ရွေးကောက်ခံ အရပ်သားအစိုးရအား ဖြုတ်ချပြီး အာဏာသိမ်းမှု ၇ လပြည့်တွင် တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း တပ်ဖွဲ့ များ၌ တစ်ရှူး ငှက်ပျော (ဖီးကြမ်း) စိုက်ပျိုးမှုကို စီမံကိန်းအနေဖြင့် စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း စစ်ကောင်စီ ပြော ရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောသည်။
၎င်းက “အခု တပ်မတော် တရပ်လုံးက တစ်ရှူးငှက်ပျော စစိုက်နေတယ်။ စိုက်နေတာက တရုတ်ဟာနဲ့ မတူဘူး။ တပ်မတော် စိုက်တာက ဖီးကြမ်း၊ တပ်မတော် ဓာတ်ခွဲခန်းနဲ့ သုတေသနပေါ့နော်။ ဖီးကြမ်းငှက်ပျောကို တစ်ရှူး မျိုး ပွားနည်းနဲ့ စိုက်လို့ရအောင် သုတေသနလုပ်တာ အောင်မြင်တယ်။ အရင်ကလို သားတက်လေးနဲ့ စိုက်တာမျိုး မဟုတ်ဘဲ အခုက အပင်ပေါက် တရွယ်ထဲကို အပင်ထောင်နဲ့ချီ၊ သောင်းနဲ့ချီ စိုက်လို့ရသွားပြီ၊ အောင်မြင်သွားပြီ” ဟု ပြောသည်။
အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ဇွန်လက ကျင်းပခဲ့သည့် စီမံခန့်ခွဲရေး အစည်းအဝေးတခုတွင် ကျန်းမာရေး အထောက်အကူဖြစ်စေပြီး အာဟာရပြည့်ဝစေသည့် ငှက်ပျောပင်များ စိုက်ကြ ရန် တိုက်တွန်းခဲ့ပြီးနောက် ဌာနဆိုင်ရာများအနေဖြင့် တစ်ရှူးငှက်ပျောပင်စိုက်ကြရန် တိုက်တွန်းမှုများလည်း တွေ့လာ ရသည်။
ယင်းပြင် တစ်ရှူးငှက်ပျောပျိုးပင်များအား ပြည်သူလူထု စားနပ်ရိက္ခာ ဖူလုံရေးအတွက် ဈေးနှုန်း သက်သက်သာသာဖြင့် ရောင်းချပေးမည်ဟု အာဏာသိမ်းခေါင်းဆောင်က ပြောထားသော်လည်း လက်ရှိတွင် ပျိုးပင်တပင်လျှင် ကျပ် ၄၀၀ နှုန်းခန့်ဖြင့် ကာကွယ်ရေး ဝန်ကြီးဌာနက ရောင်းချပြီး အရပ်ဘက်ကလည်း ဝယ်ယူနိုင်ကြောင်း စစ်ကောင်စီဘက်က ဆိုထားသည်။
ဌာနဆိုင်ရာများ တစ်ရှူး ငှက်ပျောစိုက်ပျိုးရေးနှင့် ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့် ဖြူးရေး လုပ်ငန်းလက်အောက်ရှိ အင်ဂျင်နီယာချုပ်ရုံး၊ နေပြည်တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများ အနေဖြင့် စိုက်ပျိုးမည့် ငှက်ပျောပင် အရေအတွက်နှင့် မြေနေရာအား စက်တင် ဘာ ၁ ရက်အရောက် ရုံးချုပ်သို့ တင်ပြကြရန် ညွှန်ကြားထားသည့် စာတစောင်လည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိ သည်။
အဆိုပါ ညွှန်ကြားချက်နှင့် ပတ်သက်ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိသော်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးရုံးအနေဖြင့် ယခုကဲ့သို့ ငှက်ပျော ပင်စိုက်ရန် ညွှန်ကြားချက်မျိုး မရှိသေးကြောင်း ဝန်ကြီးရုံး တာဝန်ရှိသူတဦးက ပြောသည်။
