စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ချောင်းဇင်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်း ရှာဖွေ၊ ဖမ်းဆီးမှုများ ပြုလုပ်နေပြီး အဆို ပါ ရွာနှင့်အနီးရှိ ရွာများမှ ဒေသခံ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရ သည်။
ယနေ့ (စက်တင်ဘာ ၆ ရက်) နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်သည် ချောင်းဇင်းရွာသို့ ဝင်ရောက်စီးနင်းကာ ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာကာ ချောင်းဇင်းရွာ အတွင်းသို့ ပစ်ခတ် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဒေသခံ တဦးက ဆိုသည်။
“သူတို့ဘက်ကပဲ ဝင်ရှာတာ။ PDF တွေကို လိုက်ရှာတာပဲ။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ သေနတ်တွေနဲ့ ရမ်းသမ်းပစ် တယ်။ ဧရာဝတီမြစ်ကြောင်းကနေ တက်လာတာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မြစ်ကြောင်းမှ စက်လှေများဖြင့် နီးစပ်သည့် ရွာများသို့ ကပ်ကာ ဝင်ရောက်မှုရှိနေသည့် အတွက် ချောင်းဇင်းနှင့် ကပ်လျက်ရှိသည့် ပေါက်ချောင်း၊ ရသစ် အစရှိသဖြင့် ရွာပေါင်း ၇ ရွာခန့်ရှိ ရွာခံများမှာ ဘေး လွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။
ဒေသခံ တဦးက “မော်တော် ၅ စီး ၊ ရှပ်ပြေး ၁ စီး နဲ့ သင်္ဘော ၁ စီး လက်နက်ကြီး ပါတဲ့ သင်္ဘောဗျ။ ရေတိုးနေချိန်မို့ သင်္ဘော ဝင်လို့ မရလို့ မြစ်ကြောင်းဘက်ကို လှည့်သွားတယ်။ ကျန်တဲ့ မော်တော်တွေကတော့ နီးစပ်တဲ့ ရွာတွေကို လိုက်ကပ်ပြီး သွားနေတဲ့ အနေအထားပါ။ ရွှေ့ပြောင်းတာကတော့ အဲဒီနားက ရွာတွေ အားလုံးရွှေ့ကြရတာဗျ။ အနည်းဆုံး ၇ ရွာ ၈ ရွာလောက်ပေါ့” ဟု ပြောသည်။
ထို့ပြင် မြောင်မြို့နယ်တွင် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဝန်ထမ်းများ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများလည်း ပြုလုပ်လျက်ရှိသည်။
မြောင်မြို့နယ်၏ CDM စာရင်းပြုစုနေသူ တဦးဖြစ်သည့် မြောင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ အမှုဆောင်တဦးလည်းဖြစ်သူ ကိုရဲရင့်အောင်ကို သြဂုတ်လ ၃၀ ရက်က စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ထိုကဲ့သို့ ရှာဖွေမှုများ ပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီမြစ်ရိုးတလျှောက်ရှိ မြောင်မြို့နယ် အရှေ့ခြမ်း ရွာများဖြစ်သည့် ဘုန်းကောင်း၊ ထုံးကြိုင်၊ မယ်မသော်၊ နဂါးပေါက် ရသစ်ကျေးရွာများနှင့် မြောင်အနောက်ဘက် ချင်းတွင်းမြစ်ရိုး တလျှောက်ရှိ ရွှေလှံရွာ၊ မြစ်ဆုံရွာ၊ မြစ်သာရွာ၊ ဆင်လှောင် ရွာ၊ ဇီးကျွန်းရွာ၊ ငါးပယ်ရွာ၊ သုခဒီပရွာ၊ ဆူးလေကုန်းရွာ စသည့် ရွာများသည် သြဂုတ်လတွင် စစ်ကောင်စီတပ်များ ဝင် ရောက် စီးနင်းမှုကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
မေလအတွင်းကလည်း ချောင်းဇင်းရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ စခန်းချရာနေရာကို စစ်ကောင်စီက ဝင်ရောက် စီးနင်းပြီး လက်နက်များ သိမ်းဆည်းမှုလည်း ဖြစ်ပေါ်ခဲ့သည်။
ထို့ပြင် မေလ၂၆ ရက်ကလည်း စစ်ကောင်စီတပ် ချောင်းဇင်းရွာသို့ ဝင်ရောက်လာသဖြင့် မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့နှင့် စစ်ကောင်စီတို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် ဒေသခံထောင်ချီ ရွာများကို စွန့်ကာ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မြောင်မြို့နယ်သာမက စစ်ကိုင်းတိုင်း အတွင်းရှိ ဒီပဲယင်း၊ မင်းကင်း၊ ယင်းမာပင်၊ ကနီနှင့် မကွေးတိုင်းအတွင်းရှိ ရေစကြို စသည့် မြို့နယ်များရှိ ကျေးရွာများကိုလည်း တရွာဝင်တရွာထွက် ဝင်ရောက်ပြီး ဒေသခံ ပြည်သူ့ ကာကွယ်ရေး စခန်းများအား စီးနင်းခြင်း၊ ပြည်သူများအား ဖမ်းဆီးခြင်းတို့အပြင် ဒေသခံတို့၏ ပစ္စည်းများကိုလည်း ယူဆောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
၄ လ အပစ်ရပ်ရန် ASEAN အထူးသံတမန်တောင်းဆို
စစ်ကောင်စီနှင့် ပူးပေါင်းသူများအား တိုက်ခိုက်မည်ဟု တမူး PDF သတိပေး
စစ်ကောင်စီ ပစ်သတ်လိုက်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွင် ၄ နှစ်အရွယ် ကလေးငယ်ကျန်ခဲ့