အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်သဖြင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် အရေးယူခံရပြီး အင်းစိန်ထောင်ထဲသို့ အပို့ခံခဲ့ရသည့် ဦးဝီရသူကို လက်ရှိ အာ ဏာသိမ်း စစ်ကောင်စီက ၎င်းတို့၏ သဘောဆန္ဒအတိုင်း လွတ်ငြိမ်းခွင့်ပေး၍ မရ ဖြစ်နေကြောင်း စုံစမ်း သိရှိရသည်။
ဦးဝီရသူကို လွတ်ငြိမ်းခွင့် ပေးမရခြင်းမှာ ၎င်းကို တရားလို ပြုလုပ်ထားသူမှာ NLD အစိုးရ ကိုယ်စား ရန်ကုန် တိုင်း အစိုးရအဖွဲ့ ကိုယ်တိုင် ဖြစ်နေ၍ လူပုဂ္ဂိုလ်က တရားလို မဟုတ်သဖြင့် ကျေးအေးခွင့် မရှိသည့် အမှုအမျိုးအစားထဲသို့ ရောက်ရှိနေကြောင်း စစ်ကောင်စီနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။
NLD အစိုးရ လက်ထက်တွင် ဦးဝီရသူ ကဲ့သို့ ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲခံရပြီး စစ်အာဏာသိမ်းပြီးနောက် တလခွဲ အတွင်း ပြန်လည် လွတ်မြောက်လာသည့် ကြံ့ခိုင်ရေးပါတီမှ ဒု ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေ၊ Orchid ဟိုတယ် ပိုင်ရှင် ဦးဌေးအောင်၊ အမျိုးသားရေး လှုပ်ရှားသူ မိုက်ကယ်ကျော်မြင့်တို့မှာ အစိုးရကိုယ်စား မဟုတ်ဘဲ ပုဂ္ဂလိကအနေဖြင့် တရားစွဲခံခဲ့ရသူများ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲခံရခြင်း တူသော်လည်း အစိုးရ အဖွဲ့အစည်း၏ တရားစွဲခြင်း ကို ခံရပါက ကျေအေးခွင့် မရှိကြောင်း၊ တရားသူကြီး၏ အဆုံးအဖြတ်ပြီးမှသာ လွတ်မြောက်နိုင်ခြေ ရှိကြောင်း တရား လွှတ်တော် ရှေ့နေတချို့က ပြောသည်။
တရား လွှတ်တော်ရှေ့နေ ဦးမြင့်အောင်က “ပုဂ္ဂလိက အနေနဲ့ စွဲထားတာ ဆိုရင်တော့ ကိစ္စ မရှိဘူး။ အခု ဒီဆရာတော် ကိစ္စကတော့ အစိုးရက စွဲခဲ့တာဆိုရင် ရုပ်ချင်တိုင်းတော့ ရုပ်လို့ မရဘူး။ သူ့ကိုက နိုင်ငံတော် အစိုးရကို အကြည်ညိုပျက် အောင် လုပ်တယ်ဆိုပြီးတော့ အစိုးရ ကိုယ်စား စွဲတာကိုး” ဟု ရှင်းပြသည်။
ပုဒ်မ ၁၂၄ (က) နှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) စာမျက်နှာ ၁၁၇ တွင် ယခု ပုဒ်မနှင့် အ ရေးယူခံရ သူကို ဝရမ်းမပါဘဲ ဖမ်းခွင့်မရှိ၊ အာမခံပေးခွင့်မရှိ၊ ကျေအေးခွင့် မရှိဟု ဖော်ပြထားသည်။
“ဥပဒေအရ ကျေအေးခွင့် မရှိဆိုတဲ့အတိုင်း လုပ်ပေးလို့ မရဘူး။ ပြောရရင် ဒီတိုင်း လွှတ်ပေးလို့ရတဲ့ ဥပဒေ အမျိုးအစား ထဲမှာ မပါဘူး။ တရားရုံးကနေ စစ်ဆေးပြီးတော့မှ အပြစ်မရှိဘူးဆိုပြီး ပြန်လွှတ်ပေးရမှာ။ အခု ဆရာတော်ကိစ္စမှာ ပိုပြီး တော့ ခက်နေတာက သူတို့ တရားစွဲမယ်ဆိုပြီးတော့ ဦးတိုက် လျှောက်ထားတဲ့သူတွေက မရှိတော့ဘူး။ လုပ်ထုံး လုပ် နည်းအရကို အဲဒါက ခက်နေတာ” ဟု စစ်ဘက် အသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောသည်။
ထို့ပြင် တရားရုံးအားလုံးမှာလည်း ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားရမည် ဖြစ်၍ ဦးဝီရသူ အမှုတခုတည်းကို ရုံးထုတ် စစ် ဆေးရန် မဖြစ်နိုင်ကြောင်း၊ ထို့ပြင် အစိုးရ အာဏာစက်ဖြင့် လွှတ်ပေးလိုက်ပါကလည်း နောက်ပိုင်းတွင် ယခုအမှုကို ကိုး ကားစရာ စီရင်ထုံးလုပ်၍ ရှေ့နေများက ကိုင်ဆွဲလာနိုင်သဖြင့် ဥပဒေပိုင်းဆိုင်ရာအရ ရှုပ်ထွေးလာနိုင်ကြောင်း စစ်ကောင်စီ ဘက်က သုံးသပ်လျက်ရှိသည်။
