စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်က ကရင်နီတော် လှန်ရေး တပ်ဖွဲ့များနှင့် ပူးတွဲ အလုပ်လုပ်ရန် ကရင်နီပြည်ရဲဌာန (Karenni State Police) တပ်ဖွဲ့ တဖွဲ့ကို ထူထောင်ဖွဲ့ စည်းလိုက်ပြီဟု သတင်း ရရှိသည်။
KSP ထဲတွင် စုစုပေါင်း CDM ပြုလုပ်ထားသည့် ရဲ ၃၂၀ ဦး ပါဝင်ပြီး အများစုမှာ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းမှ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပြီး အချို့မှာ ပြည်မမှ CDM ပြုလုပ်ကာ ကယားပြည်နယ်တွင်း သို့ လာရောက်နေထိုင်သူများ ပါဝင်သည်ဟု သိရသည်။
KSP ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ၊ ဦးနေရဲဇင်က “အရေးတော်ပုံ မအောင်မြင်ခင်ကာလမှာ လိုအပ်တဲ့နေရာ မှာ အလှည့်ကျ ကျနော်တို့ တာဝန်ယူနိုင်တဲ့ နေရာတွေ၊ နောက် နယ်မြေ စိုးမိုးလာနိုင်ပြီဆိုရင် အဲဒီနေရာတွေမှာ လုံ ခြုံရေး ယူပေးမယ်။ ဒုက္ခသည်စခန်းတွေမှာ လိုအပ်တာတွေ ပြည်သူလူထုအတွက် ဝိုင်းကူညီမယ်။ နောက် စစ်သုံ့ပန်း ဖမ်းမိရင် လူ့အခွင့်အရေးနဲ့အညီ ကျနော်တို့ လုပ်ဆောင်မယ်။ ကျနော်တို့လုပ်နိုင်တဲ့ အပိုင်းကနေ ကရင်နီပြည်သူ လူ ထုအတွက် တာဝန်ထမ်းဆောင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်” ဟု ပြောသည်။
KSP ကို သြဂုတ် ၁၅ ရက်က ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး KSP သည် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေး ဦးဆောင်မှု အောက်တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု KSCC က ကြေညာချက်တစောင် ထုတ်ထားသည်။
KSCC သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီ ၉ ရက်တွင် ဝါရင့် တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP/KA) ၊ ကရင်နီ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေးပါတီများ၊ လူငယ်နှင့် အမျိုးသမီး ကိုယ်စားလှယ် များ၊ အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းကာ ကရင်နီပြည်နယ်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင် ရေး စနစ်တို့ကို ထူထောင်နိုင်ရန် ဆောင်ရွက်မည့် ကောင်စီ ဖြစ်သည်။
KSCC သည် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေသည့် ကောင်စီဖြစ်သည်။
KSCC ၏ ထုတ်ပြန်ချက်ထဲတွင် အသစ် ဖွဲ့စည်းလိုက်သည့် KSP သည် ကရင်နီပြည်နယ် အတွင်းရှိ ပြည်သူလူထု၏ လုံ ခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူထု၏ အကျိုးစီးပွားနှင့် ဘဝလုံခြုံရေးများကို စောင့်ရှောက်ရန် လုပ်ဆောင်မည်ဟု ရေး သားထားသည်။
KSP လှုပ်ရှားမည့် ကရင်နီပြည်နယ် ဆိုသည်မှာ ကယားပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်အပြင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ပါ ပါဝင်သည်ဟု သိရသည်။
ဦးနေရဲဇင်က “အခုက တော်လှန်ရေး ကာလဆိုတော့ ကျနော်တို့က ရာနှုန်းပြည့်တော့ လူထုကို ဝန်ဆောင်မှု ပေးနိုင် မှာ မဟုတ်သေးဘူး။ ဒီမှာ တတ်နိုင်သလောက်တော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည် မြှင့်တင်ရေး သင်တန်းတွေ ပို့ချပြီး လူ့အခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ စွမ်းရည်မြှင့်တင်တာတွေ လုပ်နေတယ်။ နောက်ပိုင်းမှာတော့ မြို့ပေါ်မှာ ကျနော်တို့ အရင်က ရဲတပ်ဖွဲ့လိုပဲ ပြည်သူလူထုအပေါ် ဝန်ဆောင်မှု ပေးသွားဖို့ ရှိတယ်” ဟု ပြောသည်။
