စစ်ကိုင်းနှင့် မကွေးတိုင်းအစပ် ဂန့်ဂေါ-ကလေး လမ်းမပေါ်တွင် ကလေးမြို့ဘက်သို့ တက်လာသည့် စစ်ကားများကို ယော ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက နှစ်ရက်ဆက်တိုက် မိုင်းခွဲတိုက်ခိုက်ရာ အကျအဆုံး အထိအခိုက်ရှိကြောင်းသိရသည်။
ယမန်နေ့က ကလေးမြို့ဘက်သို့ တက်လာသည့် စစ်ကား ၄ စီးကို ဂန့်ဂေါမြို့ နှင့် ၃၂ မိုင်အကွာ ကျောက်ဖြူတောင် မြောက် ဘက် တံတားအနီး မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစီး ပျက်စီးသွားခဲ့ကြောင်း ယော PDF တပ်ဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ မိုင်း ၃ လုံးကို ဖောက်ခွဲရေး လုပ်ခဲ့တယ်။ ပြီးတော့ ရိုးရာ တူမီးလက်နက်ကြီးနဲ့ ထုတယ်။ကျနော်တို့က တူ မီးထဲကို ဘောလုံးတွေ ၇၀၊ ၈၀ ထည့်ပြီးတော့မှ ပစ်တာ။ ကျနော်တို့ကတော့ လက်နက်ကြီးခေါ်တယ်။ အဲဒါနဲ့ ပစ်တယ်။
သူတို့ စစ်ကားက လမ်းမကြီးမှာ ကန့်လန့်ကြီး ဖြစ်သွားတယ်။ ကားမှန်တွေ ကွဲကုန်တယ်”ဟု ၎င်းက ပြောသည်။
ဂန့်ဂေါ-ကလေး ကားလမ်းသည် ၈၉ မိုင် ရှိပြီး ကလေးဒေသသို့ ထောက်ပံ့ရေးစေလွှတ်သည့် စစ်ကားများကို ဒေသခံ ကာကွယ်ရေးတပ်များက လမ်းပေါ်တွင် မိုင်းထောင်ခြင်း၊ ရရာလက်နက်ဖြင့် ပစ်ပြေးခြင်းများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါ- ကလေး ကားလမ်းသည် မုံရွာ- ယာကြီး- ကလေးဝ လမ်းပိုင်းနှင့် အပြိုင်ဖြစ်ပြီး အထက်ပိုင်းတွင် ကလေးမြို့ နှင့် က လေးဝမြို့၊ အလယ်ပိုင်းတွင် အလောင်းတော် ကဿပ သစ်တောကြိုးဝိုင်းကြီးလည်း ရှိသည်။
“ကျနော်တို့က မိုင်းခွဲပြီးတာနဲ့ ပေါက်ကွဲသံ ကြားရင် ပြေးတယ်။ သူတို့ဘက်က မသေဘူးဆိုရင်တောင် ၁၀ ယောက် ၁၅ ယောက်လောက်ကတော့ ထိတယ်။ အထိအခိုက်လည်း များတယ်။ ကျနော်တို့ ယောဒေသကာကွယ်ရေးတပ် (YPDF) ကနေ လုပ်တာပါ”ဟု ယင်းတပ်ဖွဲ့ဝင်က ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့က တူမီး ၅ လက်ကို ချိန်ထားတာ။ ၃ ချက်ပဲ ဆွဲရသေးတယ်။ သူတို့က လိုက်ပစ်တော့ ကျနော် တို့က ဆုတ်လာတာ။ သူတို့က တက်လာပြီး ကျနော်တို့ ဆွဲထားတဲ့ တူမီး ၂ လက်က ကြိုးတွေကို ဝင်ခလုတ်တိုက်တာ စစ် သားတွေ တော်တော်များများ ထိကုန်တယ်”ဟု ပြောသည်။
ယော PDF က ကျဆုံးသွားသည့် စစ်သားများကို ဂန့်ဂေါ-ကလေးလမ်းမဘေးရှိ မွေ့လယ်ရွာသို့ သယ်ကာ ညပိုင်း မီး သဂြိုလ်ခဲ့ကြောင်း ပြောသော်လည်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ကျဆုံးသူ မရှိ ဒဏ်ရာရသူ တချို့သာ ရှိဟု ပြောသည်။
သြဂုတ်လ ၂၄ ရက်နေ့က ကလေး-ဂန့်ဂေါလမ်းမပေါ် မွေ့လယ်ကျွေးရွာအနီး ၎င်းတို့၏ စစ်ယာဉ်တန်း လက်လုံးမိုင်း ၂ လုံး ဖောက်ခွဲခဲ့ရသဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူ တချို့ ရှိခဲ့ကြောင်း၊ ကလေး – ဂန့်ဂေါလမ်းမပေါ် တောင်ခရမ်း ကျေးရွာအနီး လမ်း ဘေးတွေင် လက်လုပ်မိုင်းတလုံး ထပ်တွေခဲ့ကြောင်း ၎င်းက ပြောသည်။
