မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် ဒေသတွင်းနှင့် နိုင်ငံတကာတို့သည် နှေးကွေးလေးလံလွန်းသောကြောင့် “ပြည်သူ့ခုခံရေး စစ်ပွဲ”ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က နှိုးဆော်ခဲ့ရခြင်း ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဧရာဝတီသို့ ပြောဆိုသည်။
ယင်းသို့ ပြောကြားချက်သည် အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်ရန် NUG ၏ ထုတ်ပြန် ကြေညာချက်အပေါ် မြန်မာနိုင်ငံအခြေစိုက် အနောက်နိုင်ငံ သံတမန်အချို့က လိုလားမှု မရှိကြောင်း ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းအပေါ် ဧရာဝတီက ဒေါ်ဇင်မာအောင်ကို မေးမြန်းရာတွင် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီမှာ နိုင်ငံတကာရဲ့ intervention က ဘယ်လောက်အထိ နှေးသလဲဆိုရင် အာဆီယံ envoy ခန့်ဖို့တောင် လေးလလောက်ကြတယ်။ ဒီ လေးလ အတွင်းမှာ လူ သေဆုံးမှု ဖမ်းဆီးထိန်းသိမ်းခံရမှုတွေက ရာဂဏန်းကနေ ထောင်ဂဏန်းအထိ တက်လာတာပဲ အဖတ်တင်ပြီးတော့ အခုချိန်ထိ special envoy ကို မြန်မာပြည် လာဖို့တောင် စစ်ကောင်စီကို ဖိအားပေးနိုင်တဲ့ အနေအထား ရှိမနေဘူး” ဟု ဒေါ်ဇင်မာအောင် ပြောသည်။
NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၁ စက်တင်ဘာ ၇ ရက်မှ စတင်၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ သတ်မှတ်ကြောင်း ကြေညာပြီး အာဏာသိမ်း စစ်ကောင်စီကို မြန်မာတပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန် တွန်းလှန်တိုက်ဖျက်ကြရန် ပြောကြားခဲ့သည်။
ဒေါ်ဇင်မာအောင်က “ဒါက ဘာကို ပြလဲဆိုရင် ကျမတို့ စောင့်စားခဲ့ရတဲ့ ပြည်သူလူထုတွေဟာ နိုင်ငံတကာက ယူတဲ့ action တွေအပေါ်မှာ စိတ်ပျက်လက်ပျက် ဖြစ်ရာကနေပြီးတော့ ပေါ်ပေါ်လာတဲ့ အရွေ့တခု တုံ့ပြန်မှုတခုလို့ပဲ ကျမတို့က ပြောချင်ပါတယ်” ဟု သဘောထားမှတ်ချက်ပေးသည်။
မကြာသေးမီကမှ မြန်မာနိုင်ငံကို ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Pete Vowles က UK အစိုးရသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေး ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်မှုကို ထောက်ခံ ကြောင်း စက်တင်ဘာ ၇ ရက် ညနေပိုင်း၌ ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။
ထို့ပြင် တွေ့ဆုံဆွေးနွေးခြင်းကိုသာ တိုက်တွန်းပြီး နောက်ထပ် ပဋိပက္ခများသည် ထိခိုက်လွယ်သူများ၊ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတို့အပေါ် ထိခိုက်နစ် နာစေကြောင်း ၎င်းက သတိပေး ပြောဆိုထားသည်။
အမေရိကန် နိုင်ငံခြားရေးဌာနကလည်း မြန်မာနိုင်ငံ အကျပ်အတည်းကို အကြမ်းဖက်နည်းဖြင့် ဖြေရှင်းခြင်းအား အမေရိကန်က လက်မခံဘဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရန် တိုက်တွန်းကြောင်း RFA သတင်းဌာနကို ဖြေကြားသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေ ဆိုးရွားနေသဖြင့် လူသားချင်းစာနာမှု အကူအညီများ တန်းတူ ညီမျှပြီး ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ ပေးနိုင်ရေးအတွက် တည်ငြိမ်သည့် ပတ်ဝန်းကျင် လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုသည်။
