ရှမ်းပြည်နယ်တောင်းပိုင်းရှိ တောင်သူများသည် သီးနှံပေါ်ချိန်တွင် ဈေးနှုန်းထိုးကျဆင်းပြီး ဈေးကွက်ပျက်သွား၍ ခရမ်း ချဉ်သီးအပါအဝင် ရာသီပေါ်သီးနှံများကို လမ်းဘေးတွင် လွှင့်ပစ်နေရကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်သူများက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လပိုင်းမှ စတင်ကာ ခရမ်းချဉ်သီး ၁ ပိဿာလျှင် ကျပ် ၁၀၀ ဝန်းကျင်၊ မုန်ညှင်းထုတ် ၁ ပိဿာလျှင် ကျပ် ၅၀ မှ ကျပ် ၁၀၀ ဝန်းကျင်၊ ဂေါ်ဖီထုတ် တထုတ်လျှင် ၃၅ ကျပ်ဝန်းကျင် (အလုံးရေ ၁ ထောင်လျှင် ကျပ် ၄သိန်း) နှင့် အခြားသော ခရမ်းသီး၊ အားလူး၊ ငရုတ်သီစိမ်း အစရှိသည့် ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်များ ဈေးနှုန်းသည် အရင်းပင် မကျေသည့် အခြေအနေ ရောက်ရှိသွားကြောင်း ရှမ်းပြည်တောင်ပိုင်းက ဒေသခံတောင်သူတဦး ပြောသည်။
“ဂေါ်ဖီထုတ်တို့ မုန့်ညှင်းတို့ဆိုရင် ကျနော်တို့ ခြံတွေထဲမှာ အလကား ပေးတယ်။ ကျနော်တို့က ၅၀၀ လောက်ရရင်ကို ကျေနပ်ပါတယ်။ အခုက အရင်း မပြောနဲ့ ကုန်တန်ဆာခ ဖိုးတောင် မရလောက် အခုလို လမ်းဘေးမှာပဲ လွှင့်ပစ်ထား နေရတာ” ဟု ၎င်းက ပြောဆိုသည်။
ပြီးခဲ့သည့် ကိုဗစ်ကာလအတွင်း၌ ခရမ်းချဉ်သီး ၁ ပိဿာလျှင် ကျပ် ၁၃၀၀ မှ ၁၅၀၀ ဝန်းကျင်အထိ ရရှိခဲ့ပြီး ဂေါ်ဖီ တထုတ်လျှင် ကျပ် ၅၀၀ မှ ၇၀၀ အထိရှိခဲ့သလို အခြားသော အားလူး၊ မုန်ညှင်းထုတ် အစရှိသည့် ဒေသထွက် စိုက်ပျိုး ထွက်ကုန်များသည်လည်း ၁ ပိဿာလျှင် ကျပ် ၇၀၀ မှ ၁၀၀၀ ဝန်းကျင်အထိ ရှိခဲ့ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
၎င်းက ဆက်လက်၍ “ ကျနော်တို့တွေက ပွဲရုံတွေမှာ ရောင်းရင် ခရမ်းချဉ်သီးဆိုရင် ၁ပိဿာကို ၈၀ (ကျပ်)၊ ၅၀ (ကျပ်) ပဲ ရတာ စားသုံးသူက ဝယ်စားရတော့ ၁ ပိဿာကို ၁ ထောင်ကျော် လောက်ပေးနေရတာ။ တောင်သူကကျတော့ ဈေးမရ ဘူး၊ စားသုံးသူဘက်မှာကျတော့ ဈေးက တက်နေတယ် ကြားထဲက ပိုက်ဆံရှိတဲ့ ကုန်သည်တွေကပဲ လုပ်စားနေကြတာ” ဟု ပြောဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်မူ ခရမ်းချဉ်သီးဈေးမှာ တပိဿာလျှင် ၈၀၀ ကျပ်မှ ၁ ထောင်ကျပ်ဈေးနှုန်း ရှိကြောင်း အိမ်ရှင်မ တဦးက ဆိုသည်။
ကုန်သည်နှင့် ပွဲရုံပိုင်ရှင်များက ယခုလို ဈေးနှုန်းများ ကျဆင်းသွားသည်ကို ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ နှင့် နိုင်ငံရေး အခြေအနေများကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ အဆင်မပြေဟုဆိုကာ အကြောင်းပြချက်ပေးကြောင်း ၎င်းက ဆိုသည်။
ရှမ်းပြည်နယ် တောင်ပိုင်းရှိ အောင်ပန်း၊ ပင်လောင်း၊ ကလော၊ ညောင်ရွှေ နှင့် ပင်လောင်း အစရှိသည့် မြို့နယ်များမှ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ မုန့်ညှင်းထုတ် နှင့် ဂေါ်ဖီ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူအများစု ထိုသို့ ဈေးနှုန်းကျဆင်းခြင်း ကြောင့် အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။
အောင်ပန်းဒေသခံ မဖူးငုံကျော်က “ကျမတယောက်တည်းတောင် ခရမ်းချဉ်သီးအမှည့်တွေ လွှင့်ပစ်ရတာဆိုရင် ပိဿာ ကုန်ချိန် ၁ ထောင်လောက်ရှိပြီ။ ကိုဗစ်ကာလ စစတုန်းကမှ သူ့ဈေးလေးနဲ့ သူရောင်း ရသေးတယ်။ အခုကကျတော့ လာဝယ်တဲ့ သူကို မရှိတာ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် ရာသီပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းမှု ဒဏ်ကြောင့် တောင်သူအများစုသည် အမြတ်မရသည့်တိုင် အရင်းရှုံး အခြေအနေကို ကြုံတွေ့လိုက်ရသောကြောင့် ရှေ့နှစ်တွင် စိုက်ပျိုး ထုတ်လုပ်မှု လျော့ကျ နိုင်ကြောင်း ၎င်းက ဆိုသည်။
You may also like these stories:
တရုတ်-မြန်မာကုန်သွယ်ရေး ရပ်တန့်မှု အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ဆုံးရှုံးနိုင်
စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည်
အွန်လိုင်းဖြင့် ကျပ်ငွေအကောင့်မှ VISA ကတ်သို့ ဒေါ်လာပြောင်းလဲခြင်း CB ဘဏ်ကန့်သတ်