အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့သည် အကြမ်းဖက် အဖွဲ့များဖြစ်သကဲ့သို့ ကိုဗစ် ကာကွယ်ကုသရေး လုပ်ငန်းများတွင် အဖျက်အမှောင့်များ ပြုလုပ်နေဟု စစ်ကောင်စီက ရပ်ကွက်တွင်း ဝါဒဖြန့် လိုက်လံကြေညာနေကြောင်း ဒေသခံ သတင်းရင်းများထံက သိရသည်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ် အချို့တွင် ကားဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့ခြင်းဖြစ်သည်။
ကြေညာချက်တွင် NUG နှင့် ၎င်းတို့ကို ထောက်ခံသော အစွန်းရောက် NLD များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တို့ သည် အစိုးရယန္တရားများ ရပ်ဆိုင်းစေရေးအတွက် စာသင်ကျောင်းများ မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း ပြုလုပ်နေကြောင်း၊ ကိုဗစ်ရောဂါကို နိုင်ငံရေး လက်နက်သဖွယ် အသုံးချကာ အဖျက်အဆီး များ ပြုလုပ်နေပြီး ရောဂါပျံ့နှံ့စေရန် ဆန္ဒပြ လူစုလူဝေးများ ပြုလုပ်နေကြောင်း ထည့်သွင်း ကြေညာသည်။
စစ်ကောင်စီ၏ လိုက်လံကြေညာချက်များသည် မဟုတ်မမှန် ဝါဒဖြန့်ရုံ သက်သက်သာဖြစ်ပြီး ပြည်သူများအနေဖြင့် မယုံ ကြည်ကြကြောင်း ဆိုကြသည်။
မန္တလေးမြို့ခံ တဦးက “ဒါက ပြည်သူလူထုကို အထင်မှားအောင် လုပ်တဲ့ အရာတွေပေါ့။ ဒီအပေါ်မှာ ပြည်သူလူထုက ပါး နပ်ပါတယ်။ စစ်ကောင်စီ ပြောသမျှကို လိုက်လုပ်မှာ မဟုတ်ဘူး” ဟု ပြောသည်။
“ရပ်ကွက်ထဲ လိုက်အော်နေတာ သူတို့အစား ရှက်စရာဗျာ။ ပြည်သူတွေက အခြေအနေ အမှားအမှန်ကို အကုန်သိနေပြီ။ အရင်ခေတ်လို မှိုင်းတိုက်လို့ ရတဲ့ခေတ်လည်း မဟုတ်တော့ဘူး။ မဟုတ်တာတွေချည်း လိုက်ပြောနေတော့တာ” ဟု ရန်ကုန်မြို့နေ ဒေသခံတဦးကလည်း ဆိုသည်။
ထိုသို့ လိုက်လံကြေညာနေသည့်အပြင် ရန်ကုန်၊ မန္တလေး အစရှိသော မြို့များအပြင် နယ်မြို့များတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကို စစ်ကောင်စီတပ်ဖွဲ့က နေ့စဉ်ရက်ဆက် သတင်းပေးများဖြင့် လိုက်လံရှာဖွေ ဖမ်းဆီးနေ လျက်ရှိသည်။
“PDF အဖွဲ့များသည် အကြမ်းဖက် အဖွဲ့ ဖြစ်သည့်အတွက် လက်စတုန်း ချေမှုန်းရှင်းလင်းသွားမည်” ဖြစ်ကြောင်းနှင့် “PDF များလက်နက်ချပြီး အလင်းဝင်ရန်၊ လက်နက် မချပါက လက်စတုန်း ချေမှုန်းမည်” ဖြစ်ကြောင်း သြဂုတ်လ ၂၄ ရက်က စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စာကပ်ထားသည်ဟုလည်း ဒေသခံများထံက သိရသည်။
“လက်နက်ချ၊ လက်နက်ချလို့ ပြောနေတာက စစ်ကောင်စီအနေနဲ့ PDF တွေကို ကြောက်လန့်ပြီးတော့ ပြောတာလည်း ဖြစ် နိုင်တာပဲ။ သူတို့ရဲ့ ကျရှုံးခန်းပေါ့။ တိုက်တောင် မတိုက်ရသေးဘူး။ PDF တွေကို အလင်းဝင်ပါလို့ ပြောနေတာ သူတို့ရဲ့ ကျရှုံးခန်း ကျနော်တို့ PDF တွေ ဘယ်လောက်အင်အား ကြီးမားလဲ ဆိုတာ သိသာမြင်သာ ရှိသွားပါတယ်” ဟု မန္တလေးမြို့ မှ သပိတ်ခေါင်းဆောင်တဦးက ဧရာဝတီသို့ ပြောသည်။
ထို့ပြင် NUG နှင့် CRPH တို့ကို ငွေကြေးနှင့် ပစ္စည်းများ ထောက်ပံ့နေသူများအား အရေးယူရန်နှင့် သတင်းပေးသူများကို ဆုကြေးငွေ ချီးမြှင့်ပေးရန်အတွက် စစ်ကောင်စီအဖွဲ့ဝင်များက ဩဂုတ်၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ အစည်း အဝေး၌ တိုက်တွန်းပြောဆိုထားသည်။
You may also like these stories:
ရန်ကုန်တွင် လူငယ်များကို စစ်ကောင်စီက ညစဉ် ဖမ်းဆီးနေ
NUG ရန်ပုံငွေနှင့် ဆက်စပ်ပိုင်ဆိုင်မှုများကို ထိန်းချုပ်ရန် စစ်ကောင်စီ အမိန့်ထုတ်ထား