မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာအနီးတွင် အသက် ၅၀ အရွယ် အမျိုးသားတဦး ကျားကိုက်ခံရပြီး နောက် အဆိုပါ ကျားမှာ ကျေးရွာအနီး လှည့်လည်သွားလာနေသည်ဟုဆိုကြကာ ကျေးရွာအတွင်းရှိ လူအများ စိုးရိမ်ထိတ် လန့်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
သြဂုတ်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် ကျောင်းကုန်းကြီး ကျေးရွာအနီးတွင် နွားကျောင်းနေသည့် နွားကျောင်းသားတဦးက ကျားတကောင်ကို မြင်တွေ့ပြီးနောက် ရွာထဲမှ ၇ ဦးခန့်က ၎င်းနှင့်အတူ အဆိုပါ ကျားအား လိုက်လံ ကြည့်ရှုရာ ဦးစန်းဝင်း ဆိုသူ ကျားကိုက်ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
ကျားလိုက်ခံရသည့် နွားကျောင်းသားက “လူ ၇ ယောက်လောက် ရှိတယ်။ သွားကြည့်တာ။ ကိုက်ခံရတဲ့ ဦးစန်းဝင်းက ကျားရှိတဲ့ ခြုံက လှုပ်နေလို့ ဆိုပြီးတော့ သွားကြည့်တော့ ထွက်လာတာ။ အဲဒီမှာ ကျားက ဟိန်းပြီးအုပ်တာ၊ သူက နောက် ဆုတ်လိုက်တဲ့ အချိန်မှာ လှမ်းကိုက်လိုက်တာ။ အဲဒီမှာ တခြားလူတွေက ဝိုင်းခြောက်လိုက်တော့ ကျားက ထွက်ပြေးသွား တယ်။ အဲဒါကြောင့် အသက်ဘေးက လွတ်သွားတယ်။ ကျားက လူတော့ ကြောက်တယ်။ လူတွေလည်း အသက်လု ပြေးရ တာဆိုတော့ ကျားကိုတော့ ပစ်တာခတ်တာတွေ မရှိဘူး” ဟု ပြောသည်။

လက်ရှိတွင် ကျားကိုက်ခံရသည့် ဦးစန်းဝင်းမှာ ပွင့်ဖြူဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ပါး၊ ဒူးခေါင်း၊ ပေါင်တို့တွင် ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် ချုပ်ထားရကြောင်း ၎င်း၏ မိသားစုဝင်များထံက သိရသည်။အဆိုပါ ကျားမှာ လူတဦး ခါးတပိုင်းခန့်မြင့်ပြီး ၆ တောင်ခန့် ရှိကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ တဦးထံက သိရသည်။
ကျောင်းကုန်းကြီး ကျေးရွာအနီးတဝိုက်တွင် အဆိုပါ ကျားမှာ လှည့်လည်သွားလာလျက်ရှိသည့် ခြေရာများ တွေ့ရှိခြင်း ကြောင့် ဒေသခံများအနေဖြင့် နွားကျောင်း၊ ဆိတ်ကျောင်း အလုပ်များနှင့် တခြား အလုပ်များ လုပ်ကိုင်ရာတွင် စိုးရိမ် ထိတ်လန့်မှုများဖြင့် လုပ်ကိုင်နေရကြောင်း ပြောသည်။
“အခု ရွာထဲက ဆိတ်ကျောင်းသားတို့ နွားကျောင်းသားတို့ကတော့ ဝေးဝေးလံလံ မကျောင်းရဲတော့ဘူး။ ကွင်းပြင်ထဲမှာပဲ ကျောင်းကြရတာပေါ့။ ကျားတွေ့ခဲ့တဲ့နားကို မသွားကြတော့ဘူး။ ကျနော်တို့ဆီမှာ တောကြီးတော့ မရှိပေမယ့် ချောင်းရိုး တန်းတွေ နားမှာ တောအုပ်အုပ်လေးတွေ ဖြစ်နေတာ။ ချောင်းရိုးတန်းကလည်း တိမ်တိမ်လေးပါ။ လူပေါင်လယ် လောက်ပဲ ရှိတယ်” ဟု ကျောင်းကုန်းကျေးရွာရှိ ဒေသခံတဦးကပြောသည်။
ကျောင်းကုန်းကျေးရွာအနီးတွင် ကျားနေထိုင်ရာ တောတောင်မရှိဘဲ ယခုကဲ့သို့ ကျေးရွာအနီး ကျားဝင်ရောက်ခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
