ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းရှိ ပန်ဆိုင်းမြို့နယ်ခွဲနှင့် မုံးကိုးမြို့နယ်ခွဲအတွင်း စစ်ကောင်စီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်- ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲ တွင် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးပြီး လက်နက်ခဲယမ်းများ ရလိုက်ကြောင်း သိရသည်။
MNDAA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “ဒီနေ့ အခြေအနေတော့ မသိရသေးပါဘူး။ မနေ့ကတော့ တိုက်ပွဲ ဖြစ်တာ ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ။ သူတို့ဘက်က အလောင်းတွေ လက်နက်ခဲယမ်းတွေ ကျန်ခဲ့တာ ဟုတ်ပါတယ်” ဟု ပြောသည်။
MNDAA ၏ သတင်းထုတ်ပြန်ချက်တွင် သြဂုတ် ၃၀ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၅၇၅ မှ ကျဆုံးတပ်ဖွဲ့ဝင် ၁၅ ဦး၏ အလောင်းများ၊ ရိုင်ဖယ် ၉ လက်၊ စက်လက်သေနတ် ၃ လက်၊ လောင်ချာပစ် လက်နက် ၁ လက်၊ မော်တာကျည် ၁၈ လုံး၊ ၄၀ မမ ကျည်များ၊ မြေမြှုပ်မိုင်း ၁၂ လုံး၊ စစ်ဘက်သုံး ကျောပိုးအိတ် အလုံး ၂၀၊ ကျည် ဆန်အတောင့် ၃၀၀ ကျော်၊ ဆက်သွယ်ရေး စကားပြောစက် ၆ လုံး၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် ဆိုလာပြား ၂ ပြား တို့ကို သိမ်းဆည်းရမိသည်ဟု ရေးသားထားသည်။
အလောင်းများ ၁၅ လောင်းနှင့် လက်နက်ခဲယမ်းများ ကျန်ခဲ့သည့် ခမရ ၅၇၅ သည် သြဂုတ် ၃၀ ရက်တွင် ပန်ဆိုင်း မြို့နယ်ခွဲဘက်မှ မုံးကိုးမြို့နယ်ခွဲဘက်သို့ တက်လာသည့် စစ်ကြောင်း ဖြစ်ပြီး ထိုစစ်ကြောင်းကို MNDAA ဘက်က ပန်ဆိုင်းမြို့နယ်အထွက်တွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု MNDAA ဘက်က ပြောသည်။
MNDAA ဘက်မှ ရရှိထားသည့် စာရင်းအရ ခမရ ၅၇၅ စစ်ကြောင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀ ကျော် ပါဝင်ပြီး ထိုထဲမှ ၁၅ ဦး သေဆုံးကာ အလောင်းများ ကျန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သြဂုတ် ၃၀ ရက်တွင် ပန်ဆိုင်းမြို့နယ်ခွဲအတွင်း လမ်း လုံခြုံရေး လုပ်နေသည့် စစ်ကြောင်းနှင့် MNDAA ကြား တိုက်ပွဲ တနေရာဖြစ်ပြီး မုံးကိုးမြို့နယ်ခွဲ၊ ဖောင်းဆိုင် ကျေးရွာ အနီးတွင်လည်း တိုက်ပွဲတနေရာ ဖြစ်ပွားခဲ့သည်ဟု ပြောသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက “မနေ့ကတော့ မုံးကိုး၊ ဖောင်းဆိုင်မှာ တခုဖြစ်တယ်။ ကြူကုတ် (ပန်ဆိုင်း)မှာ တခုရှိတယ်။ မုံးကိုး၊ ဖောင်းဆိုင်မှာက ယခင်ဖြစ်တဲ့ နေရာမှာပဲ ဖြစ်တာ။ ကြူကုတ်(ပန်ဆိုင်း)မှာကျတော့ ကြူကုတ်နဲ့ ကောင်းကွေ့ ကြား လမ်းလုံခြုံရေး အဖွဲ့တွေနဲ့ ဖြစ်တဲ့ဟာ ရှိတယ်။ အဲဒီမှာ စစ်သည်တချို့ကျဆုံးတာ ရှိတယ်။ လက်နက်တချို့ ဆုံး တာ ရှိတယ်။ ဟိုဘက် မုံးကိုး၊ ဖောင်းဆိုင်ဘက်ကတော့ ထိခိုက်ဒဏ်ရာ ရမှု မရှိပါဘူး” ဟု ပြောသည်။