“ဆရာတော်က ကိုဗစ်လည်း ဖြစ်တာ ပြန်ကောင်းသွားပြီ။ အခု လက်ရှိမှာလည်း ဘယ်ဘက်လား၊ ညာဘက်လား မသိဘူး။ မြောက်လို့ မရဘူး။ အကြောကပ်နေတယ်။ အဲဒါကို တပ်မတော်ဆေးရုံမှာပဲ ကုသမှုပေးနေတယ်။ ထောင်ထဲ ပြန်ပို့တာမျိုး မရှိဘူး” ဟု စစ်ကောင်စီနှင့် နီးစပ်သူတဦးက ပြောသည်။
၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့က ရိုက်ကူးထားပြီး ယခုလထဲတွင် လူမှုကွန်ရက်၌ ပျံ့နှံ့လာသည့် ဦးဝီရသူ၏ ဗီဒီယိုဖိုင်တွင် NLD အစိုးရက Video Conference ဖြင့် ရုံးထုတ် စစ်ဆေးကြောင်း၊ စစ်ကောင်စီ လက်ထက် မတ်လနှင့် ဧပြီလတို့တွင် လည်း တရားရုံး ဘယ်ဆီရောက်နေမှန်း မသိရကြောင်း ပြောဆိုထားသည်။
နောက်ပိုင်းတွင် Video Conference ဖြင့် ရမန်ပေးပြီး ခရိုင်တရားသူကြီးများကို တလှည့်စီ လွှတ်၍ ရမန်ပေးခဲ့ကြောင်း၊ ထို့ နောက် အနောက်ပိုင်းခရိုင် တရားရုံးသို့ အမှုမှာ ရောက်ရှိသွားကြောင်း၊ ခရိုင်တရားသူကြီးမှာလည်း အမှုကို ဆက်လက် စစ်ဆေးခြင်း မရှိလဲ အထက်အမိန့်သာ မျှော်နေကြောင်း ၎င်းက ဆက်လက်ပြောကြားထားသည်။
“NLD အစိုးရက ဘုန်းကြီးတပါးကို ဖမ်းဆီးချုပ်နှောင်ရုံ၊ အဆင့်နိမ့်ရုံ၊ နှိပ်ကွပ်ရုံပဲ လုပ်ခဲ့တာ။ နစက အစိုးရလက်ထက်ကျ တော့ အဲဒါတွေတင် မကဘူး၊ ဘုန်းကြီးတပါးကို ရူးအောင်ပါ လုပ်လာတဲ့အဆင့်ကို တွေ့ရတယ်။ ဘယ်လို လုပ်တာလဲ ဆိုတော့ စိတ်ပိုင်းဆိုင်ရာ ပေါ့နော်။ ရှေ့က ဘူးလက်ကြီးတို့ အာမခံ ရသွားပြီ။ နောက်အပတ် ဘုန်းကြီးအလှည့်ပေါ့။ အဲဒီ နေ့ကျတော့ ရမန်ပေး လွှတ်လိုက်တယ်ဗျာ” ဟု ယင်းရုပ်သံဖိုင်တွင် ဦးဝီရသူက ပြောဆိုထားသည်။
နောက်ပိုင်းတွင်လည်း ရမန်များ ဆက်တိုက်ပေး၍ ၎င်းကို ရူးသွပ်သွားအောင် လုပ်နေကြောင်း၊ စိတ်ဓာတ် စစ်ဆင်ရေး လုပ်နေပြီဟု ခံစားရကြောင်း၊ NLD အစိုးရနှင့် နစက အစိုးရတို့၏ ကွာခြားချက်မှာ အရင်လူ တချက်ခေါက်သဖြင့် နောက်လူကို အားကိုးမိရာ နောက်လူက နှစ်ချက်ခေါက်သလို ခံစားရကြောင်းလည်း ပြောဆိုထားသည်။
၂၀၁၉ ခုနှစ် မေလက တနင်္သာရီတိုင်း မြိတ်မြို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ် သက်၍ ဦးဝီရသူ ပြောကြားခဲ့သည့် ပြောဆိုချက်များသည် အစိုးရကို အကြည်ညိုပျက်စေမှု မြောက်၊ မမြောက် ဟော ပြောချက် အသံဖိုင်များကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက စစ်ဆေးပြီးနောက် တရားစွဲဆိုရန် သမ္မတရုံးသို့ အကြံပြုခဲ့သည်။
NLD အစိုးရ၏ သမ္မတရုံးက ဦးဝီရသူကို နိုင်ငံတော် ကိုယ်စား တရားစွဲဆိုရန် ထိုစဉ်က ဦးဖြိုးမင်းသိန်း ဦးဆောင်နေသည့် ရန်ကုန်တိုင်း အစိုးရကို တာဝန်ပေးခဲ့သည်။
You may also like these stories:
ဦးဝီရသူကို အရေးယူနိုင်ဖို့ အစိုးရ ကြိုးစားနေ
ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ဦးဝီရသူ၏ တရားပွဲ ပိတ်ပင်ခံရ