သတင်း

၄ လ အပစ်ရပ်ရန် ASEAN အထူးသံတမန်တောင်းဆို

Want create site? Find Free WordPress Themes and plugins.

စက်တင်ဘာလလယ်ခန့် စောစီးစွာ ရောက်ရှိနိုင်မည်ဟု မျှော်လင့်ထားသော လူသားချင်းစာနာမှု အကူအညီ ပထမအသုတ် ချောမွေ့စွာ ပေးနိုင်ရေး မြန်မာနိုင်ငံ ပဋိပက္ခမှ ဘက်အားလုံး အပစ်အခတ်ရပ်စဲရန် တောင်းဆိုထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန်က တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောသည်။

စနေနေ့က Kyodo News နှင့် အွန်လိုင်းမှ သီးခြားတွေ့ဆုံရာတွင် ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး (၂) အာရီဝန် ယူဆွတ်က ယခုနှစ်ကုန်အထိ အပစ်အခတ်ရပ်စဲရေးကို စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးနှင့် ပြီးခဲ့သည့်အပတ် အင်္ဂါနေ့က ဗီဒီယိုမှ တွေ့ဆုံစဉ် အဆိုပြုခဲ့ကြောင်းနှင့် မြန်မာစစ်တပ်က ထိုကိစ္စကို လက်ခံကြောင်း ပြောသည်။

“ဒါက နိုင်ငံရေးအရ အပစ်အခတ်ရပ်စဲတာမဟုတ်ဘူး။ လူသားချင်းစာနာမှု လုပ်သားတွေက ပြည်သူတွေဆီကု ဘေးကင်းစွာ အကူအညီပေးပို့နိုင်အောင် လုံခြုံရေးအတွက် အပစ်အခတ်ရပ်တာဖြစ်တယ်” ဟု သူပြောသည်။

“အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးကျနော်ပြောတာကို သူတို့ သဘောထားကွဲတာ မရှိဘူး” ဟုလည်း သူပြောပြီး နိုင်ငံ၏ရွေးကောက်ခံအစိုးရကို ဖြုတ်ချသည့် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုအပြီး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့်အင်အားစုများသို့လည်း ထိုအဆိုပြုချက်ကို သွယ်ဝိုက်ပေးပို့ခဲ့ကြောင်း ပြောသည်။

“ဒီ သတင်းစကားကို သူတို့ရမယ်လို့ ကျနော်မျှော်လင့်တယ်” ဟုလည်း သူပြောသည်။

စစ်ကောင်စီသည် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို အကြမ်းဖက်တိုက်ခိုက်နေသည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေးရပ်တန့်မှုနှင့် ကိုရိနာဗိုင်းရပ်ကပ်ဘေး စသည့် ကပ်ဆိုး ၃ ခုကို ရင်ဆိုင်နေသောကြောင့် အဖွဲ့ဝင် ၁၀ နိုင်ငံပါသော အရှေ့တောင်အာရှ နိုင်ငံများအသင်းသည် အကူအညီများကို ပြင်ဆင်နေရသည်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် အင်ဒိုနီးရှားနိုင်ငံအခြေစိုက် ASEAN လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းရေးဌာနကို တာဝန်ပေးအပ်ထားသည်။ “မည်သည့်အကြမ်းဖက် လုပ်ရပ်မဆို ရပ်ဆိုင်းဖို့နဲ့ အစွမ်းကုန် ထိန်းချုပ်ဖို့ မြန်မာနိုင်ငံ သက်ဆိုင်သူအားလုံးကို ထိတွေ့သတင်းပေးပို့ထားပါတယ်” ဟုလည်း အာရီဝန် ပြောသည်။

