သတင်း

ဒေါ်အောင်ဆန်းစုကြည် နှစ်သက်တဲ့ ပန်းချီဆရာကြီး ဦးမာလာ ကွယ်လွန်

Want create site? Find Free WordPress Themes and plugins.

စစ်ကောင်စီရဲ့မတရား ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှစ်သက်တဲ့ပန်းချီဆရာတွေထဲက တဦးဖြစ်တဲ့ ပန်းချီ ဦးမာလာဟာ သြဂုတ် ၂၀ နေ့က ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ကိုဗစ် ၁၉ တိယလှိုင်းကာလမှာ ပန်းချီဆရာအယောက် ၅၀ လောက်ဟာ ကိုဗစ်အပါအဝင်အခြားရောဂါတွေနဲ့ ကွယ်လွန်ခဲ့ကြပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ မန္တလေးမြို့က ပန်းချီဦးမာလာဟာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်၊ မြန်မာ့ရိုးရာဓလေ့ရေဆေးပန်းချီကားကြီးတွေနဲ့ လူသိများထင်ရှားသူဖြစ်ပါတယ်။ ဦးမာလာဟာ မန္တလေးပန်းချီပန်းပုကျောင်းဆင်းတစ်ဦးဖြစ်ပြီး အဲဒီကျောင်းမှာဘဲ နည်းပြဆရာအဖြစ် ၁၀ နှစ်လုပ်ကိုင်ခဲ့ပါတယ်။ မန္တလေးရှေးဟောင်းသုတေသနဌာနမှာလည်း ၉ နှစ်ဝင်ရောက်လုပ်ကိုင်ဖူးပြီး ပုဂံခေတ်ကနေ ရတနာပုံခေတ်အထိ ရှေးဟောင်းပန်းချီပန်းပုနံရံဆေးရေးပန်းချီတွေကို လေ့လာခွင့်ရခဲ့သူဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံရေဆေးပန်းချီအသင်းကိုလည်း ထူထောင်ခဲ့သူလည်းဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လတုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပန်းချီဦးမာလာရဲ့ ခေတ်စုံ အလှစုံပန်းချီပြပွဲကို တာဝန်ယူကျင်းပပေးခဲ့လို့ မြန်မာပန်းချီလောကမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။

ခေတ်စုံအလှစုံဆိုတဲ့ ပန်းချီပြပွဲနာမည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကပဲ ရွေးချယ်ပေးခဲ့တာဖြစ်ပြီး ပန်ချီဦးမာလာဟာ သူနှစ်ပေါင်းများစွာ သုတေသနပြုထားတဲ့ ကုန်းဘောင်ခေတ်နှောင်းပိုင်း မြန်မာအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုပုံစံရေဆေးပန်းချီကားတွေကို ပြသခဲ့တာဖြစ်ပါတယ်။ အမျိုးသားပြတိုက် (ရန်ကုန်) မှာ ပြုလုပ်တဲ့ ဒီပန်းချီပြပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့လည်း တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြသထားတဲ့ ပန်းချီကား ၃၀ အနက် ၁၉ ကားကို ဝယ်ယူစုဆောင်းခဲ့တယ်လို့ သိရပါတယ်။ ပန်းချီဦးမာလာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပန်းချီကားတကားပြန်ပြီးလက်ဆောင်ပေးခဲ့ပါတယ်။

ဒီပန်းချီပြပွဲမတိုင်ခင် ၁ လကျော်လောက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ပန်းချီဦးမာလာကို ပန်းချီကားကြီးတကားအပ်ခဲ့ပါတယ်။ အခက်အခဲတွေ ဘယ်လောက်ကြုံရကြုံရ မတုန်မလှုပ် ကြံ့ကြံ့ခံနိုင်တဲ့အခါမျိုးကို တင်စားတဲ့ နာမည်ကျော်ဗေဒါလမ်းကဗျာကို သရုပ်ဖော်တဲ့ ပန်းချီကားဖြစ် ပါတယ်။ ဗေဒါလမ်းကဗျာကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကျော်ကဗျာဆရာကြီးဇော်ဂျီရဲ့လက်ရာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လတုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပန်းချီဦးမာလာ (အလယ်-ယာ) ရဲ့ ခေတ်စုံ အလှစုံပန်းချီပြပွဲကို တာဝန်ယူကျင်းပပေးခဲ့ပါတယ်

