စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ ကိုဗစ်-၁၉ ရောဂါ လက္ခဏာများဖြင့် ဖျားနေပြီး ၂ ဦး သေဆုံးသွားပြီဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီတပ်များသည် စစ်ကိုင်းနှင့် မကွေးတိုင်းတွင် စီမံချက်ဖြင့် ရှာဖွေဖမ်းဆီးမှုများ လုပ်နေပြီး သြဂုတ် ၂၁ ရက်နေ့မှ စတင်ကာ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
၎င်းတပ်ဖွဲ့ဝင်များက အဖွဲ့ ၂ ဖွဲ့ခွဲကာ ရှာဖွေစီးနင်းခဲ့ခြင်းဖြစ်ပြီး အင်အား ၆၀ ကျော် ပါသည့်အဖွဲ့တွင် ၅၀ ခန့်မှာ ဖျားနာနေကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “ဒီကောင်တွေ ဖျားနေတာတော့ ကြာပြီ။ ကျနော်တို့ဆီကို ဝင်လာကတည်းက ဖျားနေတာ။ ရွာတွေကိုလာဖို့ စက် လှေမရှိရင် ရေတွေကို ဖြတ်လာရတာတွေ ဘာတွေ ရှိတယ်။ အစာရေစာလည်း ရပ်ရွာတွေက ကျွေးမွေးတာ မရှိဘူး။ ဆေးဝါးကလည်း အဆင်မပြေဘူးလေ။ ၂ ယောက်က သေဆုံး။ ၁ ယောက်က အခြေအနေ ဆိုးနေလို့ အောက်ဆီဂျင် တောင် တပ်ပေးထားရတဲ့ အနေအထားလို့ သိရတယ်။ ကိုဗစ်လို့ သံသယရှိတယ်” ဟု ပြောသည်။
ဧရာဝတီမြစ်ရိုး တလျှောက်ရှိ မြောင်မြို့နယ် အရှေ့ခြမ်းရွာများဖြစ်သည့် ဘုန်းကောင်း၊ ထုံးကြိုင်၊ မယ်မသော်၊ နဂါးပေါက် ရသစ်ကျေးရွာများနှင့် မြောင်အနောက်ဘက် ချင်းတွင်းမြစ်ရိုး တလျှောက်ရှိ ရွှေလှံရွာ၊ မြစ်ဆုံရွာ၊ မြစ်သာရွာ၊ ဆင်လှောင် ရွာ၊ ဇီးကျွန်းရွာ၊ ငါးပယ်ရွာ၊ သုခဒီပရွာ၊ ဆူးလေကုန်းရွာ စသည့် ရွာများသည် စစ်ကောင်စီတပ်များ ဝင်ရောက် စီးနင်းမှု ကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါ ရွာများကို စီးနင်းပြီးနောက် စစ်ကောင်စီတပ်များသည် မြောင်မြို့နယ်ရှိ နဘက်စံပြကျေးရွာတွင် တပ်စွဲထားကြ သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတဦးက “ဖျားနေတော့ သူတို့က ရပ်ရွာထဲမှာ အကူအညီ တောင်းတယ်။ ဆရာဝန်တွေ ရှာတယ်။ ရွာထဲက ကြက်တွေ လုပြီးတော့ ချက်စားတာတွေ၊ ကြက်စွတ်ပြုတ်ရည်တွေ လုပ်သောက်ကြတယ်။ ဒေသခံတွေက ဘယ်သူမှ အကူအညီ မပေးကြပါဘူး။ ကိုဗစ်သံသယကတော့ သေချာတယ်။ တခြားအဖွဲ့က အဲဒီမှာ ပေါင်းပြီးတော့ တခါတည်း နေရ မှာကို မနေဘဲနဲ့ မြောင်စခန်းကိုပဲ ပြန်သွားတယ်” ဟု ဆိုသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မြောင်မြို့နယ်သာမက စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်း၊ မင်းကင်း၊ ယင်းမာပင်၊ ကနီနှင့် မကွေးတိုင်းအတွင်းရှိ ရေစကြို စသည့် မြို့နယ်များရှိ ကျေးရွာများကိုလည်း တရွာဝင်တရွာထွက် ဝင်ရောက်ပြီး ဒေ သခံ ပြည်သူ့ကာကွယ်ရေး စခန်းများအား စီးနင်းခြင်း၊ ပြည်သူများအား ဖမ်းဆီးခြင်းတို့အပြင် ဒေသခံတို့၏ ပစ္စည်းများကိုလည်း ယူဆောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
မြောင်မြိုနယ် ချောင်းဇင်းရွာတိုက်ပွဲကြောင့် ဒေသခံ ထောင်ချီ ထွက်ပြေးနေရ
ဖယ်ခုံမြို့နယ်မှ စစ်ဘေးရှောင် နှစ်သောင်းကျော်အတွက် အကူအညီများ လိုအပ်နေ
ဒီမော့ဆိုတွင် တိုက်ပွဲပြန်စ၊ အရပ်သားနှစ်ဦး ပစ်သတ်ခံရ