ပန်ဆိုင်းမြို့နယ်ခွဲအတွင်း တိုက်ပွဲတွင် စစ်သည်များ ကျဆုံးမှု ရှိသည်ဟု ဆိုသော်လည်း ကျဆုံး စစ်သည်ဦးရေနှင့် လက်နက်ခဲယမ်း အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ MNDAA ဘက်က မုံးကိုးမြို့နယ်ခွဲအတွင်း လူထုကို ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ရေးအတွက် ၎င်းတို့၏ တပ်ဖွဲ့များက တရွာဝင် တရွာထွက် အသိပညာပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများ ပေး ခြင်းများ လုပ်ဆောင်နေစဉ် စစ်ကောင်စီဘက်က လိုက်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲ ဖြစ်ရခြင်း ဖြစ်သည်ဟု ပြော ဆိုသည်။
စစ်ကောင်စီဘက်က ပြောဆိုချက်မှာ MNDAA ဘက်က မုံးကိုးဒေသတွင်း ဝင်ရောက်လာပြီး ဖြန့်ကျက်လှုပ်ရှားလာ ခြင်းကြောင့် တိုက်ခိုက်မှုများ ဖြစ်ပွားရသည်ဟူ၍ ဖြစ်သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက “သူတို့က ဟိုဘက်ထဲ ဝင်သွားလိုက်၊ နယ်စပ်ထဲ ဝင်သွားလိုက် ပြန်ဝင်လာလိုက် လုပ်နေ တာပဲ။ ဘယ်လိုလုပ် လက်ခံလို့ ရမတုန်း။ ကိုးကန့်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး သူ့အစိုးရနဲ့ သူရှိပြီးသားပဲ” ဟုလည်း ပြောဆိုသည်။
သြဂုတ် ၂၈ ရက်ကလည်း မုံးကိုးမြို့နယ်ခွဲအတွင်း စစ်ကောင်စီနှင့် MNDAA ကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၂၃၀ မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး ကိုင်ဆောင်သည့် ပစ္စတို နှစ်လက် အပြင် တပ်ဖွဲ့ဝင်များ၏ ရိုင်ဖယ် ၃ လက်၊ ဆက်သွယ်ရေး စက်များနှင့် ခဲယမ်းများကို MNDAA ဘက်မှ ရရှိခဲ့သည်။
သြဂုတ် ၂၈ ရက်တိုက်ပွဲတွင် ပစ္စတို နှစ်လက်အပြင် တိုက်ပွဲတွင်း ကျန်ခဲ့သည့် ခလရ ၂၃၀ ၏ အလောင်းများထဲတွင် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး၏ စစ်ဘက်ဆိုင်ရာ အပွင့်များ ပါရှိသည့် ယူနီဖောင်းများ ဝတ်ဆင်ထားသည့် အလောင်း များကို တွေ့ရှိသဖြင့် တိုက်ပွဲတွင်း တပ်ရင်းမှူးအပါအဝင် အရာရှိများ သေဆုံးသည်ဟု MNDAA ဘက်က အတည်ပြု ပြောဆိုသော်လည်း စစ်ကောင်စီဘက်က ၎င်းတို့ဘက်မှ တပ်ရင်းမှူး ကျဆုံးခြင်း မရှိကြောင်း ငြင်းဆိုထားသည်။
ခလရ ၂၃၀ မှ အကျအဆုံး များသည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် သြဂုတ် ၃၀ ရက်တွင် စစ်ကောင်စီ၏ ခြေမြန် တပ်ရင်း ခမရ ၅၇၅ သည် ပန်ဆိုင်းမြို့နယ်ခွဲဘက်မှ မုံးကိုးမြို့နယ်ခွဲဘက်သို့ ထပ်မံ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု MNDAA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
မုံးကိုးမြို့နယ်ခွဲဘက်သို့ ထပ်မံဝင်ရောက်လာသည့် ခမရ ၅၇၅ ကို လမ်းခုလတ်တွင် MNDAA တပ်ဖွဲ့က တိုက်ခိုက်ရာ သြဂုတ် ၃၀ ရက်တွင် တနာရီကြာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အလောင်း ၁၅ လောင်းနှင့်အတူ လက်နက် ခဲယမ်းများ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်ဟု MNDAA ဘက်မှ ပြောသည်။
စစ်ကောင်စီကမူ ပန်ဆိုင်းမြို့နယ်ခွဲအတွင်း ဖြစ်ပွားသည့် တိုက်ခိုက်မှုသည် ၎င်းတို့၏ လမ်းလုံခြုံရေး တပ်ဖွဲ့နှင့် MNDAA ကြား တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်ဟူ၍ ပြောဆိုခြင်း ဖြစ်သည်။
