ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၂ လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဈေးရောင်းချနေ သည့် ပြည်သူ ၁ ဦး လည်ပင်း ကျည်ထိမှန် သေဆုံးခဲ့ပြီး လူငယ် ၁ ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရ သည်။
ယမန့်နေည ၈ နာရီခန့်က အဆိုပါ လမ်းထိပ်တွင် အရက်မူးနေသူ ၁ ဦး အော်ဟစ်နေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင် များ ရောက်ရှိလာပြီးနောက် ရပ်ကွက်တွင်း ရမ်းကားပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “အရက်သမားက မူးပြီးတော့ ဆဲနေတာကို ပြဿနာရှာတာကနေ ဒီလူ့ကိုလည်း မမိရော တချို့ ယောကျ်ားလေးတွေ မေး ပြီး ရိုက်ခံရတာလည်း ရှိတယ်။ ဈေးထဲဆိုတော့ အဲဒီအချိန်က သူ့အလုပ်သူ လုပ်နေကြတာလေ။ သူတို့က ကားနဲ့ ချက် ချင်းရောက်ချလာပြီး ပစ်တယ်။ မင်းတို့ လှည့်မကြည့်နဲ့ လှည့်ကြည့်တာနဲ့ ပစ်သတ်မယ်ပြောပြီး သွားခိုင်းတာမျိုးတွေလည်း ရှိတယ်။ သူတို့ရှေ့ကနေ ဖြတ်မလျှောက်ခိုင်းဘူး” ဟု ဆိုသည်။
အဆိုပါ ပစ်ခတ်မှုတွင် သေဆုံးခဲ့သူမှာ ၁၂၁ လမ်းထိပ်တွင် ပေါင်မုန့်၊ နွားနို့ရောင်းချသည့် အသက် ၄၂ နှစ်အရွယ် ဦးသိန်း မင်းထွန်း (ခေါ်) ဦးဖာရွတ်ဟာဖြစ်ပြီး ၎င်းအိမ်ပြန်ရောက်မလာ၍ မိသားစုဝင်များက လိုက်လံရှာဖွေရာမှ နောက်ဖေးလမ်း ကြားတွင် လည်ပင်းကျည်ထိ ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ တွေ့ရှိပြီးနောက် ယင်းညပိုင်း၌ပင် ရုပ်အလောင်းကို စစ်ကောင်စီက လာရောက်ယူဆောင်သွားခဲ့ပြီး ယနေ့ နေ့လယ် ပိုင်းမှသာ မိသားစုက ရုပ်အလောင်း ပြန်လည် ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတဦးက “ရပ်ကွက်ထဲကို ဝင်လာပြီးတော့ သေနတ်ကိုင်တာနဲ့ပဲ လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သောင်း ကျန်းသွားတာ။ ဆုံးသွားတဲ့ အစ်ကိုဆိုရင်လည်း နိုင်ငံရေးလည်း ဘာမှ မလုပ်ဘူး။ သူ့ဘာသာ အေးအေးဆေးဆေး အစ်မတွေကို ပေါင်မုန့်လေးရောင်း ရှာကျွေးနေတာ” ဟု ပြောသည်။
ယင်းနေ့ညပိုင်းက ဖမ်းဆီးခံရသည့် လူငယ်ကိုလည်း ကန်ကျောက်ရိုက်နှက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် စစ်ကောင်စီက ညစဉ်ဆိုသလို ဧည့်စာရင်းစစ်သည်ဟုဆိုကာ လူငယ်များကို ပိုက်စိပ် တိုက် ရှာဖွေပစ်ခတ် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း မြို့ခံများက ပြောသည်။
ဩဂုတ် ၂၅ ရက်နေ့ ညနေပိုင်းကလည်း ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် အိမ်အတွင်း ရှိနေသည့် ၁၀ နှစ်အရွယ် မောင်ဗန်ဘွေထန်သည် လည်ပင်းကို ကျည်ထိမှန်ပြီး သေဆုံးခဲ့ရသည်။
စစ်အာဏာသိမ်းမှု ကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် သေဆုံးသူ ၁၀၁၉ ဦးအထိ ရှိပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၂၆ ရက်နေ့ထိ ဖမ်းဆီးခံထားရသူ ၅၉၆၉ ဦးရှိပြီး ဖမ်းဝရမ်းထုတ်ခံရ၍ တိမ်းရှောင်နေ သူ ၁၉၈၄ ဦးရှိကြောင်း သိရသည်။
You may also like these stories:
အကြမ်းနည်း တိုက်ခိုက်မှုတွေ ပြင်းထန်လာတဲ့ ရန်ကုန်
မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း
“ငါလွတ်မြောက်သွားပြီ၊ ပျော်သွားပြီ” ဆိုတဲ့ ခံစားချက်တော့ လုံးဝ မရှိဘူး
မကွေးလေတပ်စခန်း ပေါက်ကွဲမှု လေယာဉ်အချို့ ထိမှန်ခဲ့ဟု စစ်ကောင်စီပြော