပ်ငန်း ရှင်တွေ လာလှူတာ ရှိကောင်းရှိမယ်။ လာလှူတာလည်း သူတို့ သဘောနဲ့ သူတို့ လာလှူကြတယ်။ လာလှူတဲ့သူတွေ ကိုလည်း အကုန် ဂုဏ်ပြုမှတ်တမ်းတွေ ပေးခဲ့တယ်။ ဝန်ကြီးတွေကနေ တဆင့် လှူတာ မရှိဘူး” ဟု ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်တွင် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ NLD ရုံးများ၏ ဆိုင်းဘုတ်များကို လိုက် လံ ဖြုတ်ချခဲ့ပြီး ရုံးတွင်း ပစ္စည်းများကိုလည်း ဝင်ရောက်ဖျက်ဆီးခြင်း၊ စာရွက်စာတမ်းများ သိမ်းဆည်းခြင်း၊ ပါတီရုံးပိုင် ပစ္စည်းများနှင့် ငွေကြေးများကို ယူဆောင်သွားခြင်းများ ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့ရှိ NLD ဗဟိုရုံးချုပ်ကို ပစ္စည်းများ ဝင်ရောက် ဖျက်ဆီးခြင်း၊ ငွေကြေးနှင့် စာရွက်စာတမ်းများ သိမ်းယူခြင်းကို ဥပဒေနှင့်အညီ မလုပ်ဆောင်ဘဲ ဖောက်ထွင်း ဝင်ရောက်သည့်အသွင်ဖြင့် လုပ်သွားသည့် အပေါ် NLD ဗဟိုကော်မတီ ဝင်များက ရဲစခန်းတွင် အမှုဖွင့်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဘက်က အမှုဖွင့်ပေးခြင်း မရှိပါ။
ထု့ိအတူ မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် NLD ရုံးချုပ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်မွှေနှောက် ထားသည့်အပြင် အခိုင်အမာ တပ်ဆင်ထားသည့် ကြေးဆိုင်းဘုတ်များကိုလည်း ဖြုတ်ချထားပြီး လက်ရှိအချိန်ထိလည်း ထိုရုံးတွင် ရဲတပ်ဖွဲ့များက စခန်း ထိုင်ထားဆဲ ဖြစ်သည်။
ကချင်ပြည်နယ် NLD ဗဟိုကော်မတီဝင်များ၏ နေအိမ်များကိုလည်း စစ်တပ်နှင့် ရဲက ဝိုင်းကာ ဖမ်းဆီးခြင်း၊ ပါတီဝင် များကိုလည်း ဖမ်းဆီးခြင်းများ ပြုလုပ်သဖြင့် NLD ပါတီထိပ်ပိုင်း တာဝန်ရှိသူများနှင့် ပါတီဝင်အချို့မှာ ထွက်ပြေး တိမ်း ရှောင်နေရသည့် အခြေအနေနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
စစ်ကောင်စီသည် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မန္တလေး တိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ရှမ်းပြည်နယ် ဝန်ကြီး ချုပ် ဒေါက်တာ လင်းထွဋ်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ ကိုလည်း အဂတိမှုများဖြင့် အမှုဖွင့်ခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်ထားသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့ မြေကွက်ကိစ္စ အဂတိမှုဖြင့် အမှုဖွင့်ခံရ
မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညို အဂတိ လိုက်စားမှုဖြင့် ထပ်မံ စွပ်စွဲခံရ
ဒေါက်တာ ဇော်မြင့်မောင်နှင့် လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်တို့ကို အဂတိမှုဖြင့် အမှုထပ်ဖွင့်
နေပြည်တော် ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး အဂတိမှုဖြင့် ထပ်မံအမှုဖွင့်ခံရ