နိုင်ငံတကာအသိုက်အဝန်းနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည် ထိန်းသိမ်းရေးကို ဆက်လက်ထောက်ခံပြီး မြန်မာနိုင်ငံ၏ စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရက ပြောကြားလိုက်သည်။
NUG အစိုးရကို ထောက်ခံပြီး စစ်ကောင်စီကို ပယ်ချရန် လူပေါင်း ၂၆၈၄၂၈ ဦး လက်မှတ်ရေးထိုးသည့် တောင်းဆိုချက်ကို တုံ့ပြန်သည့် ကြာသပတေးနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် တောင်ကိုရီးယား သမ္မတရုံးက အထက်ပါအတိုင်းကြေညာခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီနည်းကျရွေးချယ်ထားသော အစိုးရထံမှ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် တောင်ကိုရီးယားသည် ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံသည့် နိုင်ငံများတွင် ပါဝင်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်လည်လျှောက်လှမ်းရေးကို လူသိရှင်ကြား တောင်းဆိုသည်။
ဖြုတ်ချခံလိုက်ရသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအောက်တွင် ၂၀၂၀ ခုနှစ်က တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် ဆဋ္ဌမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံဖြစ်ခဲ့သည်။
ကြာသပတေးနေ့က ထုတ်ပြန်သောကြေညာချက်တွင် တောင်ကိုရီးယားအစိုးရက ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် နိုင်ငံတကာ အသိုက်ဝန်းနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ NUG ခေါင်းဆောင်များနှင့် ပုံမှန်ဆက်သွယ်သွားမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။
“ (တောင်ကိုရီးယား) အစိုးရသည် မြန်မာပြည်သူများ၏မျှော်မှန်းချက်များ ပြည်၀စေမည့် အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်အောင် ဆက်လက်အကျိုးပြု လုပ်ဆောင်သွားမည်ဖြစ်သည်” ဟု ထိုကြေညာချက်က ဆိုသည်။
တောင်ကိုရီးယားသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ၏ ဆန္ဒကို ထောက်ခံကြောင်းနှင့် စစ်တပ်အနေဖြင့် အရပ်သားများအပေါ် ၎င်းတို့၏ အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုမှုကိုလည်း ထိုကြေညာချက်တွင် ထပ်မံဖေါ်ပြထားသည်။
ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ခုခံမှုများကို နှိမ်နင်းရာတွင် လူအနည်းဆုံး ၁၀၁၉ ဦးကို သတ်ဖြစ်ခဲ့ပြီး လူပေါင်း ၇၅၉၈ ဦးကိုဖမ်းဆီးကာ ထိုသူများအနက် ၆၀၀၀ ခန့်ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ သိရသည်။
You may also like these stories:
တရုတ်က NLD ဖျက်သိမ်းခံရမှာကို မလိုလား
စင်ကာပူက စစ်ကောင်စီနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထား
စစ်ကောင်စီ ကိုယ်စားလှယ်ကို ဖိတ်သည့် အာဆီယံ ပါလီမန် အဝေဖန်ခံနေရ
အမေရိကန်ဒုသမ္မတနှင့် စင်ကာပူ ဝန်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး