စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား တော်လှန်တိုက်ခိုက်နေသည့် တမူးမြို့တွင် နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းများ အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ဘဲ ကင်းရှင်းစွာ နေကြရန် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က သြဂုတ် ၂ ရက်နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။
တမူး PDF အနေဖြင့် အဓိက ရန်သူမှာ အာဏာသိမ်း စစ်ကောင်စီ တပ်သာဖြစ်ပြီး မိမိတို့နှင့် နိုင်ငံရေး၊ လူမှုရေး အရ မသက်ဆိုင်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား တိုက်ခိုက်လိုခြင်း မရှိသော်လည်း စစ်ကောင်စီတပ်နှင့် ပူးပေါင်း တိုက် ခိုက်လာပါက မည်သူ့ကိုမဆို တုံ့ပြန်တိုက်ခိုက်မည် ဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုထားသည်။
“အဓိကရန်သူ စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက် တိုက်ခိုက်လာပါက မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို မိမိ တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူးမြို့) အနေဖြင့် ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်း သုတ်သင်သွားမည်” ဟု ဆို သည်။
တမူး PDF ၏ သတိပေးချက်တွင် မည်သည့်အဖွဲ့အစည်း ဖြစ်သည်ကို ဖော်ပြရည်ညွှန်းထားခြင်း မရှိသော်လည်း ဒေသခံ တချို့၏ ပြောကြားချက်အရ တမူးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး အကြောင်းပြကာ စစ်ကောင်စီတပ်များနှင့် ပူးပေါင်း ပြီး လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများ ရှိလာနေကြောင်း သိရသည်။
တမူးမြို့ခံ တဦးက “အရင်က ဆန္ဒပြတာတွေ၊ တော်လှန်ရေးတွေမှာ ပါခဲ့ပေမယ့် နောက်ပိုင်းမှာ ကိုဗစ်ဆိုပြီး စစ်ကောင်စီနဲ့ ပြန်ပူးပေါင်းတဲ့သူတွေ ရှိတယ်။ နောက်တော့ ပျူစောထီးဖြစ်သွားတဲ့ တချို့သူတွေနဲ့ ဆိုင်မယ်ထင်တယ်။ ပျူစောထီး ဆိုတာ ထက် ပူးပေါင်းလုပ်နေသူတွေပေါ့။ တခြားလူမျိုးစု လက်နက်ကိုင် အချို့ကတော့ အစကတည်းက စစ်ကောင်စီနဲ့ ပူးပေါင်း တိုက်တာတွေ ရှိတော့ တိုက်ရမှာပါပဲ” ဟု ပြောသည်။
“အဓိကရန်သူ စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက် တိုက်ခိုက်လာပါက မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို မိမိ တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူးမြို့) အနေဖြင့် ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်း သုတ်သင်သွားမည်”
တမူး PDF အဖွဲ့ဝင်များ၏ ပြောကြားချက်အရ စစ်ကောင်စီနှင့် တိုက်ပွဲများတွင် Manipur Meitei ကသည်း လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့တချို့နှင့် ပျူစောထီးများမှာ စစ်ကောင်စီနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲအတွင်း သေဆုံးမှု များ ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နှင့် ဇူလိုင် ၂၄ ရက်နေ့များတွင် ဖြစ်ပွားခဲ့သည့် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီ တို့အကြား တိုက်ခိုက်မှုများတွင် ပျူစောထီး ၁ ဦး၊ Manipur Meitei ကသည်း ၅ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးခန့် သေဆုံးခဲ့ကြောင်း တမူးလုံခြုံရေးအဖွဲ့ (TSG) က သတင်းထုတ်ပြန်ထားသည်။