ယခုကဲ့သို့ တစ်ရှူးငှက်ပျော(ဖီးကြမ်း) စိုက်ပျိုးရေး စီမံကိန်းနှင့် ပတ်သက်ပြီး ယခင် န.အ.ဖ (နိုင်ငံတော် အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) လက်ထက် ကြက်ဆူပင် စီမံကိန်းကဲ့သို့ မအောင်မြင်သည့် အဖြစ်ကို ပြည်သူအချို့က စိုးရိမ်မှု ရှိနေကြသည်။
ယခင် န.အ.ဖ စစ်အစိုးရလက်ထက်တွင် ဇီဝလောင်စာ ထုတ်ရန်ဟုဆိုကာ တနိုင်ငံလုံးအနှံ့ စာသင်ကျောင်းများပါ မကျန် ကြက်ဆူပင်များ စိုက်ကြရန် အတင်းအဓမ္မ အကောင်အထည်ဖော်ခဲ့ပြီး အောင်မြင်မှု မရှိခဲ့ဘဲ လောင်စာဆီ ထွက်မလာသည့်အပြင် ငွေကြေး အရင်းအနှီးများစွာ လေလွင့် ဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီအနေဖြင့် ပျိုးပင်များ ရောင်းချကာ တစ်ရှူးငှက်ပျော စိုက်ပျိုးစေမည့် စီမံကိန်းနဲ့ ပတ်သက်ပြီး အာဏာသိမ်း ခေါင်းဆောင်၏ ပြောဆိုချက်များသည် ဈေးကွက် စီးပွားရေးစနစ်ကို အကောင်အထည်ဖော်မည်ဆိုသည့် နိုင်ငံ၏ မူဝါ ဒနှင့် ဆန့်ကျင်နေပြီး လက်တွေ့ အကောင်အထည်ဖော်ပါက အောင်မြင်နိုင်မည် မဟုတ်ကြောင်း စီးပွားရေးဆိုင်ရာ လေ့လာ သုံးသပ်သူတဦးက ပြောထားသည်။
၎င်းက “အစိုးရက အဲဒီဟာတွေ ဖြစ်အောင် အားပေးတဲ့ ကဏ္ဍကပဲ ပါရမှာ၊ အစိုးရက ဈေးကွက်မှာ လွတ်လွတ် လပ် လပ်နဲ့ လုပ်သာ ကိုင်သာရှိအောင်နဲ့ လုပ်ချင်စိတ်ရှိအောင် လုပ်ပေးရမယ်။ နောက်တခုက တခြား လိုအပ်တာတွေ ဖန်တီးပေးရမယ်။ သူ့အနေနဲ့ ပြောမယ်ဆိုရင် တိတိကျကျပြောဖို့ ကောင်းတယ်၊ ပုဂ္ဂလိက ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက် လာအောင် အစိုးရအနေနဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးမည် ဆိုတာမျိုးဖြစ်ရမယ်။ အစိုးရကိုယ်၌က ရောင်း ပေးဖို့ကလည်း အောင်မြင်မှာ မဟုတ်ဘူး။ အဂတိ လိုက်စားမှုတွေ များလာမှာ” ဟု ပြောသည်။
တစ်ရှူးငှက်ပျောနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ကချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တရုတ်နိုင်ငံ သားများ ဝင်ရောက်ကာ တစ်ရှူးငှက်ပျော (သီးမွှေး) မျိုး စီးပွားဖြစ်စိုက်ပျိုးမှုအား မြေဧကသောင်းနှင့်ချီကာ ရင်းနှီးမြုပ်နှံ စိုက်ပျိုးကြလျက်ရှိသည်။
တရုတ် တစ်ရှူးငှက်ပျောစိုက်ခင်းများကြောင့် မြေယာ ငှားရမ်းခများ အပါအဝင် ဒေသတွင်း စီးပွားရေးနှင့် အခွန်ဝင်ငွေ အတွက် အထောက်အပံ့ ဖြစ်စေသော်လည်း ဓာတ်မြေဩဇာများ အလွန်အကျွံ သုံးစွဲမှုကြောင့် မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် မြေယာဆုံးရှုံးမည့် အန္တရာယ်များကြောင့် ဒေသများ၏ ကန့်ကွက်ဆန္ဒပြမှုများလည်း ဖြစ် ပေါ်ခဲ့သည်။
You may also like these stories:
ဈေးကွက်ပျက်၍ ရှမ်းပြည်က တောင်သူများ သီးနှံများကို လမ်းဘေးတွင် လွှင့်ပစ်နေရ
အောင်ဘာလေထီ နိဂုံးချူပ်တော့မလား
စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည်