ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် ၁၃ မိုင်အကွာရှိ ကျေးရွာအချို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ တပ်ဖွဲ့ကြား နှစ်ဖက် တပ်ဆိုင်ထားကြောင်း KNU ထံ က သိရသည်။
စစ်ကောင်စီဘက်တွင် အမှတ် ၁၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များ အပါအဝင် ကရင်ပြည် နယ် နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်စောဘီလူး ကွပ်ကဲသည့် (၁၀၂၁) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည်။
KNU ဘက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၈) မှ တပ်ဖွဲ့ ဝင်များ၊ Generation Z လူငယ်များနှင့် ဗိုလ်မှူး စောကျော်သက်၏ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ တော် (DKBA) ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း DKBA ခွဲထွက်အဖွဲ့နှင့် KNU ထံမှ သိရသည်။
စစ်ကောင်စီဘက်က စစ်သည် အင်အား ၅၀ခန့်နှင့် BGF ဘက်မှ စစ်သည် ၃၀ ခန့်ရှိနေကြောင်း KNU ဘက်က ခန့်မှန်း သည်။
ဩဂုတ်လ ၂၄ ရက်တွင် ကော့ကရိတ်မြို့နယ် ကော့သနော့ရွာနှင့် အံဖလေးရွာအနီး၌ စစ်ကောင်စီနှင့် KNU အကြား တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီးနောက် နှစ်ဖက် စစ်ရေး တင်းမာနေခြင်း ဖြစ်ကြောင်း KNU မှ အရာရှိတဦးက ပြောသည်။
စစ်ကောင်စီဘက်က KNU ဘက်သို့ နယ်မြေ ကျူးကျော်လာသဖြင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က၂ ဦး ကျဆုံးခဲ့သလို KNU ဘက်ကလည်း ၂ ဦး ကျဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။
“မနေ့ကတော့ လက်နက်ကြီးတွေလည်း အချက် ၃၀ လောက် ပစ်တယ်။ ဒီနေ့တော့ ၂ ဖက်လုံး ငြိမ်နေသေးတယ်။ မနေ့က ၂ ယောက် ကျတာကတော့ KNU ဘက်က Generation Z လူငယ်တွေ ဖြစ်ဖို့ များပါတယ်။ တိုက်လေယာဉ်တွေ လာတာ မရှိပေမယ့် ဒရုန်းတွေ ဘာတွေနဲ့တော့ စစ်တပ်ဘက်က လာထောက်လှမ်းနေတာတွေ ရှိတယ်။ စစ်ရေး တင်းမာနေတာ တော့ ရှိပါတယ်” ဟု KNU မှ အရာရှိတဦးက ပြောသည်။
စစ်ကောင်စီဘက်က ဆက်လက် ချီတက်လာမည်ဆိုပါက တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်ကြောင်း ၎င်းက ဆိုသည်။
ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကော့သနော့ ရွာမှ ရွာသူရွာသား ၂၀၀ ကျော် တိမ်းရှောင်နေရပြီး စစ်ရေး တင်း မာနေသဖြင့် ရွာသူရွာသားများ နေရပ်မပြန်နိုင်ကြသေးကြောင်း DKBA ခွဲထွက်အဖွဲ့ဘက်က ပြောသည်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်ဘက်တွင်လည်း KNU တပ်မဟာ (၅) နှင့် စစ်ကောင်စီတို့ကြား စစ်ရေး တင်းမာမှုများ ရှိနေ ကြောင်း KNU တပ်မဟာ (၅) ထံမှ သိရသည်။
ဩဂုတ်လ ၂၅ ရက်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း စစ်ကောင်စီဘက်က တိုက်လေယာဉ် ၁ စီးဖြင့် ၂ ကြိမ် ကင်း ထောက်လာခဲ့ကြောင်း တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒိုးက ပြောသည်။
“လေယာဉ်တွေကတော့ လာထောက်လှမ်းတာလားတော့ မပြောတတ်ဘူး။ ဖာပွန်မှာတော့ ဟိုးအရင်ကတည်းကရှိတဲ့ စကခ ၁ လက်လောက်ခံ တပ်ရင်း ၄ ရင်း ရှိပါတယ်။ ဖာပွန်အောက်ပိုင်းမှာက စကခ (၈) ရဲ့ လက်အောက်ခံ တပ်ရင်းတွေ ပေါ့။ တပ်မဟာ ၅ ရဲ့မြောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေ လှုပ်ရှားတာ ရှိတယ်။ ခြုံပြောရရင် လက်ရှိမှာ တပ်မဟာ ၅ ခွင်ထဲမှာ စစ်ကောင်စီဘက်က တပ်ရင်း အရင်း ၂၀ လောက်တော့ လှုပ်ရှားနေပါတယ်။ စစ်ရေး တင်းမာနေတာတော့ အာ ဏာသိမ်းပြီးကတည်းက တောက်လျှောက်ကို တင်းမာနေတာပါပဲ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီဘက်က သံလွင်မြစ်ကမ်းအနီးရှိ KNU တပ်မဟာ ၅ သိမ်းပိုက်ထားသော သောလယ်ထစခန်းကို ပြန်လည် သိမ်းပိုက်ရန် ပြင်ဆင်နေသည်ဆိုသည့် သတင်းများ ထွက်နေသည်။
ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒိုးကမူ စစ်ကောင်စီဘက်က တိုက်လာပါက ခုခံစစ် ဆင်နွှဲသွားမည်ဟု ဆိုသည်။
KNU ဗဟိုပြန်ကြားရေး ဌာနဘက်က ထုတ်ပြန်သည့် အချက်အလက်များအရ ဩဂုတ် ၁ ရက်မှ ၂၀ ရက်အတွင်း စစ် ကောင်စီ လက်အောက်ခံတပ်များနှင့် KNU လက်အောက်ခံ တပ်မဟာများကြား တိုက်ပွဲပေါင်း ၈၁ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မဟာ ၅ နှင့် တိုက်ပွဲ ဖြစ်ပွားမှုမှာ ၆၁ ကြိမ်ရှိပြီး တိုက်ပွဲဖြစ်ပွားမှု အများဆုံး ဖြစ်ကြောင်း သိရသည်။
You may also like these stories:
အာဏာသိမ်း စစ်တပ် KNU ကို စစ်ထိုးဖို့ ပြင်နေသလား
ရှမ်းနှင့်ကယားက ပြည်သူ ၂၀ ဦးကို လူသားဒိုင်းသုံးရန် စစ်တပ်က ဖမ်းသွား