မန္တလေးတိုင်း၊ မြစ်ငယ်မြို့ လူစီးတွဲနှင့် ကုန်တွဲစက်ရုံမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သည့် မီးရထား ဝန်ထမ်း ၁၀၀၀ ကျော်အား ရာထူးမှထုတ်ပယ်လိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ စက်ရုံအထွေထွေ မန်နေဂျာ ဖြစ်သူက ဩဂုတ် ၂၀ ရက်နေ့ ရက်စွဲဖြင့် ကြေညာခဲ့သည်။
ယင်းကြေညာချက်အရ ရာထူးမှထုတ်ပယ်ခံရသူများ အနေဖြင့် ပြစ်ဒဏ်နှင့်ပတ်သက်ပြီး ၆ လအတွင်း အယူခံ တင် သွင်းနိုင်ကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် အတိုးမဲ့ချေးယူထားသည့် ၂ လ စာ ချေးငွေကိုလည်း အယူခံကာလအတွင်း ပြန်လည်ပေးသွင်းရန် ဖော်ပြထားပြီး ပေးသွင်းခြင်း မရှိပါက တရားစွဲဆိုမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်ခံရသူများအနက် ဖမ်းဆီးခံထားရသည့် အရာရှိ ၁ ဦးနှင့် ဝန်ထမ်း ၁၀ ဦး အပါအဝင် စုစုပေါင်း ဝန်ထမ်း ၁၁၁၇ ဦးနှင့် နေ့စားဝန်ထမ်း ၂၉ ဦး ပါဝင်ကြောင်း ရာထူးမှ ထုတ်ပယ်ခံရသည့် မြစ်ငယ်မီးရထား စက်ရုံမှ CDM ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “CDM လုပ်တဲ့သူများတော့ စက်ရုံမှာ လုပ်ငန်းက ဘာမှ လည်ပတ်လို့မရဘူး။ လုပ်မရလို့ ရက်တွေအကြာကြီး မျှောပြီးတော့ ပြန်ခေါ်နေလို့ စာက အခုမှ ထုတ်တာပေါ့။ CDM လုပ်ပြီးမှ အလုပ်ပြန်ဝင်သွားတဲ့ သူတွေကိုတော့ ဘာမှ မပြောလိုတော့ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ မြစ်ငယ်ရဲ့ CDM က အောင်မြင်ပါတယ်” ဟု ပြော သည်။
မြစ်ငယ်မီးရထားစက်ရုံတွင် ဝန်ထမ်းနှင့် နေ့စားဝန်ထမ်း စုစုပေါင်း ၁၆၈၄ ဦးရှိပြီး ဧပြီလအထိ CDM ပြုလုပ်သူ ၁၅၀၀ ဦးခန့် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အကြောင်းမျိုးမျိုးကြောင့် အလုပ်ပြန်ဝင်သွားသူများလည်း ရှိခဲ့သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော CDM လှုပ်ရှားမှုတွင် ရာနှုန်းပြည့်နီးပါး ပါဝင်ခဲ့ကြသည့် မြစ်ငယ်မီးရထား စက်ရုံ၌ ဧပြီလအတွင်းက CDM ထောက်ပံ့ရေး လှုပ်ရှားသူများအား စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ရာ အရာရှိတဦးနှင့် အထောက်အပံ့ပစ္စည်းများ သိမ်းဆည်းခံခဲ့ရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် အရာရှိနှင့် ပစ္စည်းများအား ပြန်ပေးရန် စုဝေးတောင်းဆိုကြရာမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့သည့်အတွက် ၅ ဦးသေဆုံးခဲ့ပြီး မီးရထားဝန်ထမ်း ၁၁ ဦး အပါအဝင် စုစုပေါင်း ၄၃ ဦး ဖမ်းဆီးခံခဲ့ရသည်။
ဖမ်းဆီးခံရသူများအား မန္တလေးအိုးဘိုထောင်တွင် ချုပ်နှောင်ထားပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် တွေ့ဆုံ ခွင့် မရသေးကြောင်းလည်း CDM ဝန်ထမ်းတဦးက ပြောသည်။
မြစ်ငယ်မီးရထားစက်ရုံမှ ထုတ်ပယ်ခံရသည့် CDM ဝန်ထမ်းများ အနေဖြင့် လတ်တလောတွင် ဝန်ထမ်းလိုင်းခန်းများ ၌ နေထိုင်ကြဆဲ ဖြစ်သော်လည်း စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရပြီး အချင်းချင်း မျှဝေထောက်ပံ့မှု နှင့် နေ့စားလိုက်လုပ်ခြင်း၊ အွန်လိုင်းမှ ဈေးရောင်းခြင်း စသည့် ရရာအလုပ်များ လုပ်ကိုင်ကာ ဖြေရှင်းနေကြရကြောင်း သိရသည်။
CDM ဝန်ထမ်းတဦးက “ဒီမှာက မီးရထားဝန်ထမ်းကို မျိုးရိုးလိုက် လုပ်ကြသူတွေလည်း ရှိတယ်။ တခြားအလုပ်လည်း မလုပ်တတ်ကြဘူး။ အခက်အခဲတွေ တော်တော် ကြုံနေကြရတယ်။
တောင့်ခံလာကြတာလည်း ကြာပြီ။ ပြည်သူတွေကပဲဖြစ်ဖြစ်၊ NUG ကပဲဖြစ်ဖြစ် တတ်နိုင်သလောက်လေး ထောက်ပံ့ပေးရင် ကောင်းပါတယ်” ဟု ပြောသည်။
ရွေးကောက်ခံ အရပ်သားအစိုးရအား ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲများနှင့် အကြမ်း မဖက် ပြည်သူ့အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုများတွင် မြန်မာ့မီးရထားဝန်ထမ်းများစွာ ပါဝင်ခဲ့ကြသည့် အတွက် မီးရထား ခရီးစဉ်များ အားလုံး ရပ်ဆိုင်းသည်အထိ ရိုက်ခတ်မှု ရှိခဲ့ပြီး ယနေ့အချိန်ထိလည်း ရထားခရီးစဉ်များ ပုံမှန် ပြန်လည် ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း CDM ဝန်ထမ်းများက ပြောသည်။
You may also like these stories:
CDM ရဲ ၃၀၀ ကျော်ဖြင့် ကရင်နီပြည်ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်း
ကော့ကရိတ်တွင် စစ်ကောင်စီနှင့် KNU တပ်ဖွဲ့များ နှစ်ဖက် ရင်ဆိုင်ထား
ရှမ်းနှင့်ကယားက ပြည်သူ ၂၀ ဦးကို လူသားဒိုင်းသုံးရန် စစ်တပ်က ဖမ်းသွား
သထုံမှာ အာဏာသိမ်းစစ်တပ်က ပစ်လို့ အရပ်သားနှစ်ဦး သေဆုံး