သတင်း

ဒု တပ်ချုပ် ရုရှားခရီးစဉ် သီတဂူ ဆရာတော် လိုက်ပါ

Want create site? Find Free WordPress Themes and plugins.

အရပ်သား အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီ ၏ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ရုရှားနိုင်ငံ ခရီးစဉ်တွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိသရ လည်း လိုက်ပါသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “သီတဂူ ဆရာတော်ကြီးက ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့အတူ ပါသွားတာပါ။ ဟိုမှာလည်း သူ သီတင်းသုံးနေတဲ့ ကျောင်း ရှိပါတယ်။ ကျောင်းတော်ကြီးကလည်း တပ်အပါအဝင် အများကောင်းမှုနဲ့ လှူဒါန်းထားတဲ့ ကျောင်းကြီးလည်း ဖြစ်ပါတယ်” ဟု ပြောသည်။

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်သို့ ရောက်ရှိနေသည့် သီတဂူ ဆရာတော် (ဓာတ်ပုံ- YMBA)

သီတဂူ ဆရာတော် အနေဖြင့် ယမန်နေ့ စက်တင်ဘာ ၁ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်သို့ ရောက်ရှိကာ သီတင်းသုံးလျက်ရှိသည့် ဓာတ်ပုံများအား ဗုဒ္ဓဘာသာ ကလျာဏယုဝ (YMBA) အသင်း က ယနေ့ ထုတ်ပြန်ထားသည်။

သီတဂူ ဆရာတော်သည် အရပ်သား အစိုးရအား ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်တပ်ခေါင်းဆောင်များ၏ မင်းဆရာအဖြစ် နာမည်ကြီးသူဖြစ်ပြီး ယခု ခရီးစဉ်အား မည်သည့်အတွက် လိုက်ပါသွားသည်ကို မသိရှိရပေ။

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်သို့ ရောက်ရှိနေသည့် သီတဂူ ဆရာတော် (ဓာတ်ပုံ- YMBA)

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း အနေဖြင့် စစ်တပ်က ဝင်ရောက် ယှဉ်ပြိုင်နေသည့် ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သော International Army Game- 2021 ပိတ်ပွဲ အခမ်းအနား တက်ရောက်ရန် ယမန်နေ့ မနက်ပိုင်းက နေပြည်တော် လေဆိပ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှား အရပ်ဘက်၊ စစ် ဘက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

You may also like these stories:

ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားသွားရောက်

စစ်ကောင်စီ၏ တစ်ရှူးငှက်ပျော စီမံကိန်း စတင်

ရုရှား-မြန်မာ ဆက်ဆံရေး ပိုမိုခိုင်မာလာဟု စစ်ကောင်စီပြောခွင့်ရဆို

Did you find apk for android? You can find new Free Android Games and apps.
Loading