ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၆ ဦးအား ပွဲစားများက ငွေကြေးလိမ်လည် ရယူ ပြီးနောက် လမ်းခုလတ်တွင် ထားပစ်ခဲ့မှု သြဂုတ်လ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သား ၆ ဦးအား ပွဲစားများက မဲဆောက်အမှတ် (၂) ချစ် ကြည်ရေးတံတားသို့ ပို့ဆောင်ပေး မည်ဟုဆိုကာ ငွေကြေးရယူပြီးနောက် တာ့ခ်ခရိုင်တွင် ထားပစ်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ဦးမိုးကြိုးက ပြောသည်။
၎င်းက “လိုင်းပေါ်က ပွဲစားတွေကြောင့် ဒုက္ခရောက်တာ ၆ ယောက် ရှိပြီ။ မော်တော်ယာဉ်လိုင်းတွေက မဖွင့်သေးဘူး။ အဝေးပြေးကားတွေ ဖွင့်တော့မယ် ဆိုပြီးတော့ နီးစပ်ရာ အံစာတုံးကားတွေနဲ့ ငှားလာတယ်။ ပွဲစားကပစ်ထားရော အခု ၆ ယောက်။ သူတို့ကို အလုပ်သမား သံအရာရှိရုံးကနေ ကယ်ထုတ်ထားတယ်။ သန်ဘက်ခါကျမှ ပြန်လို့ရမယ်” ဟု ဆိုသည်။
အဆိုပါ ပွဲစားများဖြင့် ဆက်သွယ်ခဲ့ကြသည့် ရွှေ့ပြောင်းလုပ်သား ၆ ဦးအား တာ့ခ်ခရိုင် မြစ်ကူးတံတားတွင် ပွဲစားများက ထားပစ်ခဲ့ပြီးနောက် ထိုင်းရဲများက ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ဖမ်းဆီးရမိပြီးနောက် မဲဆောက်မြို့သံအရာရှိက ညှိနှိုင်း၍ ကယ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တာ့ခ်ခရိုင်အတွင်း ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများအရ မည်သည့် အဝေးပြေးယာဉ်မျှ ဖြတ်သန်းသွားလာခွင့် မရှိ ခြင်းကြောင့် ပွဲစားများ၏ စကားကို မယုံကြရန် အလုပ်သမားအရေး ဆောင်ရွက်သူများက သတိပေး ပြောဆိုသည်။
ဦးမိုးကြိုးက “လိုင်းပေါ်မှာလည်း ကားအမျိုးမျိုး ပွဲစားတွေရှိတယ်။ ထိုင်းနိုင်ငံမှာ ခရိုင် ၂၉ ခုက ကိုဗစ်ပိုးတွေ့တဲ့အတွက် အနီရင့်ရောင်အဆင့် သတ်မှတ်ထားတယ်။ အဲဒီမှာ မဲဆောက် တာ့ခ်ခရိုင်လည်း ပါတယ်။ အခုထိ မရုပ်သိမ်းသေးဘူး။ ၁ ရက်နေ့ကတော့ ရုပ်သိမ်းတယ်လို့ သတင်းသဲ့သဲ့လေး ထွက်တယ်။ လိုင်းပေါ်က ပွဲစားတွေက ရပါတယ်၊ ဖြစ်ပါတယ်ဆိုပြီး အကျင့်ပျက် ထိုင်းရဲတွေနဲ့ လာဘ်ပေးပြီးတော့ ကားတွေဆွဲပြီး ရောက်လာတာ။ မဲဆောက်ထိလည်း မရောက်ဘူး။ အဝင်ပေါ့။ တာ့ခ်ခရိုင်ထဲ အဝင်မှာ ချထားပေးခဲ့တာ” ဟု ပြောသည်။
ဘန်ကောက်မှ နေရပ်ပြန်လိုသည့် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ပွဲစားများအား တဦးလျှင် ဘတ် ၅ ထောင်၊ ၆ ထောင် ပေးရပြီး ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ဘတ် ၁ သောင်း နီးပါး ပေးရကြောင်း၊ ပွဲစား များက ၎င်းတို့အား ထိုင်း-မြန်မာနယ်စပ် အမှတ် (၂) ချစ်ကြည်ရေး တံတားသို့ ပို့ဆောင်ပေးမည်ဟု ဆိုသော်လည်း တာ့ခ် ခရိုင်အဝင်အထိသာ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နေရပ်ပြန်လိုသူများ အနေဖြင့် ထိုင်းနိုင်ငံရှိ အလုပ်သမား သံရုံးများကို ဆက်သွယ်ကာ သံအရာရှိ၏ ထောက်ခံချက်ဖြင့် ပြန် နိုင်မည် ဖြစ်ကြောင်း အလုပ်သမားသံအရာရှိက အသိပေးကြေညာထားသည်။

“သံအရာရှိရုံးက သတ်မှတ်ပေးတဲ့ရက်မှာ ပြန်မယ်ဆိုရင် ထောင်သားတယောက်၊ ရာဇဝတ်သားတယောက် နေရပ်ပြန်ရ သလို မပြန်ရပါဘူး။ အခုပြန်တာတွေ အားလုံးဟာ နေရပ်ပြန်ချင်ဇောနဲ့ ထိုင်းလဝကတွေကို ပိုက်ဆံပေး၊ အချုပ်ခံ အချုပ် ကားတွေနဲ့အတူ မဲဆောက်ကိုရောက်။ ထိုင်းလဝကမှာ တရက်၊ အချုပ်ထဲမှာတရက်။ ဒါဟာ ဘတ် ၇ ထောင်ကနေ ၁ သောင်းထိ ပေးတဲ့လူတွေ။ ဘတ် ၂/၃ ထောင်ပေးတဲ့သူက အချုပ်ထဲမှာ ၄/၅ ရက် နေပြီးတော့မှ ပြန်ရတာ ဖြစ်ပါတယ်” ဟု ဦးမိုးကြိုးက ရှင်းပြသည်။
နှစ်နိုင်ငံ အလုပ်သမား သံအရာရှိများ၊ တာဝန်ရှိသူများ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန် လိုကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား သြဂုတ် ၁ ရက်နေ့မှ စတင်ကာ မဲဆောက်မှတဆင့် တရက်ခြားလျှင် လူ ဦးရေ ၂၀၀ နှုန်းဖြင့် ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ ယနေ့အချိန်ထိဆိုလျှင် လူဦးရေ ၃,၂၂၉ ဦး ရှိပြီ ဖြစ်သည်။
ကိုဗစ်ကြောင့် ဇွန်လအတွင်းက စတင်ကာ မြဝတီနယ်စပ်မှတဆင့် ထိုင်းရောက် မြန်မာလုပ်သားများအား မြန်မာပြည်ဘက် က လက်ခံမှုအား ရပ်ဆိုင်းထားသော်လည်း သြဂုတ် ၁ ရက်မှစ၍ နေရပ်ပြန်မှုများအား ပြန်လည် လက်ခံခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
မဲဆောက်တွင် ကိုဗစ်ကူးစက်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ ကျော်ရှိလာ
ထိုင်းမှာ ကိုဗစ်ပိုးကူးစက်မှုသစ် မြန်မာအလုပ်သမား ၆၀၀ ခန့် ပါဝင်
ထိုင်း ကိုဗစ်-၁၉ ကူးစက်မှုသစ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ဓားစာခံ မဖြစ်သင့်