စစ်ကောင်စီနှင့် MNDAA ကြား တိုက်ပွဲဖြစ်ပွားသည့် အကြောင်းအရင်း၊ တိုက်ပွဲတွင်း ကျဆုံးစစ်သည်များနှင့် ပတ် သက်၍ နှစ်ဖက် ငြင်းခုံမှုများ ရှိနေသော်လည်း တဖက်တွင် ၎င်းတို့၏ တိုက်ပွဲများကြောင့် ပန်ဆိုင်းနှင့် မုံးကိုးမြို့ နယ်ခွဲတို့တွင် ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ၁၉၀၀ ကျော်သည် နေရပ်စွန့်ခွာပြီး ထွက်ပြေး နေရသည်။
မုံးကိုးမြို့နယ်ခွဲအတွင်းရှိ မန့်ယန်နှင့် ဘန်မွေး ကျေးရွာမှ ဒေသခံ ၁၇၃ ဦးသည် ဇူလိုင် ၂၈ ရက်မှစ၍ တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရပြီး လက်ရှိတွင် ဖောင်းဆိုင်ကျေးရွာအနီးနှင့် မြန်မာ-တရုတ် နယ်စပ် ၊ မိုင်တိုင် အမှတ် ၁၀၂ အနီးတွင် ယာယီတဲများ ထိုးကာ စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်။
ပန်ဆိုင်းမြို့နယ်ခွဲအတွင်းမှ ဖိုင်ကောင်း၊ ခါလျန်၊ ဘောင်ရာ အစရှိသည့် ကျေးရွာများမှ လူဦးရေ ၁၀၀၀ ကျော်သည် လည်း ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျပေါက်ကွဲခြင်းကြောင့် သြဂုတ် ၄ ရက်ကတည်းက နေရပ်စွန့် ခွာ ထွက်ပြေးနေရသည်။
သြဂုတ် ၂၉ ရက်တွင်လည်း မုံးကိုးမြို့နယ်ခွဲ၊ ကောင်းလုံကျေးရွာအုပ်စုနှင့် နမ့်ဟာကျေးရွာအနီး တိုက်ပွဲများ ဖြစ်ကာ လက်နက်ကြီးကျည်များ ကျပေါက်ကွဲခြင်းကြောင့် နမ့်ဟာကျေးရွာမှ အသက် ၁၀ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့သည်။
ထို့ကြောင့် ကောင်းလုံကျေးရွာအုပ်စုနှင့် နမ့်ဟာကျေးရွာမှ ဒေသခံ ၇၀၀ ဝန်းကျင်သည်လည်း မုံးကိုးမြို့ပေါ်နှင့် နီး စပ်ရာ ဆွေမျိုးများရှိရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီ ဖြစ်သည်။
မုံးကိုးမြို့နယ်ခွဲအတွင်း စစ်ကောင်စီသည် MNDAA နှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားကာ စစ်ရေး တင်းမာ နေသည့်အပြင် သြဂုတ် ၂၈ ရက်ကလည်း KIA နှင့် စစ်ကောင်စီကြား တိုက်ခိုက်မှုများ ရှိခဲ့သည်။
KIA နှင့် MNDAA သည် စစ်ရေး၊ နိုင်ငံရေးတွင် မဟာမိတ်ဖွဲ့ထားသည့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသော် လည်း မုံးကိုးမြို့နယ်ခွဲအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် KIA နှင့် MNDAA ကြား ပူးပေါင်း၍ စစ်ရေး ဆောင်ရွက် ခြင်း မရှိကြောင်း သိရသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ၊ ဗိုလ်မှူးကြီးနော်ဘူက “မုံးကိုး၊ဖောင်းဆိုင်ဘက်က ကျနော်တို့ KIO ရဲ့ အုပ်ချုပ်နယ်မြေ ဖြစ်ပါတယ်။ KIO ပြည်သူလူထုရဲ့အုပ်ချုပ်နယ်တွေရှိတဲ့ နေရာတွေ ဖြစ်ပါတယ်။ အဲဒီဘက်မှာ MNDAA တွေလည်း နေရာတိုးချဲ့ဝင်လာလို့ စစ်ကောင်စီတွေနဲ့ တိုက်ပွဲဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်ထားပါတယ်” ဟု ပြောသည်။
မုံးကိုးမြို့နယ်ခွဲသည် KIA ၏ တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၃၆ လှုပ်ရှားသည့် နယ်မြေဖြစ်ပြီး မုံးကိုး ဒေသ တွင်း KIA က အုပ်ချုပ်ရေး ယန္တရားများ ထူထောင်ထားသည့် နယ်မြေများလည်း ရှိသည်။
ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့လည်း ညှိနှိုင်းတာတော့ ရှိပါတယ်။ သူတို့ (MNDAA) လည်း စစ်ရေး လှုပ်ရှားတာက တပိုင်းပေါ့။ အုပ်ချုပ်ရေးရုံးတွေ ချပြီး သူတို့ အခြေခံ နယ်မြေတွေ လုပ်ဖို့ ဆိုတာကတော့ ကျနော်တို့လည်း သူတို့နဲ့ ညှိ နှိုင်းတာ ရှိပါတယ်။ ဒါက မလုပ်ပေးဖို့ပေါ့။ ညှိနှိုင်းတာ ရှိပါတယ်” ဟု ပြောသည်။
MNDAA နှင့် KIA ကြား မုံးကိုးဒေသတွင်း အုပ်ချုပ်ရေးယန္တရားဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြေလည်မှု ရှိမရှိ မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက “ပြေလည်ပါတယ်။ သိပ်ပြီး ကြီးကြီးမားမား ပြဿနာတွေ မရှိပါဘူး ခင်ဗျ” ဟု ပြော ဆိုသည်။
မုံးကိုးမြို့နယ်ခွဲအတွင်း တပ်ဖြန့်လှုပ်ရှားလာခြင်း၊ အုပ်ချုပ်ရေးယန္တရားများ တည်ဆောက်လာခြင်းနှင့် ပတ်သက်၍ MNDAA ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
မုံးကိုးဒေသခံများ၏ ပြောဆိုချက်အရ MNDAA သည် ဇူလိုင်အတွင်းမှစ၍ ကျေးရွာများဘက်တွင် ပိုမိုလှုပ်ရှားလာခြင်း ဖြစ်ပြီး ကိုးကန့်တပ်များသည်လည်း အုပ်ချုပ်ရေးပိုင်းများကို စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု သိရသည်။
သြဂုတ် ပထမပတ်အတွင်း ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဖုန်းဝင်းနိုင် က ဒေသခံများက ၎င်းတို့ကို နှစ်သက်ပြီး လူထုကို ကာကွယ်ပေးရန်အတွက် ဒေသတွင်း နေထိုင်ရန် လက်ခံသဖြင့် ၎င်းတို့ က လူထု သဘောအတိုင်း နေထိုင်နေခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။
MNDAA သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်၊ ဟုန်အိုင်တောင်ကြောပေါ်တွင် ဌာနချုပ် အခြေစိုက်ပြီး ကုန်းကြမ်းမြို့နယ်နှင့် ဆက်စပ်နေသည့် မုံးကိုးဒေသတွင်း ဝင်ရောက် လှုပ်ရှားသည့်အပြင် ရှမ်းပြည် နယ် မြောက်ပိုင်း၊ သိန္နီ မြို့နယ်၊ ကွတ်ခိုင်မြို့နယ်တို့အတွင်း၌လည်း လှုပ်ရှားသည်။
MNDAA ၏ ခေါင်းဆောင် ဦးဖုန်ကြားရှင်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ ခေါင်းဆောင်ဟောင်းတဦး ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုကိစ္စ စွပ်စွဲချက်များဖြင့် စစ်တပ်က ဦးဖုန်ကြားရှင်ကို ဖမ်း ဆီးရန် ကြိုးစားရာ ထွက်ပြေးလွတ်မြောက်ပြီးနောက် MNDAA ကို ထူထောင်လိုက်ခြင်း ဖြစ်သည်။
ဦးဖုန်ကြားရှင်သည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာတွင် ကိုးကန့်ဒေသကို ပြန်လည်သိမ်းယူမည်ဟု ထုတ်ဖော် ပြောဆိုပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှစ၍ ကိုးကန့်ဒေသကို ထိုးစစ်ဆင်ခြင်းများ ပြုလုပ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း တကြောတွင် ပြန်လည်လှုပ်ရှားလာသည့် တပ်ဖွဲ့ဖြစ်သည်။
You may also like these stories:
MNDAA နှင့် စစ်ကောင်စီကြား ပန်ဆိုင်း၊ မုံးကိုးဒေသ၌ တိုက်ပွဲဆက်ဖြစ်နေ
စစ်တပ်က အတိုင်ပင်ခံပုဂ္ဂိုလ် နာမည်သုံးပြီး တပ်တွင်းစည်းရုံးရေး လုပ်ခဲ့သလား
တန့်ဆည်တွင် စစ်ကောင်စီတပ်က အရပ်သားများကို စီးနင်းသတ်ဖြတ်မှုများ ကျူးလွန်နေ
KNU သိမ်းထားသည့် တပ်စခန်းအချို့ပြန်ပေးရန် စစ်ကောင်စီတောင်း