လက်ရှိတွင် အသစ် ဖွဲ့စည်းလိုက်သည့် KSP ၏ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်သွားမည့် လုပ်ငန်းတာဝန် အသေးစိတ်ကို လုံခြုံရေးအရ ပြောပြနိုင်ခြင်း မရှိသေးပါ ဟုလည်း ဦးနေရဲဇင်က ဆိုသည်။
KSP ထဲ၌ ပါဝင်သည့် CDM ရဲ ၃၂၀ ဦးထဲတွင် ရာထူး အကြီးဆုံးမှာ ရဲမှူးများ ပါဝင်ပြီး လက်ရှိတွင် KSP ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံသည် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ရာထူးဖြင့် တာဝန်ထမ်းဆောင်ကာ CDM ပြုလုပ်ခဲ့သူတဦး ဖြစ်သည် ဟု သိရသည်။
KSP သည် မြေပြင်တွင် စစ်ကောင်စီ တပ်များနှင့် တိုက်ခိုက်မှုများ လုပ်ဆောင်မည် မဟုတ်သော်လည်း စစ်ကောင်စီကို တိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) အပါအဝင် ကရင်နီလက်နက်ကိုင် တော်လှန် ရေး တပ်ဖွဲ့များနှင့်လည်း လုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင်ရန် ရှိသည်ဟု သိရသည်။
KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “သူတို့တွေ အဓိက လုပ်မှာက ကယ်ဆယ်ရေးနဲ့ ပြည်သူလူထုတွေ တခုခုဖြစ်တာ တိုက်ပွဲကြောင့် ဒုက္ခရောက်တာကို သူတို့က အဲဒီအပိုင်းကို ပိုသွားမှာပါ။ နောက် ရပ်ရွာထဲမှာ ပြောပြော ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာပြောပြော တရားဥပဒေစိုးမိုးရေးတွေ ကရင်နီဘက်က ဥပဒေတွေ ပိုပြီး ထိရောက် တဲ့ လုပ်ဆောင်မှု ရှိအောင် သူတို့ သွားလိမ့်မယ်။ ရှေ့တန်း တိုက်ခိုက်တဲ့ နေရာမှာတော့ သူတို့ ပါဝင်မှာ မဟုတ်ဘူး။ တိုက်ခိုက်ရေးက ကျနော်တို့ KNDF ရှိပါတယ်” ဟု ပြောသည်။
ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များက စစ်ကောင်စီနှင့် ရှေ့တန်းတွင် တိုက်ခိုက်နေစဉ် အချိန်များတွင် KSP က စစ်ဘေး ရှောင်နေရသည့် လူထုကို လုံခြုံရေးပေးခြင်း၊ ရှေ့တန်းတွင် ဖမ်းမိသည့် သုံ့ပန်းများကို KNDF မှ တဆင့် KSP လက်ထဲ သို့ လွှဲပြောင်းကာ သုံ့ပန်းများကို နိုင်ငံတကာ ဥပဒေများနှင့်အညီ ထိန်းသိမ်းရေးအပြင် လူထုကို ဖက်ဒရယ်ဒီမိုကရေစီ သဘောတရားများကို ရှင်းပြခြင်းများလည်း ပြုလုပ်မည့် အစီအစဉ်များ ရှိသည်ဟု KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီသည် ကယားပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲ မြို့နယ်များနှင့် ရှမ်းပြည် နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်များတွင် ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားကာ စစ်ရေး တင်း မာနေပြီး စစ်ကောင်စီသည် ၎င်းတို့ ဆန့်ကျင်သူသည့် ကရင်နီ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ CDM ဝန်ထမ်းများကို လိုက်လံ ဖမ်းဆီးခြင်းများ ပြုလုပ်လျက် ရှိသည်။
ထိုအခြေအနေများကြောင့် KSP များသည် လက်ရှိတွင် စစ်ကောင်စီ လှုပ်ရှားနေသည့် မြို့ပေါ်ဧရိယာများတွင် ဝင် ရောက်ကာ ရဲလုပ်ငန်း လုပ်ဆောင်နိုင်မည် မဟုတ်ဘဲ လက်ရှိတွင် KNPP ၊ KNDF နှင့် ပြည်သူ့ ကာကွယ်ရေး တပ် (PDF) များ လှုပ်ရှားနေသည့် နေရာများတွင် စတင်၍ ရဲလုပ်ငန်းများ လုပ်ဆောင်မည်ဟု သိရသည်။
You may also like these stories:
ကော့ကရိတ်တွင် စစ်ကောင်စီနှင့် KNU တပ်ဖွဲ့များ နှစ်ဖက် ရင်ဆိုင်ထား
ရှမ်းနှင့်ကယားက ပြည်သူ ၂၀ ဦးကို လူသားဒိုင်းသုံးရန် စစ်တပ်က ဖမ်းသွား
သထုံမှာ အာဏာသိမ်းစစ်တပ်က ပစ်လို့ အရပ်သားနှစ်ဦး သေဆုံး