စစ်ကောင်စီဘက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဖျက်သိမ်းရေး တဆင့်ချင်း လုပ်ဆောင်နေသော် လည်း စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုသည့် တရုတ်နိုင်ငံကမူ ယင်းလုပ်ရပ်ကို လိုလားမှု မရှိကြောင်း ဧရာဝတီ က စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းပြီး ၃ လကျော် အကြာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က NLD ပါတီကို ဖျက်သိမ်းရမည်ဟု လူသိရှင်ကြား ကြေညာခဲ့သည်။
မေလ ၂၁ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ပြုလုပ်သည့် UEC နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲတွင် UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက “အဲဒီလို ဥပဒေနဲ့မညီ ကြိုတင်ကြံစည်ပြီး ဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို ကျနော်တို့ ဘယ်လိုလုပ်မလဲ။ ပါတီကို ဖျက်ပစ်ရမယ်။ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေသည် နိုင်ငံတော် သစ္စာဖောက် အနေနဲ့ အရေးယူရမယ်၊ စဉ်းစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီထိပ်တန်းခေါင်းဆောင်များနှင့် ပါတီဝင် အမြောက် အမြားကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ စသည့် နှစ်ရှည်ထောင် ချနိုင်သော ဥပဒေပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးတရားစွဲထားသည်။
ထို့ပြင် ဦးသိန်းစိုး ဦးဆောင်သည့် UEC က NLD သောင်ပြိုကမ်းပြို အနိုင်ရထားသည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို လည်း လွတ်လပ်မျှတမှု မရှိဟုဆိုကာ ရွေးကောက်ပွဲရလဒ်အား ပယ်ဖျက်ကြောင်း ဇူလိုင် ၂၆ ရက်တွင် ကြေညာပြန်သည်။
NLD ကို ပယ်ဖျက်မည်ဆိုသော ဦးသိန်းစိုး၏ ပြောဆိုချက်သည် အာဏာသိမ်း စစ်ကောင်စီ၏ သဘောထားကို ထင်ဟပ် သဖြင့် နိုင်ငံတကာကလည်း NLD ပါတီ ဖျက်သိမ်းခံရမည့်အရေး စိုးရိမ်ပူပန်နေသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာကလည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ၏ အာဏာတည်မြဲရေး လုပ်ဆောင်ရန် ဆုံးဖြတ်ထားပုံ ရပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD ပါတီ ဖျက်သိမ်းခံရနိုင်သဖြင့် စိုးရိမ်မိကြောင်း ဩဂုတ် ၁၁ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထိုကဲ့သို့သော အခြေအနေကြားတွင် တရုတ်အစိုးရသည်လည်း NLD ဖျက်သိမ်းရေးကို မလိုလား ကြောင်း စစ်ကောင်စီဘက်သို့ ဩဂုတ်လဆန်းပိုင်းက ပြောခဲ့သည်ဟု ဧရာဝတီက စုံစမ်းသိရသည်။
ဩဂုတ် ၁၂ ရက်က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်တို့ အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် မစ္စတာချန်ဟိုင်က စစ်ကောင်စီကို မြန်မာအစိုးရဟု စခေါ်ပြီး NLD ပါတီ ဖျက်သိမ်းရေး မလိုလားကြောင်းကိုပါ စကားပါးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်ဘက်က မဲခေါင်-လန်ကန် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်းမှ တိရိစ္ဆာန် ကာကွယ်ဆေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သိပ္ပံ၊ ခရီးသွားလုပ်ငန်းနှင့် သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ တရုတ်စီမံကိန်း ၂၁ ခုအတွက် အမေရိကန် ဒေါ်လာ ၆ သန်း ပေးမည်ဟုလည်း ကတိပေးခဲ့သည့်အပြင် တဖက်တွင်လည်း NLD ပါတီ ဖျက်သိမ်းရေး သဘောမတူကြောင်း ပြသခဲ့သည်ဟု သိရသည်။