ပထမအသုတ် အကူအညီများတွင် အောက်ဆီဂျင်စက်များ၊ ကာကွယ်ရေးဝတ်စုံများကဲ့သို့ ကိုဗစ်နိုင်တင်း လူနာများကို ကူညီရန် အရေးပေါ်လိုအပ်နေသည့် ဆေးပစ္စည်းများပါဝင်ပြီး မြန်မာပြည်သူအားလုံးကိုပေးမည်ဖြစ်ကြောင်းလည်း သူပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်စပ်ဒေသများအတွက် အကူအညီများကို ထိုင်းမှတဆင့် ကုန်လမ်းဖြင့် ပေးပို့မည်ဟု သူပြောသည်။

နောက်တဆင့် ဆောင်ရွက်မည့် ကိစ္စမှာ ကာကွယ်ဆေးဖြစ်ကြောင်း သူထပ်ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသ်ိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းကို ဖြေရှင်းရန် ASEAN ခေါင်းဆောင်များက ဘုံသဘောတူညီချက် ၅ ချက် ချမှတ်ပြီးနောက် လများစွာကြာပြီးနောက် အာရီဝန်ကို သြဂုတ်လ အစောပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။

ထိုဘုံသဘောတူညီချက်က အကြမ်းဖက်မှု ချက်ခြင်းရပ်စဲရန်၊ ငြိမ်းချမ်းစွာ အဖြေရှာရန် ဆွေးနွေးပွဲစတင်ရန်၊ အထူးသံတမန်တဦးက ဆွေးနွေးပွဲများ အဆင်ပြေအောင် လုပ်ဆောင်ပေးရန်၊ လူသားချင်းစာနာမှု အကူအညီပေးရန် နှင့် သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံရန် အထူးသံတမန် မြန်မာနိုင်ငံသို့ သွားရောက်ရန် တို့ကို တောင်းဆိုသည်။

သူ၏တာဝန်များကို ဖြည့်ဆည်းရန် မြန်မာစစ်တပ်နှင့် သူ၏ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်းသူပြောပြီး ယခုလအတွင်း မြန်မာနိုင်ငံသို့သွားရောက်ကာ သက်ဆိုင်သူ အားလုံးနှင့် အပြည့်အ၀တွေ့ခွင့်ရသည့် ထူးခြားသော ခရီးစဉ်ကို လုပ်နိုင်ရန် မျှော်လင့်ကြောင်းလည်း သူပြောသည်။

ထိုခရီးစဉ်ကို ဆက်လက် စီစဉ် သင့် မသင့် ဆုံးဖြတ်နိုင်ရန် သူ့ကို မည်သည်တို့ လုပ်ခွင့်ပေးပြီး မည်သည်တို့ လုပ်ခွင့်မပေးမည်ကို ရှင်းရှင်းလင်းလင်း သိလိုကြောင်းသူပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရမည့် အလားအလာနှင့် ပတ်သက်ပြီး အာရီဝန်က သူနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရန်လိုသည်ဟု နိုင်ငံတကာအသိုက်အဝန်းနှင့် ASEAN နိုင်ငံအချို့က အလေးထားပြောနေကြောင်း အာဏာပိုင်များနှင့်ဆွေးနွေးစဉ် သူပြောထားကြောင်း ပြောသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်အတွက် မီးစိမ်းမပြသေးကြောင်း သူပြောသည်။ “မရသေးဘူး။ သူတို့ မငြင်းဘူး။ ဒါပေမယ့် အဲဒီကိစ္စကို နောက်ထပ်ဆွေးနွေးမယ်လို့ပြောတယ်” ဟု သူပြောသည်။

ကိုးကား။ ။Bangkok Post

မြန်မာ့ဒေါသနှင့် ASEAN အထူးသံတမန်၏ ရှေ့ခရီး

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ရရေး အထူးမျှော်လင့်နေ

နေပြည်တော်မှ “အသေကောင်များ”နှင့် တရုတ်ကိုယ်စားလှယ် လာစကားပြောခြင်း

မြန်မာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန် ဘယ်လိုကိုင်တွယ်နိုင်သလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading