သတင်း

ကလေးမြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ် အဖမ်းခံရ

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် အာဏာသိမ်းမှုဆန့်ကျင်ရေး ပြောက်ကျားသပိတ် ဆင်နွှဲသူများ အဖမ်းခံရကြောင်း သပိတ်စီစဉ်သူအချို့ထံမှ သိရသည်။

ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်တွင် ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်း၌ ပြုလုပ်သည့် အာဏာသိမ်းမှုဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြပွဲအပြီး လူစုခွဲရန် စီစဉ်နေစဉ်မှာပင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သပိတ်စီစဉ်သူတဦးကပြောသည်။

၎င်းက “ဆန္ဒပြသပိတ်စစ်ကြောင်းက စုရပ်ကို ပြန်ရောက်ပြီး လူစုခွဲတဲ့ အချိန်မှာ အရပ်ဝတ်တွေနဲ့ ကား ၄ စီးလောက်နဲ့ ရဲမေတွေလည်းပါတယ်။ စစ်သားတွေကတော့ အရပ်ဝတ်နဲ့။ ရဲတွေကတော့ ယူနီဖောင်းနဲ့။ ဆိုင်ကယ်တွေနဲ့‌ရောပဲ လူအနည်းဆုံး ၁၂ ယောက်ကို ဖမ်းသွားတာ” ဟု ဆိုသည်။

စစ်ကောင်စီဘက်က အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိတွင် ကလေးမြို့အရှေ့ ဘက် ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သပိတ်စီစဉ်သူတဦးက ပြောပြသည်။

အဖမ်းခံရသူအများစုမှာ သပိတ်စစ်ကြောင်းတွင်ပါဝင်သူများဖြစ်သော်လည်း အဖမ်းခံရသည့်အထဲတွင် သပိတ်စစ်ကြောင်းနှင့် မသက်ဆိုင်သူများလည်း ပါဝင်နေကြောင်း ၎င်းက ပြောသည်။

ကလေးမြို့ပေါ်တွင် ယနေ့မနက်ပိုင်းက ပြုလုပ်ခဲ့သည့် လူထုဆန္ဒပြပွဲ (ဓာတ်ပုံ – CJ)

သပိတ်စီစဉ်သူတဦး က “ရပ်ကွက်ထဲက လူတွေရောပဲ မဲမဲ မြင်ရာအကုန်ဖမ်းသွားတာ။ အမျိုးသား ၁ ယောက်ဆိုရင် ခြေထောက်ကျိုးထားတော့ လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်ဘူး။ ဒါကိုတောင်မှ သူတို့က မိတဲ့အချိန်မှာ ဘာမှခုခံတာမရှိဘဲနဲ့ကို သေနတ်နဲ့ ပစ်လိုက်ရမလားလို့ ခြိမ်းခြောက်တာရှိတယ်” ဟု ရှင်းပြသည်။

ယခု အကြိမ်အဖမ်းခံရမှုသည် ဧပြီလ ၇ ရက်က တာဟန်းခံတပ်ဖြိုခွဲခံရမှုအပြီး ၃ လကျော်အကြာတွင် ဆန္ဒပြမှုကြောင့် ကလေးမြို့၌ အဖမ်းခံရသူပမာဏ အများဆုံးဖြစ်ကြောင်း ဒေသခံများထံ မှသိရသည်။

သပိတ်စစ်ကြောင်းတွင် ပါဝင်သူများ အဖမ်းခံလိုက်ရသော်လည်း အခွင့်ရေးရသည်နှင့် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သပိတ်စီစဉ်သူများက ဆိုသည်။

၎င်းက “ခံယူထားတာတော့ ကျဆုံးသွားတဲ့သူတွေရယ်၊ လူထုအာဏာဖီဆန်ရေး (CDM) ဝန်ထမ်းတွေရယ်။ တိမ်းရှောင်နေရတဲ့ သူတွေရှိမယ်။ တောထဲက PDF တွေရှိမယ်။ အားလုံးအတွက်ကို ဆန္ဒပြတာတွေက သွေးမအေးဘူး။ စစ်ကောင်စီ အာဏာသိမ်းတာကို လက်မခံဘူးဆိုတဲ့ဟာကို ပြချင်တဲ့အနေနဲ့ အန္တရာယ်ရှိတဲ့ကြားက လုပ်နေတာ။ အခုလည်း ဆက်ပြီးတော့ ရရင်ရသလို စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်နေကြဦးမှာပါ” ဟု ဆိုသည်။

ကလေးမြို့ပေါ်တွင် ယနေ့မနက်ပိုင်းက ပြုလုပ်ခဲ့သည့် လူထုဆန္ဒပြပွဲ (ဓာတ်ပုံ – CJ)

လက်ရှိတွင် စစ်ကောင်စီသည် ကလေးမြို့၌ အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြနေသူများအပါအဝင် ၎င်းတို့ မသင်္ကာသူများကိုပါ အင်အားသုံးဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်။
ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သည် ကလေးမြို့ အောင်သစ္စာရပ်ကွက်သို့ ဝင်ရောက်လာပြီး ယင်းရပ်ကွက်ရှိ အရပ်သားလူငယ် အနည်းဆုံး ၁၂ ဦးကို အဆိုပါရပ်ကွက်တွင်ဖြစ်ပွားသော မိသားစုတစု တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခဲ့သည်လည်း ရှိသည်။

ဩဂုတ်လ ၂၄ ရက်ညပိုင်းက အောင်သစ္စာရပ်ကွက်ရှိ နေအိမ်တလုံးအတွင်း ဓားဖြင့်တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အရွယ် အမျိုးသား တဦးနှင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတဦးတို့ အပြင်းအထန်ဒဏ်ရာရပြီးနောက်တနေ့တွင် စစ်ကောင်စီဘက်က ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်မှ လက်ရှိအချိန်အထိ စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်တပ်၏ ဖမ်းဆီးထိမ်းသိမ်းခံရသည့် ပြည်သူ ၈၀ ခန့်ရှိပြီး ၂ ဦးမှာ အသက် ၁၈ နှစ်မပြည့်သေးသူများ ဖြစ်ကြောင်း၊ ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် နှိပ်စက်ခံရသဖြင့် သေဆုံးသူ ၅ ဦးရှိနေကြောင်း ကလေးမြို့ဒေသခံများထံမှသိရသည်။

You may also like these stories:

စစ်ကိုင်းနှင့် မကွေးက ကျေးရွာများ အာဏာသိမ်းတပ် ဝင်စီးနေ၍ ထွက်ပြေးနေရ

စစ်မီးပဋိပက္ခကြားက ကရင်နီ စစ်ဘေးရှောင်များ

အာဏာသိမ်းပြီး ၆ လအကြာ CDM ဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀၀ ခန့် ရှိလာ

ရှမ်းနှင့်ကယားက ပြည်သူ ၂၀ ဦးကို လူသားဒိုင်းသုံးရန် စစ်တပ်က ဖမ်းသွား

Did you find apk for android? You can find new Free Android Games and apps.
Loading