စက်တင်ဘာလလယ်ခန့် စောစီးစွာ ရောက်ရှိနိုင်မည်ဟု မျှော်လင့်ထားသော လူသားချင်းစာနာမှု အကူအညီ ပထမအသုတ် ချောမွေ့စွာ ပေးနိုင်ရေး မြန်မာနိုင်ငံ ပဋိပက္ခမှ ဘက်အားလုံး အပစ်အခတ်ရပ်စဲရန် မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန် အာရီဝန်ယူဆွတ်ကလည်း တောင်းဆိုထားသေးသည်။
ကမ္ဘာတဝှမ်း ပဋိပက္ခများကို စောင့်ကြည့်လေ့လာနေသည့် International Crisis Group (ICG) ၏ အကြံပေး Richard Horsey က NUG ၏ ကြေညာချက်သည် လူမှုကွန်ရက်ပေါ်တွင် အခိုင်အမာ ထောက်ခံမှု ရနေသော်လည်း ၎င်းကို ထောက်ခံသည့် နိုင်ငံအချို့၏ မလိုလားကြောင်းပြသမှုအား ရရှိစေနိုင်ကြောင်း သုံးသပ်သည်။
ထို့ပြင် စစ်လက်နက် ပစ္စည်းကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော မြန်မာစစ်တပ်ကို ခုခံဆန့်ကျင်ရေး အင်အားစု များက ထိထိရောက်ရောက် တိုက်နိုင်သည့် စွမ်းရည်ရှိမရှိ ဆိုသည်ကလည်း ရှင်းရှင်းလင်းလင်း မရှိဟု Reuters သတင်းတပုဒ်တွင် ဆိုသည်။
အချို့သော နိုင်ငံရေးလေ့လာသူများက အကြမ်းဖက်နည်းလမ်းကို မထောက်ခံကြောင်း ကြေညာသည့် အမေရိကန်နှင့် ဗြိတိန်၏ သဘောထားသည် စက်တင်ဘာ ၁၄ ရက်တွင် ကုလမသဂ္ဂ အထွေထွေညီလာခံ ကိုယ်စားလှယ်စိစစ်ရေး ကော်မတီက ဆုံးဖြတ်မည့် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးနေရာအတွက် သက်ရောက်မှု တစုံတရာ ရှိနိုင်ကြောင်း စိုးရိမ်သည်လည်း ရှိသည်။
လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် အမေရိကန်နိုင်ငံရှိ မြန်မာသံရုံးမှ တတိယ အတွင်းဝန် ဦးကျော်စွာထွန်းကမူ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၏ သဘောထားများသည် သံခင်းတမန်ခင်းအရ ပြည်တွင်းစစ်ကို အားမပေးကြောင်း ပြချင်သည့် သဘောသာဖြစ်ပြီး NUG အပေါ် ထောက်ခံမှု လျော့ကျမည်ဟု မထင်ကြောင်း ပြောဆိုသည်။
“ပထမ အချက်ကတော့ နိုင်ငံတနိုင်ငံ ပြည်တွင်းစစ် ဖြစ်စေရန် တွန်းအားပေးခြင်း မပြုလုပ်ပါလို့ ဟစ်ကြွေးပြချင်တာပါ။ ဒုတိယ အချက်ကတော့ NUG က ပြည်သူ့တော်လှန်ရေး စပြီ။ စစ်ကောင်စီဘက်ကို နောက်ဆုတ်ဖို့ သွယ်ဝိုက် သတိပေးတယ်လို့ သုံးသပ်မိပါတယ်။ အခု ထုတ်ပြန်ချက်က ပြည်တွင်းစစ် ဖြစ်တော့မယ့် နိုင်ငံတွေနဲ့ ပတ်သက်လာရင် ပြောနေကြစကားလို့ပဲ ပြောရမှာပါ” ဟု ၎င်းက မှတ်ချက်ပြုသည်။
ယခု တော်လှန်ရေးသည် တရားနည်းလမ်းကျသော တရားမျှတသော တော်လှန်ရေး ဖြစ်ကြောင်း၊ ရေရှည်ငြိမ်း ချမ်းသော နိုင်ငံတော် တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် တော်လှန်ရေး ဖြစ်ကြောင်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ထားသည်။
ထို့အတွက် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးက နားလည်ပေးကြလိမ့်မည်ဟုလည်း ယုံကြည်ကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၇ လကျော်လာပြီ ဖြစ်သော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများက ဆက်ရှိနေသလို စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကြား တိုက်ပွဲများကလည်း အရှိန်မြင့်လာနေပြီး ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများတွင်လည်း ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။
You may also like these stories:
၄ လ အပစ်ရပ်ရန် ASEAN အထူးသံတမန်တောင်းဆို
NUG က အသုံးစရိတ် ဒေါ်လာသန်း ၇၀၀ ဖြင့် စစ်ကောင်စီကို စိန်ခေါ်
လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်