ကျောင်းကုန်းကြီးရွာခံတဦးက “ကျနော့် တသက်နဲ့တကိုယ်တော့ ဒါမျိုး မကြားဖူးဘူး။ သစ်တောတွေ ပြုန်းတီးလို့ပဲလား။ ခေတ်ကမကောင်းတော့ တော ထဲလူတွေ များနေလို့ မနေနိုင်လို့ ထွက်လာတာလား၊ စစ်ကောင်စီဘက်ကပဲ ပြည်သူတွေကို ထိတ်လန့်အောင် ကြောက် အောင်ပဲ လွှတ်သလားဆိုတာ တွေးစရာတွေ များတာပေါ့။ တချို့ဆို အခုထိကို မယုံကြသေးဘူး။ အကိုက်ခံရတာ ကျားရော ဟုတ်ရဲ့လားဘာညာနဲ့ ပြောနေတာတွေ ရှိတယ်။ စိုးရိမ်မှုတော့ ရှိတာပေါ့။ အရင်ကထက်စာရင်တော့ ဂရုတစိုက် နေရ တာပေါ့” ဟု ပြောသည်။
သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာ) – (WCS Myanmar) မှ ကိုပြည့်ဖြိုးကျော်က “ကျနော်တော့ လေ့လာကြည့်ရသ လောက်တော့ ကျားပေါက်ရဲ့ခြေရာလက်ရာမျိုးတွေ ဒါမှမဟုတ် ကျားသစ် ဖြစ်နိုင်တယ်။ ပြောရမယ်ဆိုရင် ကျားကသိုသို ဝှက်ဝှက်နေတတ်တဲ့ အမျိုးအစားပေါ့။ အပြင်မှာ ထွက်လာတတ်တာမျိုးက ကျားသစ်တို့ဘာတို့ဆို ထွက်လာနိုင်တယ်။ သူတို့က လူနဲ့နီးတဲ့ ပတ်ဝန်းကျင်တွေမှာ ထွက်တတ်တော့လေ။ ကျားက ကျတော့ ရှက်တတ်တဲ့ကောင် ဖြစ်တဲ့အတွက် အဲဒီအချက်ကိုလည်း စဉ်းစားတာပေါ့။ ကျနော်တို့တွေ့ရှိရသလောက်တော့ ကျားပေါက် သို့မဟုတ် ကျားသစ်ကောင်ကြီးလို့ ကောက်ချက်ချထားတာပေါ့” ဟု ပြောသည်။
ယခင်က ထိုင်း-မြန်မာနယ်စပ် ဘေးမဲ့တောဘက်က ကျားတကောင် လွတ်မြောက်လာပြီး တနင်္သာရီတိုင်းအတွင်း ငါးဖမ်း လုပ်သားများကို ကိုက်ခဲ့သည့် အကြောင်းအရာများ ရှိခဲ့ဖူးကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ကျားများ ကျင်လည်ကျက်စားနေသည့် နယ်မြေသည် နိုင်ငံဧရိယာ၏ ၇% ခန့်၊ ဧက (၁၂) သန်းကျော်ရှိ သည်။ ကျားများ ကျင်လည်ကျက်စားသည့် နယ်မြေအတွင်း အနည်းဆုံး ကျား ၂၂ ကောင် ရှင်သန်ကျက်စားနေကြောင်း သစ်တောဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် ကမ္ဘာ့ကျားများနေ့တွင် ထုတ်ပြန်ထားသည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ပွင့်ဖြူမြို့သည် မြန်မာပြည်၏ အနောက်အလယ်ပိုင်း ရခိုင်ရိုးမနှင့် ချင်းတောင်တန်းများ ဆက်စပ်ရာ ဒေသနှင့် မိုင် ၂၀ ကျော်ခန့်သာ ကွာဝေးကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၏ အလယ်တွင် မုန်းချောင်းဖြတ်သန်း စီးဆင်းနေသဖြင့် မုန်းချောင်းချိုင့်ဝှမ်းရှိပြီး မြို့နယ်၏ အနောက် ဘက်ခြမ်း သုံးပုံတပုံမှာ တောင်ကုန်း တောင်တန်းများ ရှိသည်။ ထင်ရှားသော တောင်များမှာ လွမ်းတောင်၊ မြကျိုင်းတောင် နှင့် သံဆည်တောင် တို့ဟူ၍ ရှိကြသည်။
You may also like these stories:
စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည်
စစ်အာဏာသိမ်းပြီးနောက် အလောင်းတော် ကဿပနယ်မြေတွင် သစ်ခိုးထုတ်သူများနှင့် စည်ကားနေ