မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ကတိုက်ကျေးရွာအုပ်စုတွင် စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ အသက် ၂၇ နှစ်အရွယ် မအိသွယ်မိုးမှာ ကိုယ်ဝန် ၅ လ လွယ်ထားသူ တဦးဖြစ်ပြီး ယခုအခါ ၎င်း၏ ၄ နှစ် အရွယ် ကလေးငယ် ၁ ဦးလည်း ကျန်ခဲ့ကြောင်း၊ မအိသွယ်မိုးသည် ယခင်က ကျောင်းဆရာမ တဦးဖြစ်ပြီး လွန်ခဲ့သော ၁ နှစ်ခန့်က အလုပ်မှ အနားယူထားခြင်း ဖြစ်ကြောင်း ဆွေမျိုးနီးစပ်သူများက ပြောသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁ ရက်၊ ည ၉ နာရီကျော်တွင် ၎င်း၏ အိမ်နှင့် မလှမ်းမကမ်း၌ရှိသော ချောင်းသို့ ငါးရှာထွက်သည့် ခင်ပွန်းဖြစ်သူ နောက်သို့ လိုက်သွားရာမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် မအိသွယ်မိုးမှာ ဆီးခုံကျည်ထိမှန် ဒဏ်ရာဖြင့် နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကာ ခင်ပွန်းဖြစ်သူ ကိုမင်းနေလွင်သည်လည်း နားရွက်နောက် ကျည်ထိမှန်ဒဏ်ရာ ဖြင့် ဆေးရုံသို့ ရောက်ရှိနေကြောင်း သိရသည်။

ဆွေမျိုးနီးစပ်သူ တဦးက “ငါးဖမ်းသွားတာ။ ထွက်သွားတာ မကြာသေးမီမှာ သေနတ်သံ ကြားတယ်ဆိုပြီး သူ့မိန်းမက နောက်က လိုက်သွားတဲ့အချိန်မှာ သေနတ်သံတွေ ကြားရတယ်။ အဲဒီ အစ်မက ကိုယ်ဝန် ၅ လ ရှိတယ်။ ကလေးပါ တခါတည်း သေသွားတာပေါ့။ မတော်လို့ မှန်တာ မဟုတ်ဘဲနဲ့ ရည်ရွယ်ချက်ရှိရှိကို ပစ်တဲ့ပုံစံပေါ့” ဟု ပြောသည်။
သေဆုံးသူ မအိသွယ်မိုး၏ ဝမ်းတွင်း၌ ရှိသော ကလေးငယ်ကိုလည်း ခွဲထုတ်ပြီး သဂြိုဟ်ရာ ကလေးငယ်မှာ မိန်းကလေးဖြစ်ကြောင်း သိရသည်။
မအိသွယ်မိုး သေဆုံးသွားခြင်းအတွက် မိသားစုဝင်များအား လျော်ကြေးသဘောဖြင့် စစ်ကောင်စီက ငွေကျပ် ၅ သိန်း လာရောက်ပေးသည်ဟု သိရပြီး မိသားစုဝင်များက လက်ခံခြင်း ရှိ၊ မရှိကို အတိအကျ မသိရှိကြောင်း ၎င်းက ဆိုသည်။
ထိုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ကတိုက်ကျေးရွာနှင့် ဘေးချင်းကပ်ရွာဖြစ်သည့် သဲအိမ်ရွာ လမ်းတောက်လျှောက်တွင် လည်း သြဂုတ်လကတည်းက လုံခြုံရေးယူထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရှိနေပြီး ဖြတ်သန်းသွားလာသူများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ယခုကဲ့သို့ ကိုယ်ဝန်ဆောင် အမျိုးသမီးပါမချန် စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ် နေမှုများသည် လူမဆန်သည့် လုပ်ရပ် များဖြစ်ပြီး ထိုသို့ လုပ်ဆောင်နေသည့် စစ်တပ်သည် မြန်မာနိုင်ငံတွင် မရှိသင့်တော့ကြောင်း ဒေသခံပြည်သူများနှင့် တက် ကြွလှုပ်ရှားသူများက ဆိုကြသည်။
ပေါင်မြို့နယ်နေ ပြည်သူတဦးက “စစ်ကောင်စီရဲ့ ယုတ်မာမှုတွေကတော့ လူလားမမြောက်သေးတဲ့ ကလေးတွေပါ ခံစားနေ ရတော့လေ။ ဒီတိုက်ပွဲကို အဆုံးထိရောက်အောင် တိုက်ပေးပါ။ လူလားမမြောက်တဲ့ ကလေးတွေတောင် အကြမ်းဖက်တဲ့ စစ်တပ်မျိုး ကမ္ဘာမှာ မရှိသင့်တဲ့ စစ်တပ်လို့ ထင်တယ်” ဟု ပြောသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့၏ အကြံပေး ဒေါ်တင်တင်ညိုကလည်း “ဗိုက်ကြီးသည် အမျိုးသမီးမလို့ မသတ်ဘူးဆိုတဲ့ စဉ်း စားချက်က စစ်တပ်မှာ မရှိဘူး။ သတ်လိုက်လို့ သေသွားမယ် ဆိုရင်လည်း တရားမျှတမှုဆိုတဲ့ဘောင်က ချဉ်းကပ်လို့ မရ ဘူး။ လူထုတွေကို အကြောက်တရားနဲ့ ဆက်လက် လွှမ်းမိုးလိုတဲ့စိတ်က စစ်တပ်ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ကြီးကြီးမားမား လွှမ်းမိုးနေဆဲပဲ” ဟု မှတ်ချက်ပြုသည်။
၎င်းက ဆက်၍ “ဒီလိုစစ်အာဏာရှင် ဆက်ရှိနေသရွေ့ကတော့ လူမဆန်တဲ့ လုပ်ရပ်တွေ ဆက်ဖြစ်နေဦးမှာပဲ။ လူသားချင်း စာနာထောက်ထားတဲ့ အနေအထားက စစ်တပ်ရဲ့ စိတ်ပိုင်းဆိုင်ရာ စဉ်းစားချက်ထဲမှာ ဘယ်တော့မှ မရှိဘူး” ဟုလည်း ပြောဆိုသည်။
ဩဂုတ် ၃၁ ရက်နေ့၊ နံနက် ၃ နာရီခန့်ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ဒေသခံတဦးဖြစ်သူ ကိုသန်းစိုးအောင် သည် ဆိုင်ကယ်စီး၍ ငါးပိုက်သွားဖြုတ်စဉ် မြဝတီဘဏ်စောင့် စစ်သားများက ပစ်ခတ်ခဲ့သည့်အတွက် ဆီးခုံကို ကျည်ထိ မှန်ခဲ့ရာ ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့သည်။
စစ်အာဏာ သိမ်းပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် သေဆုံးသူ ၁၀၄၃ ဦး ရှိလာပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စက်တင်ဘာ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၆၁၃၂ ဦးရှိပြီး ဖမ်းဝရမ်း ထုတ်ခံရသောကြောင့် တိမ်းရှောင်နေသူ ၁၉၈၄ ဦး ရှိကြောင်း AAPP က ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ကောင်စီလက်ထဲတွင် သေဆုံးသည့် မောင်စန်းဝင်းအောင် သတင်းမှားအလွှင့်ခံခဲ့ရ
ရန်ကုန်တွင် လူငယ်များကို စစ်ကောင်စီက ညစဉ် ဖမ်းဆီးနေ
ရန်ကုန်အတွင်းရှိ PDF ၄၁ ဦးကို ဖမ်းဆီးထားဟု စစ်ကောင်စီ ထုတ်ပြန်