အဂတိ တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲထားရသော ရခိုင်ပြည်နယ် အစိုးရဝန်ကြီး ဟောင်း ၅ ဦး အမှုကို ယနေ့ စက်တင်ဘာလ ၈ ရက်တွင် ပထမအကြိမ်အဖြစ် အွန်လိုင်းမှ ရုံးထုတ်ကာ စတင် ကြားနာကြောင်း သိရသည်။
အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသူများမှာ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတွင်း ဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ ဖြစ်သည်။
ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း အမှုအား လိုက်ပါဆောင်ရွက်သူ မင်းထီး Law Firm မှ တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ်မင်းက “ဒီနေ့ ရခိုင်ပြည်နယ် တရားလွှတ်တော်မှာ အွန်လိုင်းကနေ အမှုကို စတင်ကြားနာပါတယ်။ အမှုစစ်ဆေးခြင်းတော့ မရှိသေးဘူး။ သို့သော် တခုရှိတာက ကျနော်တို့က အမှုသည်တွေနဲ့ တွေ့ခွင့် မရသေးဘူး။ တွေ့ဆုံခွင့်မရဘဲ အမှု စစ်ဆေးမယ်ဆိုရင်တော့ ကျနော်တို့ ထုချေ ရှင်းလင်းဖို့အတွက် အခက်အခဲ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ NLD အစိုးရအဖွဲ့၏ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီးများအား စစ်ကောင်စီ တရားစွဲထားသည့် အမှုများကို လိုက်ပါ ဆောင်ရွက်ရာတွင် ကိုဗစ်ကို အကြောင်းပြ၍ ၎င်းတို့နှင့် တွေ့ဆုံခွင့် မပေးသေးခြင်းဖြစ်ကြောင်း၊ အမှုသည် များနှင့် တွေ့ဆုံခွင့်ရရန် စာတင်ထားကြောင်းလည်း ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ စစ်တွေ တပ်နယ်ထဲတွင် အချုပ်ခံထားရပြီး ဝန်ကြီး ဟောင်း ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်တို့မှာ စစ်တွေ အကျဉ်းထောင်တွင် အချုပ်ခံထားရ ကြောင်း သိရသည်။
အဆိုပါ ဝန်ကြီးဟောင်းများ အမှုကို လာမည့် စက်တင်ဘာလ ၂၁ ရက်၊ ၂၂ ရက်တို့တွင် ရခိုင်ပြည်နယ် တရားလွှတ် တော်မှ ရုံးချိန်း ပေးလိုက်ကြောင်းလည်း သိရသည်။
အဆိုပါ ဝန်ကြီးဟောင်းများကို စစ်ကောင်စီက အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် စစ်တွေမြို့မ ရဲစခန်း၌ အမှုဖွင့်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သြဂုတ်လ ၁၂ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့ သည်။
အဆိုပါ အဂတိဖြင့် အမှုဖွင့်ခံရသည့် ဝန်ကြီးများတွင် ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ဦးမင်းအောင်တို့မှာ အာဏာသိမ်း ခဲ့သည့် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံကို ဇူလိုင်လ ကုန်ပိုင်းတွင် ရန်ကုန်မြို့၌ ဖမ်းဆီးခဲ့ကာ၊ ဦးကျော်လွင်ကိုမူ သြဂုတ်လ ၁၂ ရက်က ၎င်းနေထိုင်ရာ ရမ်းဗြဲမြို့ပေါ်၌ ဖမ်း ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
NLD ပါတီဝင်များ ဖြစ်ကြသည့် ဦးညီပုမှာ အာဏာသိမ်းမှု နောက်ပိုင်းကတည်းက နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် လည်းကောင်း၊ ဦးမင်းအောင်မှာ ငြိမ်း/စုစီ ပုဒ်မအပြင် အရေးပေါ် သဘာဝဘေးအန္တရာယ် စီမံခန့် ခွဲမှု ဥပဒေဖြင့်လည်း အမှုဖွင့်ခံရကာ တောင်ကုတ်မြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသည်။
အဆိုပါ ဝန်ကြီးများ တာဝန်ယူခဲ့စဉ်က ဂွမြို့နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံးကြား သောင်ထွန်းလျက်ရှိသော သောင်ပေါ်တွင် တန်ဖိုးနည်း မြေကွက်ဖော်ဆောင်ရာ၌ ညွှန်ကြားချက်ပါ တင်ဒါ စည်းမျဉ်းစည်ကမ်းနှင့် မညီဘဲ ဆက်စပ်ကုမ္ပဏီတခုကို စာချုပ်ချုပ်ကာ လုပ်ငန်းဆောင်ရွက်စေခြင်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် မညီဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ ကုမ္ပဏီကို ငွေကြေးများ ပေးဆောင်ခြင်း စသည့်အချက်များဖြင့် အဂတိမှုနှင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
ထို့အတူ နေပြည်တော်တွင် စစ်ဆေးလျက်ရှိသည့် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တို့၏ ရုံးချိန်းများကို ကိုဗစ်ရောဂါ ကူးစက်မှု အကြောင်းပြချက်ဖြင့် ယာယီရပ်ဆိုင်းထားရသည်မှာ ရက် သတ္တပတ် ၆ ပတ် ကြာမြင့်လာပြီဖြစ်၍ တွေ့ဆုံခွင့်ရရှိရန် သက်ဆိုင်ရာသို့ လျှောက်ထားလျက်ရှိကြောင်း အမှုတွင် လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများက ပြောဆိုကြသည်။
You may also like these stories:
ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ၄ ဦးကို စစ်တွေထောင်သို့ ပို့
ရခိုင်ဝန်ကြီးချုပ် ဦးညီပုအမှု စွဲချက်တင်သင့်မသင့် ဇူလိုင်လတွင် အမိန့်ချမည်
ဦးဝီရသူအား အမှုရုတ်သိမ်းကာ လွှတ်ပေး
သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် တွေ့ ဆုံခွင့် ရရှိရေး ရှေ့နေအဖွဲ့ ကြိုးပမ်းနေ