လူထုထောက်ခံသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမည် ဖြစ်သဖြင့် စစ်သည် များအနေဖြင့် အရပ်ဘက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် မပါဝင်ရန် တပ်တွင်း ဝါဒဖြန့် စည်းရုံးနေသည် ဆို သောသတင်းများ ယခုရက်ပိုင်းထွက်ပေါ်နေသည်။
ပြီးခဲ့သည့် ရက်က ချင်းပြည်နယ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမည်ဆိုသော ကြေးနန်းကို ဗိုလ်ကြီးတဦးက ဖတ်ပြနေစဉ် ရဲဘော်တဦးက မယုံသဖြင့် ပစ်သတ်လိုက်သည်ဆိုသော သတင်းများ ထွက်လာပြီးနောက် တပ်တွင်း၌ ထိုသို့ ဝါဒ ဖြန့် စည်းရုံးနေသည် ဆိုသော ပြောဆိုမှုများ ဖြစ်လာခြင်း ဖြစ်သည်။
စစ်ကောင်စီဘက်ကမူ ယင်းဝါဒဖြန့် စည်းရုံးနေသည်ဆိုသော အချက်ကို ငြင်းသော်လည်း CDM တွင် ပါဝင်သည့် ဗိုလ်ကြီး လင်းထက်အောင်ကမူ သြဂုတ် ၂၉ ရက်က ညနေ ၅ နာရီ နောက်ပိုင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) လက်အောက်ရှိ တပ်များသို့ ဝါဒဖြန့် စည်းရုံးရန် ကြေးနန်းစာတစောင် ပေးပို့ခဲ့ကြောင်း ဆိုသည်။
ယင်းကြေးနန်းစာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်လည်လွှတ်ပေးပြီး ရွေးကောက်ပွဲ ပြန်ကျင်းပ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်တွင်း စည်းလုံးမှု အင်အား ပျက်ပြားအောင် CDM ပြုလုပ်ရန် မလိုအပ်ဟု ပါကြောင်း သိရသည်။
စစ်တက္ကသိုလ် အပတ်စဉ် ၅၄ မှ ဗိုလ်ကြီး လင်းထက်အောင်က “ကြေးနန်းစာက တကယ့် အစစ်ပါ။ ကြေးနန်းစာလည်း လက်ခံ ရရှိထားတာ ရှိပါတယ်။ ပေးပို့တဲ့သူရဲ့ လုံခြုံရေး အခြေအနေအရ ကျနော်တို့ ထုတ်မပြရတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုလို ဝါဒဖြန့် ကြေးနန်းထုတ်ရခြင်းမှာ တပ်ထဲမှထွက်ပြီး ပြည်သူလူထုဘက်သို့ ပြောင်းရွေ့ခိုလှုံသူ များလာ၍ ဖြစ် ကြောင်း၊ ယင်းပြဿနာကို ထိန်းရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
လက်ရှိအချိန်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ အကြမ်းမဖက် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် အရာရှိ၊ စစ်သည်၊ ရဲတပ်ဖွဲ့ဝင် အင်အား၂၀၀၀ ဝန်းကျင်ထိ ရောက်ရှိလာပြီဟု CDM ပြုလုပ် နေ သည့် စစ်တပ် အသိုင်းအဝိုင်းမှ သိရသည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ပြောဆိုခြင်း၊ ရွေးကောက်ပွဲတခု ပြန်ကျင်းပ ပေးမည်ဟု ပြောဆို၍ စည်းရုံးခြင်းမျိုး တပ်ထဲတွင် ဆောင် ရွက်ခဲ့ခြင်း မရှိကြောင်း ငြင်းသည်။
“ရှိစရာလည်း အကြောင်း မရှိဘူး။ ပြောစရာလည်း လိုမှ မလိုတာ။ ကြေးနန်း ဖတ်ပြစရာလည်း မလိုဘူး။ ကျနော်တို့တပ်ရဲ့ ရပ်တည်ချက် အနေအထားအရ အဲဒီလို လုပ်စရာ အကြောင်း မရှိပါဘူး” ဟု ၎င်းက ပြောသည်။