ထိုသို့ တောင်းဆိုခဲ့ခြင်းကို တရုတ်ဘက်က အများသိစေရန် တရားဝင် ထုတ်မပြောခဲ့သော်လည်း NLD ပါတီဝင်များနှင့် ပေကျင်းရှိ တရုတ်ပညာရှင်များ အွန်လိုင်းက တွေ့ဆုံစဉ်တွင် NLD ပါတီဝင်များကို အသိပေးခဲ့ကြောင်း NLD ပါတီဝင်အချို့ထံမှ သိရသည်။
တရုတ်သည် မြန်မာ့အရေးနှင့် ပတ်သက်လျှင် စစ်ကောင်စီနှင့်သာမက NLD ပါတီနှင့်ပါ ဆက်သွယ် ဆက်ဆံမှု ပြုလုပ်နေ ခြင်း ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ကလည်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီသို့ ဇူလိုင် ၂၁ ရက်တွင် တရားဝင် စာပို့ခဲ့သည်။
အဆိုပါစာတွင် တရုတ်ကွန်မြူနစ်ပါတီနှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့လာသည့် NLD ပါတီအပေါ် တရုတ်ကွန်မြူနစ်ပါတီက ကျေးဇူးတင်ကြောင်း ရေးသားထားသည်။
ထို့ပြင် CPC နှင့် NLD သည် ခင်မင်ရင်းနှီးစွာ ဆက်ဆံခဲ့ပြီး တရုတ်-မြန်မာ ဆက်ဆံရေး ချောမော ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ CPC သည် NLD နှင့်အတူ တရုတ်-မြန်မာ ဆက်ဆံရေးကို ဝိုင်း ဝန်းစောင့်ရှောက်ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူအကျိုး သယ်ပိုး ရန် ဆန္ဒပြုကြောင်း ဆိုသည်။
ယခုကဲ့သို့ တရုတ်ဘက်က စစ်ကောင်စီနှင့်ရော NLD ပါတီနှင့်ပါ ထိတွေ့ဆက်ဆံလာပြီး NLD ပါတီ ဖျက်သိမ်းရန် မလို လားကြောင်း သဘောထား ထုတ်ပြလာခြင်းသည် တရုတ်နိုင်ငံဘက်မှ ယခင်ကတည်းက ကြေညာထားသော မြန်မာနိုင်ငံဆိုင်ရာ သဘောထားအတိုင်း ဆက်လုပ်နေသည်ကို ပြဆိုခြင်း ဖြစ်နိုင်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံသည် မြန်မာ့အရေးတွင် မတူညီသော ဘက်အသီးသီးနှင့် ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက် အသုံးပြု၍ တက်ကြွစွာ ကြားဝင်ချိတ်ဆက်ရေး ဖော်ဆောင်မည်ဟု ဇူလိုင် ၃ ရက် တွင် ပြောဖူးသည်။
မြန်မာနိုင်ငံတွင် NLD ပါတီ ဦးဆောင်သော အစိုးရ အုပ်ချုပ်သည့် ကာလကပင် တရုတ်အစိုးရနှင့် NLD ပါတီကြား ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်သည်လည်း ၂၀၂၀ ဇန်နဝါရီလတွင် မြန်မာနိုင်ငံ လာရောက်ပြီး ဒေါ်လာဘီလီယံနှင့်ချီသည့် အခြေခံ အဆောက်အဦ စီမံကိန်းများ အကောင်အထည်ဖော်ရေး သဘောတူခဲ့သည်။
ထို့ပြင် NLD ပါတီ အာဏာရလာပြီးနောက် ၂၀၁၆ မှ စတင်ကာ အရေးပါသည့် NLD ပါတီဝင်များ အပါအဝင် NLD လူငယ်များနှင့် ရွေးကောက်ခံ အမတ် ၁၀၀ ကျော်ကို တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့သည်များလည်း ရှိကြောင်း NLD ပါတီ သတင်းအရင်းမြစ်များ အဆိုအရ သိရသည်။
သို့သော်လည်း မြန်မာပြည်သူလူထု၏ အမြင်တွင် တရုတ်နိုင်ငံသည် စစ်ကောင်စီကို ကျောထောက်နောက်ခံ ပြုပေးနေ သည့် နိုင်ငံတနိုင်ငံအဖြစ် ရှိနေပြီး တရုတ်နိုင်ငံကို ဆန့်ကျင်သည့် သဘောထားများလည်း ရှိနေဆဲ ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီနှင့် မတ်လအတွင်း လမ်းမပေါ်ထွက်ကာ လူဦးရေ သိန်းနှင့်ချီ ဆန္ဒပြရာတွင် လည်း တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံသံရုံးပါ ဆန္ဒပြခံခဲ့ရပြီး လက်ရှိ အချိန်အထိလည်း မြန်မာ ပြည်သူပြည်သားများအတွင်း တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်မားနေဆဲ ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီ ကိုယ်စားလှယ်ကို ဖိတ်သည့် အာဆီယံ ပါလီမန် အဝေဖန်ခံနေရ
စင်ကာပူက စစ်ကောင်စီနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထား
မြန်မာစစ်ကောင်စီ သံတမန်များ ပြည်ဝင်ခွင့် ဂျပန်ငြင်းဆန်
မြန်မာသံအမတ်ကို လုပ်ကြံရန် ကြိုးစားမှုတွင် ပါဝင်မရှိကြောင်း ထိုင်းလက်နက်ကုမ္ပဏီ ငြင်း