ကယားပြည်နယ်တွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ် အချိန်တွင်း ဖမ်းဆီးကာ ရှေ့တန်းပဋိပက္ခနယ်မြေသို့ ခေါ်ဆောင်သွားခံရသည့် အရပ်သားများအနက် တချို့ကို စစ်ကောင်စီက ပြန် လွှတ်ပေးခြင်းမရှိဘဲ ဆက်လက် ဖမ်းဆီးထားကြောင်း သိရသည်။
စစ်ကောင်စီ၏ တပ်မ ၆၆ နှင့် တပ်မ ၅၅ လက်အောက်ခံတပ်များသည် သြဂုတ် ၁၃ ရက်မှ ၁၈ ရက်အတွင်း ကရင် နီတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေချိန် ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ မြို့နယ်တို့မှ အရပ်သားဦးရေ စုစုပေါင်း ၃၀ ဦးကို ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူများအနက် ဖယ်ခုံမြို့နယ်တွင် လမ်းပြအဖြစ် ဖမ်းဆီးခံရသည့် အမျိုးသား ၁၀ ဦး၊ ဒီးမော့ဆိုမြို့နယ်မှ ၃ ဦး နှင့် ဖရူဆိုမြို့နယ်မှ ၂ ဦးတို့အား ပြန်လွှတ်ပေးလိုက်သော်လည်း ကျန် ၁၅ ဦးကို ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်သည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက “ဒီးမော့ဆိုနဲ့ ဖရူဆိုအရှေ့ဘက်ခြမ်းမှာ ဖမ်းတဲ့သူ ၆ ယောက်က လူသားတံတိုင်းပုံစံနဲ့ အဆင့်ဆင့်ခေါ်သွားပြီး အခု လွိုင်ကော်ကို ရောက်နေတယ်။ လွိုင်ကော်မှာလည်း သိရသလောက်က စစ်ကောင်စီက စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်။ သူတို့ စစ်ဆေးတာ ၄၊ ၅ ရက် ကြာနိုင်တယ် လို့ ပြောတယ်။ အဲဒါပြီးမှ ပြန်လွတ်မလွတ်ဆိုတာကို သိရမယ်လို့ သတင်းအကြမ်းဖျင်း ရထားပါတယ်” ဟု ပြောသည်။
အဆိုပါ ၆ ဦးသည် ဒီးမော့ဆိုမြို့နယ်၊ ထီးဖို့ကလို့ကျေးရွာနှင့် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာ အုပ်စုတို့မှ ဒေသခံ များဖြစ်ပြီး တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရာ အချို့သည် နေရပ်ရင်းရွာသို့ စားနပ်ရိက္ခာ ပြန်လာယူချိန် သြဂုတ် ၁၄ ရက်က ဖမ်းဆီးခံရခြင်း ဖြစ်သည်။
မျက်မြင်တွေ့ရှိသူများက ကရင်နီလူ့အခွင့်အရေးအဖွဲ့ကို ပြောပြချက်အရ ဖမ်းဆီးခံရသည့် ၆ ဦးထဲမှ အမျိုးသား ၂ ဦးသည် စတင်ဖမ်းဆီးခံရချိန်တွင် သွေးအန်သည်အထိ ရိုက်နှက်ခံထားရကြောင်းသိရပြီး အဆိုပါ ၆ ဦးအနက် ကျန်း မာရေး မကောင်းသည့် အသက် ၁၅ နှစ်အရွယ် ကလေးငယ် တဦးလည်း ပါဝင်ကြောင်း သိရသည်။
၎င်းတို့ကို ဖမ်းဆီးလိုက်သည့် နေရာမှတဆင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှေ့တန်းနယ်မြေများသို့ တပတ်ကျော်ကြာ အဆင့်ဆင့် ခေါ်ဆောင်သွားပြီးနောက် လွိုင်ကော်မြို့နယ်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ၆ ဦးကို ဖမ်းဆီးပြီးနောက် ဒီးမော့ဆိုမြို့နယ်တွင်း ထပ်မံဖမ်းဆီးခံရသူ ၁ ဦး ရှိပြီး ၎င်း၏ သတင်းမှာလည်း စုံစမ်းမရဘဲ ပျောက်ဆုံးနေသည်ဟု ကိုဗညားက ပြောသည်။
