သတင်း

မြန်မာနှင့် နိုင်ငံတချို့ ၌ ကိုဗစ်ကာကွယ်ဆေးအတုများ တွေ့သဖြင့် WHO သတိပေး

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှဒေသနှင့် အာဖရိက ဒေသတို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အတုများ တွေ့ရှိကြောင်း ကမာ္ဘ့ကျန်းမာရေးအဖွဲ့(WHO) က သတိပေးချက် ယမန်နေ့က ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေးများကို အတုအပပြု ထုတ်လုပ်ထားခြင်း ဖြစ်ပြီး၊ မြန်မာ၊ အိန္ဒိယနှင့် ယူဂန်ဒါ တို့ရှိ လူနာများထံမှ ကာကွယ်ဆေးအတုနှင့် ပတ်သက်၍ အချက်အလက်များကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေး အတု၏ လက္ခဏာများမှာ သက်တမ်းကုန် ဆုံးရက်ကို ၁၀.၈.၂၀၂၁ ဟု ဖော်ပြထားခြင်း၊ စာလုံးပေါင်း အမှန်မှာ COVISHIELD ဖြစ်သော်လည်း အတုမှာ COVISHELD ဟု မနီးရိုးစွဲ တုပကာ ရေးသားထားခြင်း၊ ဆေးပုလင်း ပေါ်ရှိ နံပါတ်စဉ်များ မှားယွင်းခြင်း၊ အမှန်တကယ် ထုတ်လုပ်သည့် ကုမ္ပဏီက COVISHIELD 2ml ဟု ထုတ်လုပ်ထားခြင်း မရှိသော်လည်း ဆေးအတုတွင် COVISHIELD 2ml ဟု ဖော်ပြထားခြင်း တို့ဖြစ်သည်။

WHO က ထုတ်ပြန်ထားသည့် ကိုဗစ်ကာကွယ်ဆေးအတု

WHO အနေဖြင့် ယင်း ကာကွယ်ဆေးအတုများ ပတ်သက်၍ ဇူလိုင်၊ သြဂုတ်လများကတည်းက သက်ဆိုင်ရာ နိုင်ငံများမှ အစီရင်ခံစာများ ရရှိထားပြီး COVISHIELD အမှတ်တံဆိပ် ကာကွယ်ဆေး ထုတ်လုပ်သည့် Serum Institute ကလည်း အတုများသာဖြစ်ကြောင်း အတည်ပြုပြောဆိုထားသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတိပေးချက်တွင် ထည့်သွင်း ရေးသားထားသည်။

ကိုဗစ်ကာကွယ်ဆေး အတုများသည် ကမာ္ဘလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအတွက် ဆိုးရွားသော အန္တရာယ်ကို ဖြစ်စေပြီး ကျန်းမာရေးစနစ် အပေါ်တွင်လည်း ဝန်ထိုးဝန်ပိုး တခုထပ်ဖြစ်စေကြောင်း WHO က ဆိုသည်။ထို့ပြင် ကိုဗစ် ကာကွယ်ဆေးများကို သတ်မှတ်ထားသည့် အအေးစံနှုန်းနှင့်အညီ ထိန်းသိမ်းထားခြင်း မရှိပါကလည်း အကျိုးသက်ရောက်မှု မရှိနိုင်သည့်အတွက် သတိထားရန်လိုကြောင်း ကိုဗစ်ကုသရေး ဆောင်ရွက်နေသည့် CDM ဆရာဝန် တဦးက ပြောသည်။

“အခု လောလောဆယ် ထိုးနေတာတွေက Sinopharm တို့၊ Sinovac တို့လေ။ အောက်လမ်းကဝင်တဲ့ ဆေးတွေ ဆိုရင် တော့ Cold Chain က လုံးဝ မသေချာဘူး။ Cold Chain ပြောင်းသွားတာနဲ့လည်း မိုးရေထိုးသလိုပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၌ ပုဂ္ဂလိကအနေဖြင့် ကိုဗစ်ကာကွယ်ဆေး တင်သွင်းဖြန့်ဖြူးရေးအတွက် တရုတ်ကုန်သည်ကြီးများ အသင်းက တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး တင်သွင်းခွင့်လက်မှတ်ရရှိထားပြီး SML Pharmaceutical Trading Co., Ltd ကလည်း အိန္ဒိယနိုင်ငံထုတ် COVAXIN အလုံးရေ ၁ သိန်း တင်သွင်းခွင့် ရရှိထားကြောင်း စစ်ကောင်စီ လက်အောက် ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

သို့သော် ပြီးခဲ့သည့် ဧပြီလမှစတင်ကာ အိန္ဒိယနိုင်ငံသည် နိုင်ငံတွင်း လိုအပ်ချက်ကြောင့် ကိုဗစ်ကာကွယ်ဆေးများကို နိုင်ငံ တကာသို့ ပေးပို့နေမှုအား ရပ်ဆိုင်းခဲ့ခြင်းကြောင့် SML အနေဖြင့် တင်သွင်းနိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံတွင် ကိုဗစ်ရာဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ ၁ ဒသမ ၈၄ သန်းကျော် ရှိပြီဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် အရပ်သား အစိုးရလက်ထက် လူ ၁၅ သန်းစာအတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ဝယ်ယူထားသည့် အထဲက ဆေး ၂ သန်းနှင့် အိန္ဒိယနိုင်ငံက လှူဒါန်းသည့် ၁ သန်းခွဲကို ကနဦး လက်ခံရရှိ ပြီးနောက် ဇန်နဝါရီ ၂၇ ရက်မှစကာ အရပ်သားအစိုးရ၏ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် စတင်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် လက်ရှိတွင် စစ်ကောင်စီက တရုတ်နိုင်ငံထုတ် ကာ ကွယ်ဆေးများ ဖြစ်သည့် Sinopharm နှင့် Sinovac တို့ကို အသက် ၆၅ နှစ် အထက် သက်ကြီးပိုင်းများ၊ ကာကွယ်ဆေး ထိုးရန် ကျန်ရှိနေသည့် ကျန်းမာရေးဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများ စသည်ဖြင့် ဦးစားပေး အုပ်စုများ သတ် မှတ်ကာ ထိုးနှံပေးနေခြင်း ဖြစ်သည်။

စစ်ကောင်စီက ရပ်ကွက်၊ ကျေးရွာအလိုက် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ဦစားပေး အဆင့်လိုက် ဆောင် ရွက်ပေးနေသည်ဟု ဆိုသော်လည်း တချို့အာဏာပိုင်များနှင့် နီးစပ်သူများမှတဆင့် မသမာသော နည်းလမ်းများဖြင့် ကြားဖောက် ဝင်ရောက်ကာ ဆေးထိုးနှံမှုများ ရှိနေသည်ဟုလည်း ပြည်သူများက ဆိုကြသည်။

You may also like these stories:

တရုတ်ကုန်သည်များ အသင်းက ကိုဗစ်ကာကွယ်ဆေးကို ကျပ် ၅ သောင်းဖြင့် ထိုးပေးမည် ဟုဆို

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရက်အကန့်သတ်မရှိ ရပ်နား

လူဦးရေ ၃ ထောင်ခန့်နေထိုင်သည့် စစ်ရှောင်စခန်းတွင် ကိုဗစ်ပိုးကူးစက်မှု တွေ့ရှိ

Loading