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကနေစပြီး မြန်မာ့ဒီမိုကရေစီတိုက်ပွဲမှာ ဦးဆောင်ပါဝင်ခဲ့လို့ စစ်အာဏာရှင်တွေရဲ့ ၃ ကြိမ်တိုင် ဖမ်းဆီးအကျယ်ချုပ်ချခံရပြီး လုပ်ကြံခံရတဲ့အထိ ကြုံတွေ့ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဗေဒါလမ်းကဗျာဟာ သူ့ဘဝနဲ့ အရမ်းတူတယ်လို့ ပန်းချီဦးမာလာကို ပြောပြခဲ့ပါတယ်။ ပန်းချီဦးမာလာကလည်း ဒေါ်အောင်ဆန်းစုကြည်အပ်တဲ့ ပန်းချီကားကို ၁၀ ရက်တိတိ နေ့မအား ညမနား အပြီးဆွဲပေးခဲ့ပါတယ်။ ဒီပန်းချီကားကြီးကို အပြီးသတ်ပြီးနောက် ဒေါ်အောင်ဆန်စုကြည်က တစ်ကိုယ်တော်ပြပွဲလုပ်ဖို့ မရှိဘူးလားလို့ မေးရာက ခေတ်စုံအလှစုံပန်းချီပြပွဲ ပေါ်ထွက်လာတာဖြစ်ပါတယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ဘဝတလျှောက် မြန်မာပန်းချီအကျော်အမော်တွေနဲ့ထိတွေ့မှုရှိခဲ့ပြီး ကိုယ်တိုင်လည်း ဝါသနာအရ ပန်းချီရေးဆွဲသူတဦးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ဘဝက ရေးဆွဲခဲ့တဲ့ပန်းချီကားလေးတချပ်ကို ၂၀၁၆ ခုနှစ်တုန်းက ဒေါ်လာ တသိန်းခွဲ (မြန်မာငွေ ၁၉၅၇ သိန်း) အထိ လေလံပေးခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ဒီပန်းချီကားဟာ လူထုခေါင်းဆောင်ရဲ့လက်ရာဖြစ်တာမို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကပဲ စုဆောင်းထိမ်းသိန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူလိုချင်တဲ့ပုံစံတွေကို ပန်းချီဆရာတချို့ဆီ အပ်လေ့ရှိပြီး ပန်းချီပြပွဲတွေကိုလည်း အချိန်ရသလို တက်ရောက်ကြည့်ရှု့ခံစားလေ့ရှိပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ၆ လအကြာ သြဂုတ်လဆန်းမှာတော့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ပစ္စည်းတွေကို အစိုးရအိမ်ကနေ ဖယ်ရှားပစ်ခဲ့ပါတယ်။ ဘယ်နေရာကို ဖယ်ရှားလိုက်မှန်း မသိသလို ဒေါ်အောင်ဆန်းစုကြည်စုဆောင်းထားတဲ့ ပန်းချီကားတွေဘယ်လောက်ပါသွားမှန်းလည်း မသိရပါဘူး။

You may also like these stories:

လူ ၅၀ ရာခိုင်နှုန်း ကိုဗစ်ကာကွယ်ဆေးထိုးမည့် စစ်ကောင်စီ၏ အစီအစဉ် အောင်မြင်ချေနည်းဟု ဆို

ဦးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တို့တွင် ကိုဗစ်ပိုးတွေ့

ကိုဗစ်တတိယလှိုင်းကို ဆန်၍ (သို့မဟုတ်) သတင်းထောက်တဦး၏ ကိုယ်ပိုင် ကိုဗစ်အတွေ့အကြုံ

အန္တရာယ်ကြားက သုဘရာဇာ

Did you find apk for android? You can find new Free Android Games and apps.
Loading