ယခုလို သတင်းများမှာ CDM ပြုလုပ်နေသူများက လူမှုကွန်ရက်တွင် စတင်ပြောဆိုရာမှ ဖြစ်လာခြင်းဖြစ်ပြီး၊ မြန်မာစစ်တပ် တွင် သာမက နိုင်ငံတကာစစ်တပ်တွင်လည်း တပ်ပြေးခွင့်မဲ့ပျက်ကွက်များ ရှိကြောင်း၊ လက်ရှိတွင် မြန်မာစစ်သားများမှာ CDM ဆိုပြီး ဖြစ်နေကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်က ချင်းပြည်နယ်၊ မတူပီမြို့ ရှိ ခလရ ၁၄၀ တွင် ယင်းကြေးနန်းစာကို တပ်ရေး ဗိုလ်ကြီး တဦးက ဖတ်ပြနေစဉ် စစ်သားတဦးက MA 1 သေနတ်ဖြင့် ပစ်သတ်လိုက်သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အမည်မဖော်လိုသော CDM ဗိုလ်ကြီးတဦးကလည်း “မတူပီ ခလရ ၁၄၀ မှာ ကြေးနန်း ဖတ်ပြတဲ့ ဗိုလ်ကြီးကို တပ်သားက ပစ်သတ်လိုက်တယ် ဆိုတာလည်း မှန်ပါတယ်” ဟု ပြောသည်။
CDM ဗိုလ်ကြီး လင်းထက်အောင်ကမူ ဤဖြစ်ရပ်ကို ကြည့်ခြင်းဖြင့်် တပ်တွင်းတွင် လူအများစုက အာဏာသိမ်းခြင်းကို မထောက်ခံဘဲ မှားယွင်းဆိုသော အမြင်များလည်း ဖြစ်လာနေသည်ဟု ယူဆရကြောင်း နိုင်ငံရေးအရ ကြည့်ပါက တပ်ထဲတွင် သဘောကွဲလွဲမှု ရှိနေသည်ကို ပြကြောင်း သုံးသပ်သည်။
ယခုလို ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမည်ဟု တပ်တွင်း စည်းရုံးပြောဆိုကြောင်း သတင်းများ ထွက်ပေါ်နေသေ်လည်း တကယ့် လက်တွေ့တွင်မူ ပြန်လွှတ်ပေးမည့် အရိပ်အယောင် မပြသလို ထောင်ဒဏ်များစွာ အပြစ်ပေးနိုင်သည့် အမှုများပင် ထပ်တိုးနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
“လျှော့စရာလည်း မရှိပါဘူး။ လျှော့လည်း မလျှော့ပါဘူး။ ကျနော်တို့ ကြည့်ရတာတော့ လွှတ်မယ့် အရိပ်အယောင် ဘာမှ မရှိဘူး။ ပြောရရင် အမှုတွေတောင် ထပ်တိုးနေသေးတယ်” ဟု ဦးခင်မောင်ဇော်က ပြောသည်။
စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ နေရာတခုတွင် နေအိမ် အကျယ်ချုပ် ထားရှိပြီး ကိုဗစ်ကပ် ရောဂါအကြောင်းပြချက်ဖြင့် ရှေ့နေအပါအဝင် မည်သူ့ကိုမှ တွေ့ဆုံခွင့် မပေးတော့ဘဲ ပြင်ပကမာ္ဘနှင့် အဆက်အသွယ် ဖြတ်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ -ခ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅၊ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) တို့ဖြင့် အမှုများစွာ တပ်ပြီး ထောင်ချနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၅ လကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှု ၁၀ မှုဖြင့် တရားစွဲ ခံထားရကာ အကျယ်ချုပ်ဖြင့် အမှုများအား ရင်ဆိုင်နေရပြီး ယင်းအမှုများ တခုချင်းအလိုက် အမြင့်ဆုံးပြစ်ဒဏ်များဖြင့် ချမှတ်ခဲ့ပါက သူ့အနေဖြင့် ထောင်ဒဏ် ၇၅ နှစ်ခန့်အထိ ချမှတ်ခံရနိုင်ဖွယ် ရှိနေသည်။
You may also like these stories:
KNU သိမ်းထားသည့် တပ်စခန်းအချို့ပြန်ပေးရန် စစ်ကောင်စီတောင်း
ဒီမိုကရေစီလမ်း ပြန်လျှောက်ရန် တောင်းဆိုပြီး NUG ကို ထောက်ခံကြောင်း တောင်ကိုရီးယား ပြော
တိုင်းရင်းသား တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်ပြော