အာဏာသိမ်း စစ်ကောင်စီအပေါ် ပထမဆုံး လက်နက်ကိုင် တုံ့ပြန်သည့် မြို့များတွင်ပါဝင်သော တမူးမြို့သည် စစ်ကိုင်း တိုင်းအတွင်းရှိ မြန်မာ-အန္ဒိယနယ်စပ် မြို့လေးတမြို့ ဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် လက်အောက်ခံ သတင်းပေးများသည် နယ်စပ်ဝင်/ထွက် ဂိတ်ပေါက်များမှ သွားလာ သူများကို ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း၊ အိန္ဒိယပိုက်ဆံ ကိုင်ဆောင်သူများကိုလည်း တရားမဝင် ကိုင်ဆောင် သည် ဟုဆိုကာ ငွေတောင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းသို့ ဖမ်းဆီးငွေတောင်းခံရာတွင် စစ်ဆေးတွေ့ရှိသည့် အိန္ဒိယငွေ အနည်းအများပေါ် မူတည်ကာ ငွေကျပ် ၁ သောင်းမှ ကျပ် ၅ သိန်းအထိ တောင်းယူမှုများ ရှိနေကြောင်း၊ တမူးမြို့ နဂါးမင်းသမီးကန်ဘက်ရှိ ဂိတ်နှင့် ကုလားဘုရားကျောင်းဂိတ် ဟုခေါ်သည့် နေရာများတွင် ကြုံတွေ့ ကြားသိရကြောင်းနှင့် ရေဒီယိုများကိုလည်း တင်သွင်းခွင့် မပေးကြောင်း ဒေသခံတဦး က ပြောသည်။
၎င်းက “အိန္ဒိယပိုက်ဆံ ၁၀ တန်တွေ့တွေ့၊ ၅၀၀ တန်တွေ့တွေ့ နိုင်ငံခြားငွေ ကိုင်တယ်ဆိုပြီး ဖမ်းတယ်၊ ပိုက်ဆံတောင်း တယ်။ နှစ်နိုင်ငံနယ်စပ်မှာ လုပ်ကိုင်ရှာဖွေနေရသူတွေကို ဒီလိုဖမ်းတော့ လုံးဝ အဆင်မပြေဘူး ဖြစ်သွားတယ်။ နောက်ပြီး ရေဒီယိုတွေကိုလည်း လုံးဝ သွင်းခွင့်မပေးဘူး။ တလုံးတွေ့တာနဲ့ ကားတစီးလုံး မီးရှို့မယ်။ လူကို ထောင်ချမယ်ဆိုပြီး ခြိမ်း ခြောက်တာတွေ ရှိတယ်” ဟု ပြောသည်။
မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့ဒေသခံများ အနေဖြင့် အာဏာသိမ်း စစ်ကောင်စီအပေါ် ဆန့်ကျင်ဆန္ဒပြမှုများတွင် တက် တက်ကြွကြွ ပါဝင်ခဲ့ကြပြီး စစ်ကောင်စီတပ်များ၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူများနှင့် အိန္ဒိယနိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရသူများ ရှိခဲ့သည့်အတွက် ဒေသခံအချို့က လက်နက်ကိုင် တုန့်ပြန်ရန် ကြိုးစားရာမှ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။
လက်ရှိတွင် တမူးဒေသအတွင်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)၊ တမူးလုံခြုံရေးအဖွဲ့ (TSG) နှင့် မြန်မာဖက်ဒ ရယ် တပ်မတော် (MFA) ဟူသည့် အမည်များဖြင့် လှုပ်ရှားမှုများ ရှိကြောင်း သိရပြီး စစ်ကောင်စီ တပ်ဖွဲ့များအပေါ် ပူးပေါင်း တိုက်ခိုက်မှုများလည်း ပြုလုပ်လျက် ရှိသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်နေ့ နံနက် ၂ နာရီခွဲခန့်ကလည်း တမူးမြို့၊ နဂါးမင်းသမီးရေကန်အနီး တပ်စွဲထားသည့် ရဲကင်း စခန်းအား တမူး PDF တပ်ရင်း(၁)နှင့် တပ်ရင်း(၂)(TSG) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး ပြီး ၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း တမူး PDF အဖွဲ့က ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
You may also like these stories:
ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား
စစ်ရေးတင်းမာနိုင်သဖြင့် ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးများ စုဆောင်းရန် KNDF ပြော