အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် တာဝန်ယူခဲ့သော ဝန်ကြီးချုပ် ဦးညီပု နှင့် ဝန်ကြီး ၄ ဦးကို ချုပ်နှောင်ထားရာ စစ်တွေ တပ်နယ်နှင့် မြို့မ ရဲစခန်းမှ နေ၍ ယနေ့ နေ့လယ် ၁၁ နာရီဝန်းကျင်က စစ်တွေ အကျဉ်းထောင်သို့ ပြောင်းရွှေ့ကြောင်း မိသားစုဝင်များက ပြောသည်။
အဆိုပါ ဝန်ကြီး ၅ ဦးကို အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် စစ်တွေမြို့မ ရဲစခန်း၌ ပထမ သတင်းပေး တိုင်တန်း အမှုဖွင့် ကာ ဖမ်းဆီး ချုပ်နှောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သြဂုတ်လ ၁၂ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသူများမှာ NLD အစိုးရ၏ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် သတ္ထုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်တို့ ဖြစ်သည်။
ဝန်ကြီးဟောင်းများ၏ မိသားစုဝင် တဦးက “ဒီနေ့ နေ့လယ် ၁၁ နာရီလောက်မှာ ဝန်ကြီး ၅ ဦးလုံးကို စစ်တွေထောင်သို့ ပို့လိုက်ပါတယ်။ အမှု အခြေအနေတွေ ဘာတွေတော့ မသိရဘူး။ သူတို့ အားလုံး ကျန်းမာရေးတော့ ကောင်းကြတာကို တွေ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဝန်ကြီးဟောင်း ဦးမင်းအောင်၏ ရှေ့နေ ဒေါ်သီင်္ဂီမောင် က သြဂုတ်လ ၂၃ ရက်က တောင်ကုတ်မြို့နယ် တရားရုံးတွင် ရဲတပ်ဖွဲ့က ခရီးသွား ရမန် တောင်းခံပြီး ဦးမင်းအောင်အား တောင်ကုတ်မှ စစ်တွေသို့ ခေါ်ယူသွားကြောင်း ပြောသည်။
၎င်းက “ဒီလ ၂၃ ရက်က ဦးမင်းအောင်ကို တောင်ကုတ်မှာ ရုံးထုတ်တယ်။ အဲဒီနေ့ ညနေပိုင်းလောက်မှာ တရားရုံးက နေ ခရီးသွား ရမန်ယူပြီးတော့ သူတို့ စစ်တွေကို ခေါ်သွားတယ်ပေါ့။ သူ့ကို ဘယ်နေရာမှာ ထားမယ်ဆိုတာမျိုးတော့ မသိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ အကျဉ်းထောင် ပို့ဆောင်ရာ ဦးညီပုကို စစ်တွေတပ်နယ်အတွင်း ချုပ်နှောင်ထားရာမှနေ ခေါ်ယူ ပို့ဆောင်ခြင်း ဖြစ်သလို ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်တို့ကိုလည်း စစ်တွေမြို့မ စခန်းတွင် ချုပ်နှောင်ထားရာမှ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဂတိဖြင့် အမှုဖွင့်ခံရသည့် ဝန်ကြီးများတွင် ဦးညီပုနှင့် ဦးမင်းအောင်တို့မှာ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါ ရီလကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံကို ဇူလိုင်လကုန်ပိုင်းတွင် ရန် ကုန်မြို့၌ ဖမ်းဆီးခဲ့ကာ ဦးကျော်လွင်ကိုမူ သြဂုတ်လ ၁၂ ရက်က ၎င်းနေထိုင်ရာ ရမ်းဗြဲမြို့ပေါ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
NLD ပါတီဝင်များဖြစ်ကြသည့် ဦးညီပုမှာ အာဏာသိမ်းမှုနောက်ပိုင်းကတည်းက နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း၊ ဦးမင်းအောင်မှာ ငြိမ်း/စုစီ ပုဒ်မအပြင် အရေးပေါ် သဘာဝ ဘေးအန္တရာယ် စီမံခန့် ခွဲမှု ဥပဒေဖြင့်လည်း အမှုဖွင့်ခံရကာ တောင်ကုတ်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရသည်။
စစ်ကောင်စီက အဆိုပါ ဝန်ကြီးများ တာဝန်ယူခဲ့စဉ်က ဂွမြို့နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံးကြား သောင်ထွန်း လျက်ရှိသော သောင်ပေါ်တွင် တန်ဖိုးနည်း မြေကွက်ဖော်ဆောင်ရာ၌ ညွှန်ကြားချက်ပါ တင်ဒါ စည်းမျဉ်းစည်ကမ်းနှင့် မညီဘဲ ဆက်စပ်ကုမ္ပဏီတခုကို စာချုပ်ချုပ်ကာ လုပ်ငန်းဆောင်ရွက်စေခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် မညီ ဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ ကုမ္ပဏီကို ငွေကြေးများ ပေးဆောင်ခြင်း စသည့်အချက်များဖြင့် အဂတိမှုနှင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
ယင်းပြင် အဆိုပါ ဝန်ကြီးဟောင်းများသည် ဆက်စက်ကုမ္ပဏီတခုအား အချက်အလက်များကို မစိစစ်ဘဲ ဒေသခံများ အလုပ်ရရှိရန် ခေါင်းစဉ်ဖြင့် နိုင်ငံပိုင် အဆောက်အအုံ ၃ လုံးကို အထည်ချုပ်လုပ်ငန်း လုပ်ကိုင်စေခြင်း၊ အဆောက်အ အုံ ပြုပြင်ရန် အကြောင်းပြချက်ဖြင့် အမှန်အကန် လုပ်ငန်း မလည်ပတ်ဘဲ ငွေကျပ် ၅၅ သန်းကို ထောက်ပံ့ငွေ ပေး အပ်ခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်၌ ပါရှိသည်။
ယင်း ဝန်ကြီးဟောင်းများသည် အစိုးရ တာဝန်ယူခဲ့စဉ်ကာလက ပြည်နယ် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက် စာရင်းဖွင့် လက်ကျန်ငွေ ပြည်နယ်တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေး ကော်မတီ ရန်ပုံငွေကျပ် ၈၆၅ သန်းကိုလည်း ဘဏ္ဍာရေး စည်းကမ်းစည်းမျဉ်းနှင့် မညီဘဲ သုံးစွဲခဲ့ကြောင်း စသည့်အချက်များ ပါရှိသည်။
ထို့ပြင် စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်မှာလည်း တာဝန်ထမ်းဆောင်စဉ်က ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတွင် ပါဝင်ခြင်းမရှိသည့် လွှတ်တော်၏ ခွင့်ပြုချက်မရှိသော တောင်ကုတ်မြို့မဈေးအပါအဝင် ဈေး ၅ ဈေး ဆောက်လုပ်စေခြင်း၊ တင်ဒါ အောင်မြင်သော ကုမ္ပဏီအားလည်း သဘောတူစာချုပ်ထက် ကျော်လွန်သည့် ငွေကြေး ဖြင့် စာချုပ်ချုပ်ဆိုပြီး ဆောက်လုပ်စေသော်လည်း တောင်ကုတ်မြို့မဈေးမှာ လက်ရှိအချိန်အထိ မြေပြင်တွင် ပျက်စီး လျက်ရှိကြောင်း စသည့် စွပ်စွဲချက်များ ပါဝင်သည်။
You may also like these stories:
ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို အဂတိ လိုက်စားသည်ဟု စွပ်စွဲကာ စစ်ကောင်စီ အမှုဖွင့်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့ မြေကွက်ကိစ္စ အဂတိမှုဖြင့် အမှုဖွင့်ခံရ
မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်မိုးညို အဂတိ လိုက်စားမှုဖြင့် ထပ်မံ စွပ်စွဲခံရ
ဒေါက်တာ ဇော်မြင့်မောင်နှင့် လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်တို့ကို အဂတိမှုဖြင့် အမှုထပ်ဖွင့်