အမှုအခင်းများ ဖြစ်ပါက ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/ AA) ထံတွင် မတိုင်ကြားဖို့ ကျောက်တော်မြို့နယ်အတွင်းရှိ မွတ်ဆလင် ကျေးရွာလူကြီးများကို စစ်တပ်က ခေါ်ယူကာ သတိပေးထားကြောင်း ကျေးရွာသားများက ပြောသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း မွတ်ဆလင်ရွာများ ဖြစ်ကြသည့် ပိုက်သည်ရွာ၊ ပေါက်တော ပလောင်ရွာ၊ ဂုပ္ပီထောင့်ရွာ၊ ရွှေလိုင်ရွာ၊ ပေါက်တော (တောင်ဦး) ရွာတို့ စသည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများကို စက်တင် ဘာလ ၆ ရက်က ကျောက်တော်အခြေစိုက် ခမရ ၃၇၅ တပ်ရင်းသို့ ခေါ်ယူပြီး ထိုသို့ သတိပေးခြင်းဖြစ် ကြောင်း ရွာလူကြီးတဦးက ပြောသည်။
၎င်းက “ကျနော်တို့ကို ပြောတာက အမှုတွေ ဖြစ်ရင် AA ကို မတိုင်ဖို့ပြောတယ်။ သက်ဆိုင်ရာ ရဲစခန်းတို့ ထွေ/ အုပ်ရုံး တွေမှာ တိုင်လို့ ပြောတယ်။ အဲဒီ ဌာနတွေက မဖြေရှင်းနိုင်ဘူးဆိုရင် သူတို့ (စစ်တပ်) ကို လာတိုင်၊ လုံခြုံရေးလည်း သူတို့ ယူပေးမယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ မွတ်လင်ကျေးရွာလူကြီးများကို စစ်တပ်က ခေါ်ယူပြီး ပြောဆိုရာတွင် ခမရ ၃၇၅ တပ်ရင်းမှ တပ်ရင်းမှူး အပါ အဝင် ကျောက်တော်အခြေစိုက် စကခ ၉ မှ အရာရှိများ ပါဝင်ပြီး ULA / AA သည် တရားဝင် အစိုးရအဖွဲ့ မဟုတ် သည့်အတွက် အမှုအခင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မတိုင်ကြားရန် စစ်တပ်က မှာကြားကြောင်းလည်း ၎င်းက ပြောဆိုသည်။
ရက္ခိုင့်စစ်တပ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ၂၀၂၁ ခုနှစ် ဆန်းပ်ိုင်း ကလည်း ဥပဒေပညာကို သိကျွမ်းနားလည်သည့် ပုဂ္ဂိုလ်များကို ခေါ်ယူပြီး ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းလည်း ပြီးခဲ့သော သြဂုတ်လ ၁၅ ရက်က အမေရိကန် အခြေစိုက် အာရက္ခမီဒီယာနှင့်အင်တာဗျူးတွင် ပြောဆိုထားသည်။
ထိုသို့ ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများကို ကိုင်တွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မွတ်ဆလင် ကျေးရွာသားများကိုပါ ၎င်းတို့၏ အုပ်ချုပ်ရေးတွင် ထည့်သွင်း ပါဝင်လာစေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
ကျောက်တော်မြို့နယ်အတွင်းက မွတ်ဆလင်ကျေးရွာသားများကတော့ ကျေးရွာအတွင်း ဖြစ်ပေါ်သည့် အမှု အခင်းများနှင့် ပတ်သက်ပြီး လက်ရှိအခြေအနေတွင် သက်ဆိုင်ရာ ရဲစခန်းမှ တာဝန်ယူဖြေရှင်းပေးမှု မရှိသဖြင့် ကျေးရွာအတွင်းရှိ ရပ်လူကြီးများနှင့် တိုင်ပင်ကာ အမှုအခင်းများကို ဖြေရှင်းပေးနေရကြောင်း ပြောသည်။
ရက္ခိုင့်စစ်တပ် AA နှင့်စစ်တပ်တို့သည် ရခိုင်ပြည်နယ်အတွင်း ၃ နှစ်နီးပါး တိုက်ခိုက်ခဲ့ကြပြီး ပြီးခဲ့သော ၂၀၂၀ အောက်တိုဘာလအတွင်း နှစ်ဖက် တိုက်ပွဲများကို ရပ်တန့်ခဲ့ကြသည်။
ထိုသို့ တိုက်ပွဲများ ရပ်တန့်ထားသည့် နောက်ပိုင်းကတည်းက AA သည် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် နိုင်ငံရေးမှူးများကို ခန့်အပ်ပြီး အုပ်ချုပ်ရေးကို တစိုတ်မတ်မတ် ထူထောင်ခဲ့သလို လက်ရှိအချိန် ပြည်သူ့တရား စီရင်ရေး အခန်းကဏ္ဍကိုပါ တွင်ကျယ်စွာ ကျင့်သုံးကိုင်တွယ်လာခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
တင်းမရွာသား ၁၈ ဦးအမှု အမြန်ဆုံးဖြေရှင်းပေးရန် မိသားစုဝင်များ တောင်းဆို