ချင်းပြည်နယ် မင်းတပ်နှင့် ဖလမ်းမြို့များရှိ ရွာများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး စားနပ်ရိက္ခာများ အား ဖျက်ဆီးခြင်း၊ အိမ်များအတွင်း မွှေနှောက်ရှာဖွေပြီး တန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်ခြင်းနှင့် အိမ်မွေးတိရိစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ် စားသောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မင်းတပ်မြို့နယ် ဝကောက်ကျေးရွာတွင် သြဂုတ် ၂၄ ရက်နေ့က ရွာထဲရှိ ဘိုးဘွာရိပ်သာမှ စုဆောင်းထားသည့် ဆန်နှင့် ကုလားပဲများကို စစ်တပ်များက ဒီဇယ်လောင်း၍ ဖျက်ဆီးခဲ့သလို အိမ်ရှိ ဗီရိုများပါ ရိုက်ခွဲခံရကြောင်း၊ ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများပါမကျန် ဖျက်ဆီးခံရကြောင်း ဝကောက်ရွာခံ တဦးက ပြောသည်။
ယင်းဒေသခံက “မိုးတွင်းကာလဆိုတော့ ဆန်ကို ယောနယ်ဘက်မှာပဲ သွားဝယ်ရတာ။ ကျနော်တို့က ဆန်တွေ အပို သိုလှောင်ထားလေ့ ရှိတယ်။ ခရီးသွားလာမှု ခက်ခဲမှုရှိတော့ မိုးတွင်းကာလမှာစားဖို့ လှောင်ထားတာ။ စစ်ဘေးရှောင်နေရ တဲ့ ကျနော်တို့ မိဘတွေဆီကို ပို့မယ့်အချိန်မှာ အဲဒီလို ဖြစ်သွားတာ” ဟု ပြောသည်။
၎င်းတို့ ကျေးရွာတွင် အိမ်အလုံး ၅၅ လုံးရှိရာ နေအိမ် ၅ လုံးခန့်မှလွဲ၍ ကျန်သည့်အိမ်များအားလုံး ဖောက်ထွင်းခံရကြောင်း၊ ယခုကဲ့သို့ နေအိမ်များ အဖောက်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“အခုလို ပြည်သူကို ပြန်ပြီးတော့ သူခိုး၊ ဓါးပြလို ဆက်ဆံတာကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ ကျနော် တို့ ပြည်သူတွေကို ကာကွယ်မယ့်လူတွေလို့ သိထားတာ။ အခုလို မျက်မြင်ခံစားခဲ့ရတော့ ဘယ်လိုမှ အယုံအကြည်လည်း မရှိတော့ဘူး။ လက်လည်း လက်ခံနိုင်စရာအကြောင်း မရှိတော့ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ဝကောက်ကျေးရွာသား တဦးက ပြောသည်။
ထို့ပြင် သြဂုတ် ၂၄ ရက်နေ့ကလည်း မင်းတပ်မြို့နယ် ခွီးရိန်ကျေးရွာမှ ကျေးရွာဘုန်းကြီးကျောင်းနှင့် ရွာခံတချို့၏ နေအိမ် များ ဖျက်ဆီးခံခဲ့ရကြောင်း ယင်းကျေးရွာ၌ သီတင်းသုံးနေသည့် ဆရာတော်တပါးက မိန့်ကြားသည်။
ဆရာတော်က “ဘုန်းကြီးတို့ အခန်းထဲအထိ ဝင်ပြီးတော့ ဗီရိုတွေဘာတွေ လျှောက်ဖွတယ်။ တယောက်ယောက်က ခံပစ်လို့ လုပ်တယ်ဆိုရင်တော့ မပြောလိုဘူး။ ရွာကလည်း ဘာမှမလုပ်ဘဲနဲ့ သက်သက်ကြီး ဝင်လုပ်သွားတာ။ ဘုန်း ကြီးကျောင်းမှာလည်း ဝက်ကိုသတ်ပြီး ချက်ပြုတ်စားသောက်ပြီး တောင်ပေါ်တက်သွားတာ” ဟု မိန့်သည်။
ယင်းနေ့က စစ်ကောင်စီ လက်နက်ကိုင်တပ်သား အင်အား ၆၀ ခန့် ရွာထဲသို့ ဝင်လာခြင်းဖြစ်ပြီး ရွာထဲသို့မဝင်မီ ရွာအပြင် ဘက်မှ လက်နက်ကြီး ၃ ချက်ဖြင့် ရွာထဲသို့ ပစ်ခတ်ခဲ့ကြောင်း၊ ရွာသားများ ထွက်ပြေးသည့်အခါ ဓါးပြဆန်ဆန် ရွာထဲဝင် ၍ သောင်းကျန်းခြင်း ဖြစ်ကြောင်း ဒေသခံများကလည်း ပြောဆိုသည်။
မင်းတပ်ဒေသတွင် စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ရာရာလက်နက်စွဲကိုင်ပြီး တော်လှန်နေကြသည့် ဒေသခံတပ်ဖွဲ့များ နှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ကြာပြီဖြစ်ပြီး ယခင်ကလည်း ကျေးရွာများ သို့ ဖြတ်သန်းဖူးသည့် စစ်ကောင်စီတပ်များသည် ယခုလို အပြုအမူမျိုးကို ကျူးလွန်ခဲ့ခြင်းမျိုး မရှိကြောင်း သိရသည်။
“အခုကျမှ သူတို့ ဘာစိတ်ကူးနဲ့ လုပ်တာလဲ။ ဘာကို မသင်္ကာလို့ လုပ်တာလဲ။ ရွာသားတွေက သူတို့ဟာသူတို့ အေးအေး ချမ်းချမ်း နေနေတာ။ အခုက ဓါးပြထက်တောင် ဆိုးသေးတယ်။ နောက် ဘုန်းကြီးကျောင်းကိုတော့ မလုပ်လောက်ဘူး။ အခုက တော်တော်ရုပ်ဆိုးတယ်။ လူမဆန်ဘူး” ဟု ဆရာတော်က မိန့်သည်။
တောင်ပေါ်ဒေသတခုတွင် ဘုရားတဆူ၊ ကျောင်းတဆောင်ဖြစ်ရန် ခဲယဉ်းကြောင်း၊ ယခု ကျောင်းဖြစ်မြောက်ရန် ၁၀ နှစ်ခန့် အချိန်ယူခဲ့ရပြီး ကျောင်းမှာ ရေစက်ပင် မချရသေးကြောင်း၊ ယခုလိုမျိုး သာသနိက အဆောက်အဦများကို ရှောင်ရှားရန် အထက်ဆိုင်ရာ အဆင့်ဆင့်က မှာကြားလိုက်သင့်ကြောင်းလည်း ဆိုသည်။
ဖလမ်းမြို့နယ်၊ တာလ်းရွာတွင် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ဝင်ရောက်ကျူးကျော်မှု (၂) ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ ပြီး ကျေးရွာအတွင်းရှိ တန်ဖိုးရှိပစ္စည်းများအား ဖျက်ဆီးလုပ်ဆောင်ခဲ့မှုအပေါ် ချင်းရေးရာအဖွဲ့ချုပ်ကလည်း ပြင်းထန်စွာ ရှုတ်ချ ကြောင်း ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များသည် ဇူလိုင်နှင့် ဩဂုတ်တွင် (၂) ကြိမ်တိုင်တိုင် တာလ်းကျေးရွာအတွင်း ဝင်ရောက် ကျူးကျော် ခဲ့ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့ကလည်း တပ်အင်အား ၉၀ ကျော်ဖြင့် ရွာအတွင်းသို့ ဝင်စီးပြီး အကြောင်းမဲ့ ပစ် ခတ်မှုများ ကျူးလွန်ကာ လူနေအိမ် ၂၁ အိမ် အပါအဝင် အိမ်မွေးတိရိစ္ဆာန်များနှင့် လူ့အသုံးအဆောင်ပစ္စည်း၊ အိမ်တွင်း ပရိဘောဂများစွာကို ဖျက်ဆီးခဲ့ကြကြောင်း ယင်းအဖွဲ့ချုပ်က ပြောသည်။
အလားတူ မင်းတပ်မြို့ အနီးဝန်းကျင်မှ လူမရှိတော့သည် စစ်ရှောင်နေသော ကျေးရွာများကို ဝင်ရောက် ပြီး နေအိမ်များအား ဖျက်ဆီးကြောင်း၊ ဒေသခံများ၏ ရိက္ခာ၊ အသက်ကြီးရင့်သူများနှင့် ကလေးငယ်များအတွက် စုဆောင်းထား သည့် ရိက္ခာများလည်း ဖျက်ဆီးခံရကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။
“ဒေသခံတွေ မွေးမြူထားတဲ့ ကြက်တွေ၊ ဝက်တွေလည်း သတ်စားကြတယ်။ ဒါက လူမဆန်စွာ ပြုကျင့်တာတွေ ပေါ့။ တောင်ပေါ်ဒေသရဲ့ ဓလေ့ထုံးတမ်းအရ၊ အသက်ရှင်ရပ်တည်မှုအရ မွေးမြူရေးမှာ ကြက်ဝက်ဆိုတာကလည်း အသက်နဲ့ ထပ်တူပဲ။ သူတို့ ခြစ်ကုတ်စုဆောင်းထားတဲ့ ရိက္ခာလေးတွေကို ဖျက်ဆီးသွားကြတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက စစ်ကောင်စီတပ်များသည် စာသင်ကျောင်း၊ ဆေးရုံ၊ သာသနိက အဆောက်အဦပါမချန် ဖျက်ဆီးကြ ကြောင်း၊ ၎င်းတို့တွင် ဘာသာရေး အဆောက်အဦများကို အလေးထားရမည်ဟူသော ကျင့်ဝတ်ပင် မကျန်တော့ကြောင်း ပြောဆိုသည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့၏ စစ်သားများ အနေဖြင့် ကျေးရွာများ အတွင်းသို့ အကြောင်းမဲ့ ဝင်ရောက် ရှာဖွေခြင်းမျိုး ပြုလုပ်လေ့ မရှိကြောင်း၊ သြဂုတ် ၂၄ ရက်နေ့ကလည်း မင်းတပ်မြို့နယ်၊ ပလိပ်ထွီ ကျေးရွာအနီးတွင် တိုက်ပွဲတခုသာ ဖြစ်ပွားခဲ့ကြောင်း ပြောသည်။
“ကျနော်တို့နဲ့ ထိတွေ့မှု အနည်းငယ် ဖြစ်တယ်။ ပြီးတော့ သူတို့ ထွက်ပြေးသွားတယ်။ လက်နက်ငယ်တခု ရလိုက်တယ်။ ဖြစ်စဉ်က ဒါပါပဲ” ဟု ၎င်းက ပြောသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ဒေသကာကွယ်ရေးတပ်များကိုလည်း စစ်ကောင်စီဘက်က ကြည်းကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနှင့် CDF တို့ကြား ဧပြီလ ကုန်ပိုင်းမှ ဇွန်လဆန်းအထိ ၁ လခွဲကျော်ကာလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့သည်။
You may also like these stories:
မင်းတပ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ
မင်းတပ် CDF ကို စစ်ကောင်စီတပ် အင်အားသုံး၍ ဖိတိုက်နေ