NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအပေါ် ပုတ်ခတ်ပြောဆိုမှုကြောင့် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄-ကဖြင့် တရားစွဲထားသည့် ဦးဝီရသူ(ခ)ဝိစိတ္တာဘိဝံသအား ယနေ့တွင် အမှုရုတ်သိမ်း ကာ လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီပြောရေးဆိုခ္ငင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
၎င်းက “သက်ဆိုင်ရာကို လှမ်းမေးကြည့်လိုက်တော့ ယနေ့ တရားရုံးမှာ ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ ရုံးထုတ်တယ်၊ တရားစွဲ ဆိုထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့က အမှုကိုပိတ်သိမ်းတယ်၊ အဲဒါကြောင့်မလို့ ဒီနေ့ညနေမှာ လွှတ်တယ် လို့ ပြောတယ်” ဟု အတည်ပြုပြောသည်။
၂၀၁၉ ခုနှစ် မေလတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က တရားစွဲဆိုပြီးနောက် တနှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ သည့် ဦးဝီရသူသည် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကျင်းရန် ရက်ပိုင်းအလို နိုဝင်ဘာ ၂ ရက်နေ့တွင်မှ ကိုယ်တိုင်း လာအဖမ်းခံခဲ့သည်။
အဖမ်းခံပြီးနောက် အင်းစိန်ထောင်တွင် ချုပ်နှောင်ခံရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီး နောက် ၎င်းကဲ့သို့ပင် ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲခံရပြီးချုပ်နှောင်ခံထားရသည့် ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဘူး လက်ဦးလှဆွေ၊ ဦးဌေးအောင်နှင့် မိုက်ကယ်ကျော်မြင့်တို့အား စစ်ကောင်စီက အမှုများရုတ်သိမ်းကာ လွှတ်ပေးခဲ့သော် လည်း ဦးဝီရသူအနေဖြင့် ဆက်လက်ချုပ်နှောင်ခံခဲ့ရသည်။
၎င်းအား လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ချုပ်နှောင်ခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး ဦးဝီရသူက စစ်ကောင်စီအ နေဖြင့် ဘုန်းကြီးတပါးအပေါ် ရူးအောင်လုပ်နေကြောင်း၊ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေသည်ဟုခံစားရကြောင်း ဗီဒီယို ဖိုင်ဖြင့် ပြစ်တင်ဝေဖန်မှု ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ အမှုရုတ်သိမ်းခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလအတွင်းက ရိုက်ကူးခဲ့ပြီး မကြာသေးမီက လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည့် ဦးဝီရသူ၏ ဗီဒီယိုဖိုင်တွင် “ NLD အစိုးရက ဘုန်းကြီးတပါးကို ဖမ်းဆီးချုပ်နှောင်ရုံ၊ အဆင့်နိမ့်ရုံ၊ နှိပ်ကွပ်ရုံပဲလုပ်ခဲ့တာ၊ နစက အစိုးရလက်ထက် ကျတော့ အဲဒါတွေတင်မကဘူး၊ ဘုန်းကြီးတပါးကို ရူးအောင်ပါ လုပ်လာတဲ့အဆင့်ကိုတွေ့ရတယ်။ ဘယ်လိုလုပ်တာလဲ ဆိုတော့ စိတ်ပိုင်းဆိုင်ရာပေါ့နော်၊ ရှေ့က ဘူးလက်ကြီးတို့ အာမခံရသွားပြီ၊ နောက်အပတ်ဘုန်းကြီးအလှည့်ပေါ့။ အဲဒီ တော့ကျတော့ ရမန်ပေးလွှတ်လိုက်တယ်ဗျာ” ဟု ပြောဆိုထားသည်။
ဦးဝီရသူအနေဖြင့် အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံနေရစဉ် ပြီးခဲ့သည့် မေလကစတင်ကာ လက်အကြောကပ်သည် ဟုဆိုကာ အင်းစိန်ထောင်မှ စစ်တပ်ဆေးရုံးသို့ပြောင်းရွေ့တက်ရောက်ကာ ကုသမှုခံယူနေခဲ့သည်။