ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု သံသယဖြင့် စစ်ကောင်စီက ဖမ်းဆီး သွားသော အသက် ၁၉ နှစ်အရွယ် မောင်စန်းဝင်းအောင် မသေဆုံးမီ မိခင်ဖြစ်သူနှင့် တွေ့ဆုံခွင့်ပေးခဲ့သည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။
ပရဟိတ လူငယ်တဦး ဖြစ်သည့် မောင်စန်းဝင်းအောင်အား သြဂုတ် ၂၂ ရက်နေ့ ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ် နယ်ထိန်းမှ ရဲကားများဖြင့် ၎င်းရှိရာ ကောင်းမှုဆောင် ပရဟိတရုံးခန်းနေရာသို့ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သြဂုတ် ၂၅ ရက်နေ့ ညနေပိုင်းတွင် မိသားစုထံ ၎င်းသေဆုံးသွားပြီ ဖြစ်ကြောင်း၊ ရုပ်အလောင်းကို ငွေကျပ် ၁၀ သိန်းဖြင့် လာရောက်ရွေးယူရန် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးသွားစဉ်အချိန်မှ သေဆုံးကြောင်း အကြောင်း ကြားသည့် အချိန်အထိ မိသားစုနှင့် တကြိမ်တခါမျှ တွေ့ဆုံခွင့်မရခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ဘယ်တုန်းကများ အဲဒီလိုမျိုး သူတို့တွေ တွေ့ပေးဖူးလို့လဲ။ ဖမ်းသွားပြီးပြီဆိုရင် သတင်းအစအနပျောက်။ လိုင်းပေါ် မှာ တွေ့တယ်။ လူတွေက ဒရမ်မာတွေ ခင်းနေကြတာ။ ကျနော်တို့ မြေပြင်မှာ လက်တွေ့မြင်နေတဲ့သူတွေက ရယ်စရာလို ဖြစ်နေတယ်။ နိုင်ငံရေးအတွက် လုပ်နေကြတာဆိုပြီး လွှတ်ပေးထားတာ။ သမိုင်းတလျှောက်လုံးမှာလည်း ဖမ်းသွားပြီးတော့ မှ ကန်တော့ပါဆိုပြီး ပြောရလောက်အောင် လူစိတ်ရှိတဲ့သူတွေမှ မဟုတ်တာ။ မဖြစ်နိုင်ပါဘူး။ လူတွေကတော့ သူတို့ သတင်း စိတ်ဝင်စားအောင် ရေးကြပြောကြတာပဲလို့ မြင်ပါတယ်” ဟု ပြောဆိုသည်။
မောင်စန်းဝင်းအောင် သေဆုံးကြောင်း အကြောင်းမကြားမီ ၁ ရက်က မိသားစုဝင်နှင့် တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ ဒဏ်ရာများ နှင့်အတူ မိခင်အား နောက်ဆုံးအနေဖြင့် လာကန်တော့ရင်း နှုတ်ဆက်စကား လာပြောခိုင်းခဲ့ကြောင်း စသည်ဖြင့် လူမှုကွန် ရက်စာမျက်နှာပေါ် သတင်းပျံ့နေခြင်း ဖြစ်သည်။
မောင်စန်းဝင်းအောင်၏ မိတ်ဆွေတဦးကလည်း “ရပ်ကွက်ထဲက ဒလန်တွေကပဲ လာအကြောင်းကြားတာ။ ကိုစန်းဝင်းအောင် ကို မေးရင်းပြုရင်းနဲ့ ဆုံးပါးသွားတယ်။ အဲဒါကြောင့် အလောင်းကို ပိုက်ဆံ ၁၀ သိန်း ယူလာပြီးတော့ လာရွေးဖို့ လာပြောတယ်။ မိဘတွေအနေနဲ့လည်း ချမ်းသာတဲ့အသိုင်းအဝိုင်းက မဟုတ်တော့ သူတို့မှာလည်း ရွေးဖို့မရှိဘူး။ ပတ်ဝန်းကျင်ကလည်း ရွေးစရာမလိုဘူးဆိုတဲ့ ဖိအားပေးမှုတွေနဲ့ အမျိုးမျိုးဖြစ်နေတာ။ အခုအချိန်ထိတော့ မထုတ်ရသေး ဘူး” ဟု ပြောသည်။
လက်ရှိ အချိန်အထိ မိသားစုဝင်များ အနေဖြင့် စစ်ကောင်စီက တောင်းသည့် ငွေကျပ် ၁၀ သိန်းအား မပေးနိုင်သည့် အတွက် ရုပ်အလောင်းအား သွားရောက် ထုတ်ယူနိုင်ခြင်း မရှိသေးသလို ၎င်းတို့အား စောင့်ကြည့်မှုများ ရှိနေသည်ဟု လည်း သိရသည်။
မောင်စန်းဝင်းအောင်သည် ကောင်းမှုဆောင်ပရဟိတအဖွဲ့တွင် စေတနာ့ဝန်ထမ်းအဖြစ် ကိုဗစ်တတိယလှိုင်း အစကတည်း က ပါဝင်လုပ်ဆောင်ခဲ့သူဖြစ်ပြီး သြဂုတ် ၂၂ ရက်၊ ညနေ ၃ နာရီကျော်က တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းပေါ်ရှိ အထွေထွေ အုပ်ချုပ်ရေးရုံးအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခြင်းခဲ့ရခြင်း ဖြစ်သည်။
အလားတူ သြဂုတ် ၂၄ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ကိုသက်ပိုင်စိုးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီး သွားပြီးနောက် သြဂုတ် ၂၅ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသည်ဆိုကာ မိသားစုထံ အကြောင်းကြား ခဲ့သည်။
သို့သော် သေဆုံးသွားသူ ကိုသက်ပိုင်စိုး၏ ရုပ်အလောင်းတွင် ရိုက်နှက်ခြင်းခံထားရသည့် ဒဏ်ရာများကို တွေ့ရှိရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AAPP က ထုတ်ပြန်သည့် စာရင်းများအရ စစ်အာဏာရှင် တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၁၀၁၉ ဦး အထိ ရှိခဲ့ပြီဖြစ်ပြီး ယင်းအရေအတွက်သည် AAPP က ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ကာ မြေပြင်တွင် ယင်း အရေအတွက်ထက် ပိုများနေနိုင်သည်ဟု ဆိုသည်။
ထို့ပြင် စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အချိန်ထိ ၅၉၆၉ ဦးမှာ ဖမ်းဆီးချုပ်နှောင်ထားခံရပြီး ၎င်းတို့အနက် ၂၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကာ ပြစ်ဒဏ်ကျခံထားရသူများတွင် အသက် ၁၈ နှစ်အောက် ကလေး ၂ ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့ မြေကွက်ကိစ္စ အဂတိမှုဖြင့် အမှုဖွင့်ခံရ
အာဏာသိမ်း စစ်တပ် KNU ကို စစ်ထိုးဖို့ ပြင်နေသလား
ရန်ကုန်တွင် လူငယ်များကို စစ်ကောင်စီက ညစဉ် ဖမ်းဆီးနေ