ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းရှိ ဦးရှည့်ကျ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ ပြီး ၂ ရက်အကြာတွင် သေဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။
သြဂုတ် ၂၉ ရက်နေ့က အဆိုပါ ဦးရှည့်ကျ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၃၀ ကျော်အရွယ် ရော်ဘီ အာလောင်ကို ၎င်းကျေးရွာမှ မောင်တောမြို့သို့ လာရောက်စဉ် လမ်းခုလတ်တွင် စစ်တပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မွတ်ဆလင် ရွာသားများက ပြောသည်။
ဦးရှည့်ကျ မွတ်ဆလင်ရွာသား တဦးက “သူအဖမ်းခံရတယ် ဆိုတာတော့ ကျနော်တို့ ကြားတယ်။ ဘယ်လိုဖြစ်တယ် ဆို တာတော့ ကျနော်တို့လည်း အသေးစိတ် မသိဘူး။ မနေ့က မောင်တောဆေးရုံကို အလောင်းရောက်တယ်လို့ ကြားတယ်” ဟု ဧရာဝတီကို ပြောသည်။
မောင်တောမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံက ယမန်နေ့ (သြဂုတ် ၃၁ ရက်) နေ့လယ်ပိုင်းလောက်က မွတ်ဆလင် ကျေးရွာသားတဦး၏အလောင်း ရောက်ရှိလာခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။
ဒေါက်တာနုကေသီစံက “မနေ့ကတော့ မွတ်ဆလင်ရွာသား ဆေးရုံကို လာပို့တာ ရှိတယ်။ ဆေးရုံ ကုတင်ထက်ကို တင်တဲ့ အချိန်တော့ အသက်ရှိသေးလို့ ပြောတယ်။ ကျမသွားကြည့်တဲ့ အချိန်တော့ သေဆုံးသွားပြီ။ သူ့မှာ ပြင်ပဒဏ်ရာ အနည်း ငယ် တွေ့တယ်။ ကျမတို့ ဆေးစစ်ဆေးချက် အရတော့ သေဆုံးတဲ့ပုံစံက နှလုံးရပ်လို့ သေဆုံးသွားတယ်လို့ ယူဆလို့ ရတယ်” ဟု ပြောသည်။
အဆိုပါ ဦးရှည့်ကျ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူးအား စစ်တပ်က မည်သည့် အတွက်ကြောင့် ဖမ်းဆီးသည်၊ မည် သို့ သေဆုံးသွားသည် ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး ဒေသအာဏာပိုင်များကို ဧရာဝတီက မေးမြန်းရန် ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရခဲ့ပေ။
ထို့ပြင် ဖြစ်စဉ်အား အသေးစိတ် သိရှိနိုင်ရန် စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဧရာဝတီ က မေးမြန်းရာ အောက်ခြေမှ (သတင်း)တက်လာခြင်း မရှိသေးသည့်အတွက် ယင်းကိစ္စကို မသိရှိသေးကြောင်း ပြောဆို သည်။
You may also like these stories:
ရွာသားများကို ဗလီ၌ ပိတ်လောင်ထားသည် ဆိုခြင်းမှာ မမှန်ဟု AA ပြော
တိုင်းရင်းသား တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်ပြော
Stay at Home နေရန် AA ထုတ်ပြန်ချက် ရခိုင်ပြည်သူများ လိုက်နာဆောင်ရွက်