ကျန် ၈ ဦးမှာ ဖရူဆိုမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်းဖြစ်သည့် ခမရ ၅၃၁ ၏ တပ်ဝန်းထဲတွင် ဖမ်းဆီးခံထား ရခြင်းဖြစ်ပြီး အဆိုပါ ၈ ဦးအား စတင်ဖမ်းဆီးသည့်ရက်ကို အတည်ပြုနိုင်ခြင်း မရှိသော်လည်း သြဂုတ် ၁၈ ရက်တွင် ၎င်းတို့ ဖမ်းဆီးခံရခြင်းကို ကရင်နီလူ့အခွင့်အရေးအဖွဲ့က စုံစမ်းသိရှိခြင်း ဖြစ်သည်။
ခမရ ၅၃၁ ဝန်းထဲ၌ ဖမ်းဆီးခံထားရသူများသည် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၇ ဦးတို့ဖြစ်ပြီး ကရင်နီအရပ်ဘက် အဖွဲ့အစည်းမှ စုံစမ်းအတည်ပြုထားချက်အရ ၎င်းတို့သည်လည်း အရပ်သားများ ဖြစ်ကြောင်း သိရသည်။
ကရင်နီအရပ်ဘက်အဖွဲ့အစည်းမှ စုံစမ်းမေးမြန်းခြင်း၊ မျက်မြင်တွေ့ရှိသူများထံမှ အတည်ပြုချက် ရယူထားခြင်းများအရ ခမရ ၅၃၁ ဝန်းထဲတွင် ဖမ်းဆီးခံထားရသူ ၈ ဦးသည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းခံထားရသည်ဟု ဆိုသည်။
ကိုဗညားက “သာမန်ပြည်သူလူထု လမ်းသွားလမ်းလာကိုဖမ်းပြီး စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်တာ၊ ခိုင်းစေတာ ရှိ တယ်။ ပိုဆိုးတာ နှစ်ယောက်တတွဲ လက်တွေတုပ်ပြီး တပ်နဲ့အတူ သွားခိုင်းတာ။ ရွာတွေထဲဝင်တဲ့အခါ လူတွေနဲ့ အကာအကွယ် လုပ်တယ်။ အစာရေစာလည်း သေချာမကျွေးတဲ့အတွက် ဒါက အရမ်းကို ဆိုးရွားတဲ့ ပြန်ပေးဆွဲမှု၊ လူသားဒိုင်း စေခိုင်းမှု၊ ကျွန်ပြုမှု ဖြစ်ပါတယ်။ ဂျနီဗာကွန်ဗန်းရှင်းအရ ကြည့်မယ်ဆိုရင် စစ်ရာဇဝတ်မှု မြောက်ပါတယ်” ဟု ပြောသည်။
ဖမ်းဆီးခံထားရသူများ ပြန်မလွတ်သေးသည့် အခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရာ “ပြန်မလွှတ်သေးဘူးဆိုတာ အကြောင်းမဲ့ ဖမ်းစရာတော့ မရှိဘူး။ အကြမ်းဖက် အဖွဲ့တွေနဲ့ ပတ်သက်လို့ပဲ ဖမ်းတာရှိမယ်” ဟု ပြောသည်။
ဖမ်းဆီးခံထားရသည့်ထဲတွင် အသက် ၁၅ နှစ်အရွယ် ကလေးတဦး ပါဝင်နေခြင်းနှင့် ပတ်သက်၍လည်း မေးမြန်းရာ အသက်မပြည့်သေးသူသည်လည်း စစ်တပ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့များထဲ ပါဝင်ခြင်း ရှိနိုင်သည်ဟု ၎င်းက တုန့်ပြန်ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “အသက် ၁၅ နှစ်ဆိုတာလည်း အဖွဲ့ထဲမှာ ပါရင်ပါနေနိုင်တာပဲ။ ပါနေရင်တော့ သူ့ဥပဒေအတိုင်း ပဲ ဖြစ်မှာပဲ။ ကလေးမှာလည်း သူ့ဥပဒေအတိုင်းပဲ ရှိမှာပဲ။ ဘယ်လိုလုပ်ရင်ဆိုတာ သူ့ဥပဒေရှိတယ်။ ပါကောင်းပါနိုင် ပါတယ်။ အာမခံတော့ မခံနိုင်ပါဘူး။ ပါရင်လည်း သူ့ဥပဒေအတိုင်းပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
စစ်ကောင်စီနှင့် ကရင်နီတော်လှန်တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ကယားပြည်နယ်တွင် သြဂုတ်လ အတွင်း အရပ်သားများ မဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များ ဖြစ်သည့် ၆ ဦးသည်လည်း လက်နက်ခဲယမ်းများနှင့်အတူ ဘော်လခဲမြို့နယ်တွင် ဖမ်းဆီးခံထားရသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့နှင့် မြေပြင်တွင် စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးနေသည့် ကရင်နီ အရပ် ဘက်အဖွဲ့အစည်းများ၏ မှတ်တမ်းပြုစုထားချက်များအရ မေလမှ သြဂုတ်လအတွင်း စစ်ကောင်စီနှင့် ကရင်နီတော် လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားရာတွင် စစ်ကောင်စီသည် အရပ်သားများအား ဖမ်းဆီးကာ လမ်းပြအဖြစ် အသုံးပြုခြင်း၊ စစ်ရေးတင်းမာနေသည့် ရှေ့တန်းပဋိပက္ခနယ်မြေတွင် ဖမ်းဆီးခေါ်ဆောင်လာသည့် အရပ်သားများကို လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းများ ပြုလုပ်ထားသည်။
စစ်ကောင်စီက လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသူများအနက် အသက် ၁၅ နှစ်နှင့် ၁၆ နှစ်အရွယ် ကလေးများ ပါဝင်ပြီး အမျိုးသမီးများလည်း ပါဝင်သည်။
စစ်ကောင်စီ၏တပ်များတွင် ရှေ့တန်းနယ်မြေများ၌ လိုက်နာကျင့်သုံးရမည့် စစ်သည်တော်ကျင့်ဝတ်များ ပြဋ္ဌာန်းထားရာ ထိုထဲတွင် အရပ်သားများကို အသက်အန္တရာယ်ဖြစ်အောင် လုပ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကလေးငယ်များနှင့် အရပ်သားများကို တိုက်ပွဲအတွင်း စစ်ရေးအရ အသုံးချခြင်းများ မပြုလုပ်ရန် တားမြစ်ချက်များ ပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံက လိုက်နာကျင့်သုံးရန် သဘောတူလက်မှတ် ရေးထိုးထားသည့် ဂျနီဗာကွန်ဗန်းရှင်း၏ ပြဋ္ဌာန်းချက် များတွင်လည်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၌ လက်နက်ကိုင်ထားသည့် စစ်သားများက အရပ်သားများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အသက်အန္တရာယ်ထိခိုက်အောင် လုပ်ဆောင်ခြင်းများကို မပြုလုပ်ရကြောင်း ပြဋ္ဌာန်းထားသည်။
The Fourth Geneva Convention ၏ ပြဋ္ဌာန်းချက်အမှတ် ၁၃ နှင့် ၃၂ တွင်လည်း နိုင်ငံရေး အယူအဆ၊ လူမျိုး၊ ဘာသာရေး၊ ယုံကြည်ကိုးကွယ်မှု ကွဲပြားမှုများအပေါ် ခွဲခြားဆက်ဆံခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ မပြုလုပ်ရန် ထိုသို့ လုပ်ဆောင်ခံရခြင်းမှ အရပ်သားများကို အကာကွယ်ပေးရမည်ဟု ရေးသားထားသည်။
ထို့ပြင် ပြဋ္ဌာန်းချက် အမှတ် ၃၃ နှင့် ၄၄ တွင်လည်း အရပ်သားများ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ၊ အဆောက်အအုံများ ကို ဖျက်ဆီးခြင်း၊ အရပ်သားများကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခြင်းများကို တားမြစ်ထားပြီး ပြဋ္ဌာန်းချက် အမှတ် ၄၀ တွင် အရပ်သားများကို စစ်ဘက်ဆိုင်ရာ လုပ်ငန်းများအတွက် ဖိအားပေးခိုင်းစေခြင်းများ ပြုလုပ်၍မရကြောင်း တား မြစ်ထားသည်။
ဂျနီဗာကွန်ဗန်းရှင်းဆိုင်ရာ ပြဋ္ဌာန်းချက်များသည် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေ၏ အစိတ်အပိုင်းများလည်း ဖြစ် သည်။