ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒူးပလာယာခရိုင် ဥက္ကဌက စစ်ရေးနည်းလမ်းရှောင်ရန် မှာကြားထားသော်လည်း KNU တပ်မဟာ ၆ က စစ်ကောင်စီ၏ တပ်စခန်း ၁ ခုကို ဩဂုတ်လ ၂၆ ရက် တွင် အင်အားသုံး ဝင်ရောက်သိမ်းယူခဲ့သည်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခုတ်ခွားတောင်ရှိ စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ၏ တပ်စခန်းတခုဖြစ်သည့် ကာလိခီးစခန်းကို ယမန်နေ့က တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၇ က အင်အား ၁၀၀ ကျော်ဖြင့် သိမ်းပိုက်လိုက်သကဲ့သို့ သြဂုတ် ၂၁ ရက် ဝန်းကျင်က စစ်တပ်မှ စွန့်ခွာသွားသည့် ကြိတ်စခန်းကိုလည်း မီးရှို့လိုက်ကြောင်း သိရသည်။
KNU မှ အဆင့်မြင့် အရာရှိတဦးက “သူတို့ဘက်ကလူ ၂၀ လောက်ပဲရှိတာ။ ကျနော်တို့ တပ်ရင်း ၁၇ က လူအင်အား ၁၀၀ ကျော်နဲ့ မင်းတို့ထွက်ပေး။ မထွက်ပေးရင် ပစ်ရလိမ့်မယ်ဆိုတော့ ၂၀ နဲ့ ၁၀၀ ကျော်ဘယ်လိုပစ်မလဲ။ ဖယ်ပေးလိုက်တာပေါ့။ တိုက်ပွဲဘာညာလည်းမဖြစ်ဘူး။ သေနတ်တချက်မှ မဖောက်ဘူး။ အင်အားနဲ့ ခြိမ်းခြောက်ပြီးဝင်တာပေါ့” ဟု ပြောသည်။
KNU ဒူးပလာယာခရိုင် ဥက္ကဌက စစ်ရေးနည်းလမ်းကို တတ်နိုင်သမျှရှောင်ပြီး NUG နှင့် PDF တပ်ဖွဲ့ဝင်များ ရှိမရှိ စစ်ဆေးကာ ပြန်လည်သတင်းပို့ရန် တပ်မဟာ ၆ သို့ ဩဂုတ်လ ၂၄ ရက်တွင် ညွှန်ကြားထားသော်လည်း KNU တပ်မဟာ ၆ ဘက်က စစ်ကောင်စီတပ်စခန်းများကို စစ်ဆင်သိမ်းပိုက်မှုများ ရှိနေခြင်းဖြစ်သည်။
ယခုရက်ပိုင်း Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ကရင်ဘာသာဖြင့် ရေးထားသော ခရိုင်ဥက္ကဌ၏ စာတွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် နေရာတချို့၌ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များရှိနေသည်ဆိုသည့် သတင်းကြောင့် စစ်ကောင်စီဘက်က ဝင်ရောက်ရှာဖွေတော့မည် ဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဆိုသည့် ကွန်ဂရက်ကချမှတ်ထားသော ဆုံးဖြတ်ချက်သည် ပြောင်းလဲမှုမရှိသေးကြောင်း ၊ ထို့ကြောင့် တပ်မဟာ ၆ အခြေစိုက်ရာ ဒေသများတွင် NUG နှင့် PDF များရှိမရှိ စစ်ဆေးပြီး အကြောင်းပြန်ရန်ဖြစ်ကြောင်း ရေးသားထားသည်။
အဆိုပါစာ အစစ်အမှန်ဟုတ်မဟုတ် အတည်ပြုပေးရန် KNU ဒူးပလာယာခရိုင်ထံသို့ ဧရာဝတီက အွန်လိုင်းမှတဆင့် စာပို့ မေးမြန်းခဲ့ရာ ဒူးပလာယာခရိုင်က ဖြေကြား၍မရကြောင်း အကြောင်းပြန်သည်။ မည်သည့်အကြောင်းကြောင့် ဖြေကြား၍ မရသည်ကိုမူ ပြောဆိုခြင်းမရှိပေ။
KNU ဘက်က အဆင့်မြင့်အရာရှိတဦးကမူ အဆိုပါစာသည် ခရိုင်ဥက္ကဌ၏ စာမှန်ကန်ပြီး ရုံးစာမဟုတ်သော ကြေးနန်းစာသာ ဖြစ်ကြောင်း ပြောသည်။
“ခရိုင်ဥက္ကဌဦးရွှေမောင်းပြောတာက လူတွေကို ထိန်းထိန်းသိမ်းသိမ်းနေဖို့ ထိန်းထိန်းသိမ်းသိမ်းမနေလို့ ဒေသတွင်း စစ်ဖြစ်ရင် ဒေသခံလူထုက နာမယ်ဆိုတာကို ပြောတာ။ သူပြောတာကို တချို့ကလည်း လက်မခံဘူး။ သူက မေးတာက အောက်ခြေကို လက်မခံဖို့ ပြောတာမဟုတ်ဘူး။ သူက ဗဟိုဌာနချုပ်ကို မေးလာတာ။ ခင်ဗျားတို့ရော ဘယ်လိုအစီအစဉ်လုပ်နေတာလဲ။ ဒီတိုင်းဆိုရင် စစ်ရိပ်စစ်ငွေ့တွေရှိလာမယ်ပေါ့ဆိုတာကို ဗဟိုဌာနချုပ်ကို မေးတာ။ကြေးနန်းနဲ့မေးထားတာ အဲဒါက မီဒီယာပေါ်ရောက်သွားတာ” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် စစ်ကောင်စီဘက်က KNU သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုထားသော်လည်း NUG နှင့် PDF များကို လက်ခံထားကြောင်း ၊ ၎င်းတို့သည် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများ၏ လုံခြုံရေးကို ခြိမ်းခြောက် နေသဖြင့် NUG နှင့် PDF များကို လက်မခံရန်တိုက်တွန်းကြောင်း ဆက်သွယ်ပြောဆိုမှုများ ရှိနေကြောင်း KNU ထံမှသိရသည်။
ထိုအခါတွင် NCA စာချုပ်အတိုင်း လိုက်နာမည်ဟု ပြောထားသော KNU အနေနှင့် စစ်ကောင်စီနှင့် NUG အကြားတွင် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ရမည်ကို မသိဘဲ အကျပ်ရိုက်နေသည့် အခြေအနေရှိနေကြောင်း KNU တပ်ဖွဲ့ဝင်အချို့ထံမှ စုံစမ်းသိရသည်။
You may also like these stories:
အာဏာသိမ်း စစ်တပ် KNU ကို စစ်ထိုးဖို့ ပြင်နေသလား
မင်းတပ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ
ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေရသည့် ကချင်အရပ်သားများ
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကယားတွင် အရပ်သား နှစ်ဦး ဒဏ်ရာရ