သတင်း

မြောင်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၂ ဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ (စက်တင်ဘာ ၈ ရက်) နံနက် ၁၀ နာရီခန့်က မြောင်မြို့နယ်ရှိ မြစ်ဆုံကျေးရွာတွင် ၁ ကြိမ်၊ နေ့လယ် ၃ နာရီခန့် က အဆိုပါရွာ၌ပင် ၁ ကြိမ်နှင့် ကျောက်ရစ်ရွာအနီးတွင် ၁ ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မြစ်ဆုံကျေးရွာသို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ကာ ထိုးစစ်ဆင်လာခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း PDF အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “သူတို့က ပေါက်ချောင်းရွာမှာ တပ်စွဲထားပြီးတော့ မနက်ခင်းမှာ ကျနော်တို့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ် တယ်။ အတင်းဝင်လာတယ် ကျနော်တို့ဘက်ကို အတင်းဝင်လာပြီး ထိုးစစ်ဆင်လာတယ်။ သူတို့ဘက်က ထိုးစစ်ဆင်လာ လို့ တိုက်ပွဲဖြစ်တာ” ဟု ပြောဆိုသည်။

မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ လုံခြုံရေးကင်းလှည့်နေစဉ် (ဓာတ်ပုံ-CJ)

ထိုသို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်သည် မြစ်ဆုံရွာထိပ်ရှိ ကုန်းမြင့်ပေါ်မှ နေရာယူကာ ရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ထပ်မံပြုလုပ်လာသည့်အတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ ဆုတ်ခွာ ခဲ့ရကြောင်း သိရသည်။

“ကျနော်တို့ဘက်ကို စပြီး ထိုးစစ်ဆင်တဲ့အတွက် ကျနော်တို့က ပြန်လည်ခုခံရင်းနဲ့ နောက်ပိုင်း လက်နက်ကြီးတွေနဲ့ ထုတဲ့ အတွက် ပြန်လည် ဆုတ်ခွာလာခဲ့တယ်။ ၄ လ အပစ်ရပ်မယ် ဘာညာဆိုပြီး အာဆီယံကို ပြောပေမယ့် မြေပြင်မှာကျတော့ သူတို့ဘက်က စပြီးတော့ ထိုးစစ်ဆင်တယ်။ လက်နက်ကြီးတွေ သုံးတယ်။ ရွာထဲတွေအထိ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ သူတို့ ကိုယ်တိုင်က ပြည်သူတွေကို သတ်နေတယ်” ဟု မြောင်မြို့နယ် PDF အဖွဲ့ဝင်တဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်များ သည် မြစ်ဆုံရွာနှင့် ရွှေလှံရွာအတွင်း အဖွဲ့နှစ်ဖွဲ့ခွဲကာ တပ်စွဲထားကြောင်း သိရသည်။

ထို့နောက် ညနေ ၃ နာရီခန့်တွင် မြစ်ဆုံရွာတွင် တိုက်ပွဲ နောက် ၁ ကြိမ်ထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ပြီး မြစ်ဆုံရွာ တိုက်ပွဲအတွင်း ၉ ဦး သေဆုံးခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် မြောင်မြို့မှ ထွက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀ ခန့်ရှိသောအဖွဲ့နှင့် PDF အဖွဲ့တို့ကြား ၁ နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ပြီးနောက် ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး ခဲ့ကြောင်း PDF တပ်ဖွဲ့ဝင် တဦးက ပြောသည်။

မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ လုံခြုံရေးကင်းလှည့်နေစဉ် (ဓာတ်ပုံ-CJ)

ထို့ပြင် နဘက်စံပြကျေးရွာတွင် ရှိသော ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် မြောင်မြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ 27 Revolution Force (မြင်းခြံ)၊ နှလုံးလှ လူမိုက်ကြီးများအဖွဲ့၊ PDF-Taloke စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့ကလည်း မြောင်မြို့နယ်အတွင်းရှိ PDF စခန်းတခုကို စစ်ကောင်စီက လက်နက်ကြီး များဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ထားသည်။

စက်တင်ဘာ ၇ ရက်နေ့မှ စတင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်အာဏာရှင် တိုက်ဖျက်ရေးအတွက် ခုခံတော်လှန်စစ် စတင်သည့်နေ့အဖြစ် ကြေညာလိုက်ပြီဖြစ်ရာ စစ်ကောင်စီ အနေဖြင့် ပြည်သူများအပေါ် ပိုမို ဦးတည် တိုက်ခိုက်လာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက သတိပေး ပြောဆိုထား သည်။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက ပြည်သူများအား လူသားဒိုင်း ပြုလုပ်ခြင်း၊ ထိုးစစ်ဆင် သည့် နေရာများရှိ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူနေအိမ် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း စသည် ဖြင့် စစ်ကောင်စီဘက်မှ ပိုမို ပြုလုပ်နိုင်သည်ဟု သုံးသပ်ပြောဆိုသည်။

မြောင်မြို့နယ်တွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းတက်လာသည့် ကျေးရွာများမှ ဒေသခံအချို့ကို ဖမ်းဆီးခေါ်ဆောင် ကာ လူသားဒိုင်းပြုလုပ်ခြင်း၊ လမ်းပြအဖြစ် ခေါ်ဆောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တရွာဝင်တရွာထွက် ရှာဖွေစီးနင်းမှုများ ပြုလုပ်နေသည့်အတွက် ချောင်း ဇင်း၊ ပေါက်ချောင်း၊ ရသစ်၊ မြစ်ဆုံ၊ ရွှေလှံ စသည့် ရွာပေါင်း ၁၀ ရွာခန့်ရှိ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေ ရကြောင်း သိရသည်။

You may also like these stories:

မြောင်မြို့နယ်ရှိ ချောင်းဇင်းရွာကို စစ်တပ် ပစ်ခတ် စီးနင်းပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီး

၄ လ အပစ်ရပ်ရန် ASEAN အထူးသံတမန်တောင်းဆို

စစ်ကောင်စီနှင့် ပူးပေါင်းသူများအား တိုက်ခိုက်မည်ဟု တမူး PDF သတိပေး

စစ်ကောင်စီ ပစ်သတ်လိုက်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွင် ၄ နှစ်အရွယ် ကလေးငယ်ကျန်ခဲ့

Did you find apk for android? You can find new Free Android Games and apps.
Loading