“အဲဒီမှာ PDF က မိုင်းထောင်နေတဲ့ ၃ ယောက်က ထွက်ပြေးတယ်။ လိုက်လံဖမ်းဆီးတဲ့အခါမှာ တယောက်ကိုတော့ ဒဏ် ရာနဲ့ ဖမ်းဆီးရမိတယ်။ နောက်နှစ်ယောက်ကတော့ ထွက်ပြေးသွားတယ်။ ဖြစ်စဉ်ကတော့ အဲဒါပဲ ရှိတယ်။ ကျန်တဲ့ ဖြစ်စဉ် တော့ မရှိပါဘူး”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၂၃ ရက်ကလည်း ကလေး-ဂန့်ဂေါ လမ်းမပေါ် မှော်လမ်းခွဲအနီး စစ်ယာဉ်တန်းကို ယော PDF က မိုင်းခွဲတိုက်ခိုက်ရာ ယင်းတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ အကျအဆုံး ရှိကြောင်း ယော PDF က ပြောသည်။
ကလေး PDf တပ်ဖွဲ့ဝင်တဦးကလည်း ၎င်းတို့ ကလေးဒေသသို့ တက်လာသည့် စစ်ယာဉ်တန်းများကို ယောဒေသမှ ပြည် သူ့ ကာကွယ်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်ခြင်းများ ရှိနေကြောင်း၊ ၎င်းတို့ ကလေး PDF က ညဘက်တွင် ကလေး-ဂန့်ဂေါလမ်းမပေါ်တွင် မိုင်းခွဲခြင်းများ ပြုလုပ်နေကြောင်း ပြောသည်။
စစ်တပ်ကလည်း ယာဉ်တန်းများ တိုက်ခိုက်ခံရသည့် လမ်းမဘေးရှိ တဲများကို မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့ကလည်း ကလေး-ဂန့်ဂေါ ကားလမ်းဘေး နှင်းခါးကျေးရွာရှိ အသက် ၇၂ နှစ် အရွယ် ဦးကံထောက်မှာ စစ်တပ်လက်ချက်ဖြင့် အတွင်းဒဏ်ရာ ရရှိပြီး သြဂုတ် ၂၁ ရက်တွင် ကွယ်လွန်သွားခဲ့သည်။
သြဂုတ် ၁၈ ရက်က ကလေး-ဂန့်ဂေါ လမ်းတွင် စစ်ကားတချို့ မိုင်းခွဲခံရပြီးနောက် အနီးရှိ နှင်းခါးရွာကို ဝင်ရောက် စီးနင်းရာ မပြေးနိုင်ဘဲ ကျန်ခဲ့သည့် အဘိုးအိုကို နှိပ်စက်ထားခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းသည်ကို လက်မခံသည့် မြန်မာပြည်သူများသည် ဒေသအသီးသီးတွင် ရရာလက်နက်ဖြင့် လက်နက်စွဲ ကိုင်ပြီး ပြန်လည် တော်လှန်လျက်ရှိရာ စစ်ကိုင်းတိုင်း ကလေးဒေသသည် အစောဆုံး လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲခဲ့သည့် ဒေသတခုလည်း ဖြစ်သည်။
နောက်ပိုင်း ဒေသအလိုက် ပြည်သူ့ ကာကွယ်ရေး တပ်များ ပေါ်ပေါက်လာပြီး စစ်တပ်ကို လက်နက်အင်အား၊ လူအင်အား မယှဉ်နိုင်သေးချိန်တွင် မိုင်းထောင်၊ ပစ်ပြေးသည့် တော်လှန်ရေးလုပ်ငန်းများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက နိုင်သမျှ အင်အားဖြင့် ပြုလုပ်လျက်ရှိသည်။
ထို့ပြင် ကလေး-ဂန့်ဂေါကားလမ်းဘေးရှိ ကျေးရွာများသည် ဧပြီ နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် တိုက်ပွဲများကြောင့် မကြာခဏ စစ်ရှောင်ရလေ့ ရှိပြီး စစ်တပ်ကို ထောက်ခံသည့် ပျူစောထီးအဖွဲ့ များကပါ ယခုနောက်ပိုင်းတွင် လက်နက်များ ကိုင်ဆောင်လာသဖြင့် အခြေအနေ ပိုမိုရှုပ်ထွေးလျက်ရှိကြောင်းလည်း သိရသည်။
You may also like these stories:
တွေ့ဆုံဆွေးနွေးရေးလမ်းကို ရွေးရန် KIO ကြေညာချက်ထုတ်
မင်းတပ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ
ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေရသည့် ကချင်အရပ်သားများ